တိမ်ဖုံးပါလို့ လမသာ

Friday, November 28, 2008

ကြမ်းတမ်းဘ၀ထဲက အတွေးရိုင်းများကြောင့် ပြောရမလား ကြမ္မာမုန်တိုင်းဒဏ်ကြောင့် လှိုင်းထန်ခဲ့တယ်လို့ပဲဆိုရမလား၊ ယိုးမယ်ဖွဲ့လို့ကုန်မှာမဟုတ်ပါဖူး၊ လူ့လောကထဲကို မျက်ရည်လမ်းခင်းပြီး ၀င်လာပြီဆိုက တည်းက မပြောကလောက်တဲ့ အဆင်ပြေမှုအနည်းငယ်ကလွဲလို့ ဘ၀တလျှောက်လုံးမှာ ခရောင်းတောထဲ ကိုတိုးဝင်ဖြတ်သန်းခဲ့ရတာ များပါတယ်၊ အဆင်မပြေမှုတွေဟာ ဘ၀ရဲ့ထာဝရအဖေါ်မွန်ပါ၊စိတ်ရဲ့ဖိစီးမှု ဒဏ်တွေကြောင့် အသက်ငယ်ငယ်နဲ့နုပျိုတဲ့အရွယ်ပိုင်ဆိုင်မှုကို စွန့်လွှတ်ခဲ့ရတယ်၊

နုံချာစုတ်ပြတ်တဲ့ဘ၀မှာလောကဓံကို အံကြိတ်ရင်ဆိုင်လို့ ကြုံတွေ့ခဲ့ရတဲ့ခါးသီးမှု ရလာဒ်တွေကိုနေ့စဉ်စား နေရတဲ့ ထမင်းကြမ်းခဲနဲ့ငပိရည်က သက်သေခံတယ်၊ တခါတရံဆန်ပြုတ်နဲ့ထမင်းရည်ကဝေဒနာဖြေဆေး တွေ ထမင်းတလုပ်ရေတမှုတ်စားသောက်ရဖို့အရေးကို မျက်ကန်းတယောက်လို လျှောက်လှမ်းနေချိန်မှာပဲ နိုင်ငံရေးပြောင်းလဲမှုနဲ့ တိုင်းပြည်စီးပွားရေးချွတ်ခြုံကျမှုကြောင့် နေဆယ်ဆင်းအောက်က လောင်မြိုက်ခံဘ ၀ဟာ အရှင်လတ်လတ် ငရဲအိုးထဲကျသွားသလို အလူးလူးအလဲလဲ ခံစားခဲ့ရပြန်တယ်၊

ကျုပ်နဲ့ထပ်တူပါပဲ ၊အခြေခံအောက်ခြေလူတန်းစားတွေရဲ့ဘ၀ပေါင်းများစွာဟာလူရယ်လို့ဖြစ်လာကတည်က လူ့ဂုဏ်သိက္ခာနဲ့ညီညွတ်တဲ့ရှိပြီးသားအခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရတယ်၊ နေလောင်ခံနှလုံးသားတွေရဲ့ဘ ၀ဟာစမ်းရေအေးတာနဲ့န်းတွေမွှေးတာကို ခံစားခွင့်မရသလို လေပြေလာတာနဲ့လသာတာကိုလည်း မရင်းနှီး ခဲ့ကြဖူး၊ဥတုပြောင်းလဲခြင်းရသတွေနဲ့ အချိန်ရဲ့ဆည်းဆာခင်းလှလှတွေကို ငေးကြည့်ခံစားဖို့မပြောနဲ့စိတ် ကူးယဉ် တွေးလို့မရအောင် ဘ၀ဒဏ်ခတ်ခဲ့တယ်၊ အပမ်းဖြေအနားယူတယ်ဆိုတာကလည်း ကျုပ်တို့နဲ့မ ဆိုင်သလိုပဲခွဲခြားခြင်း ကွဲပြားခြင်းရဲ့ကမ္ဘာတဖက်ကို ရောက်နေလေရဲ့။

ဆင်းရဲမွဲတေမှုဟာ ကျုပ်တို့ရဲ့ဖွားဖက်တော်ဆိုရင်လည်းမမှားပါဖူး၊ မနက်နေ့ညအချိန်နဲ့ အမျှကြိုးစားလုပ် ကိုင်ပေမဲ့ လုပ်အားနဲ့မမျှတတဲ့ လုပ်အားခ၀င်ငွေလေးဟာ ကုန်ဈေးနှုံးကြီးမြင့်မှု အရှိန်အ၀ါအောက်မှာ အမြဲ တမ်းသိမ်ငယ်နေခဲ့ရတယ်လေ၊မိသးစုစားဝတ်နေရေးမပြောနဲ့ ရှာဖွေသူတဦးတယောက်အနေနဲ့တောင် လောက်ငှဖို့အနိုင်နိုင်၊လူတွေပြောပြောနေတဲ့ အသက်ရှင်နေထိုင်ခွင့်တို့ လူမှုဘ၀ဖူလှုံခွင့်တို့ပစ္စည်းဥစ္စာပိုင် ဆိုင်ခွင့်တို့ဆိုတာက ကျုပ်တို့လိုလူတန်းစားတွေကို ကျောခိုင်းနေလေရဲ့၊ ဒါပေမယ့် ကျုပ်တို့မှာရေရာတဲ့ မျှော်လင့်ချက်တခုတော့ရှိတယ်၊

ကြုံတုန်းပြောရဦးမယ် ကျုပ်တို့မြန်မာပြည်မှာ နိုင်ငံရေးအရအမြတ်ထုတ်တဲ့ စကားလုံးအသုံးတခုရှိတယ်၊ ဘာတဲ့တောင်သူလယ်သမားနဲ့ အလုပ်သမားတွေဟာ တိုင်းပြည်ရဲ့အခြေခ့လူတန်းစားနှစ်ရပ်ဖြစ်သတဲ့၊ အရမ်းမှန်တဲ့စကားလုံးပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့အဲဒီသူတွေဟာ တိုင်းပြည်ရဲ့အခြေ(အောက်ခြေ) မှာနေရပြီးအထက်မှာနေတဲ့ရေပေါ်ဆီ လူတန်းစားတွေနဲ့အာဏာရစ်မူး တဏှာရူး အုပ်ချုပ်သူလူတန်းစားအ ဆင့်ဆင့်ရဲ့မတရားလုပ်သမျှခံ ဖိနှိပ်မှုမှန်သမျှကို ခေါင်းငုံ့နေရလို့ပါပဲ၊ ကျေးလက်နေတောင်သူလယ်သမား တွေဟာ လယ်တောယာတောကွင်းပြင်တွေထဲမှာ နေပူမရှောင် မိုးရွာမရှောင်နွားနဲ့ဖက်ပြီးရုန်းကန်လှုပ်ရှား ရင်း နိုင်ငံဝမ်းစာကို ဖြည့်တင်းပေးနေကြပေမဲ့ သူတို့အိမ်ကစပါးကျီနဲ့ ၀မ်းစာပုတ်တွေထဲမှာတော့ စပါးဟောင်းလောင်းဆန်ဟောင်းလောင်း ဒီလိုပဲကုန်ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ဖို့နဲ့ လူသုံးကုန်ပစ္စည်း တိုးတက်ထုပ်လုပ်မှုအတွက် စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားအများစုမှာလည်း ဘ၀ရေစာ ၀န်ထမ်းလစာကို အမှီပြုလို့ ၀တ်စရာမရှိလို့ နေစရာဗလာနတ္ထိ၊ သူတို့မှာရှိတဲ့အားအင်တွေ လုံလ စိုက်မှုတွေ အသက်၊ ချွေး၊ သွေးတွေစတေးပြီး တိုင်းပြည်ကိုပူဇော်ခဲ့ကြပေမဲ့ သူတို့တတွေ ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ အ၀၀နဲ့ ဆင်းရဲကြပ်တည်းမှုပြဿနာတွေ ဖြေရှင်းရာမှာတော့ အစိုးရရဲ့လှစ်လှူရှူ့ခြင်း ရသ ခါးခါး တွေကိုသာရရှိခဲ့တယ်။ အစိုးရအဆက်ဆက် တိုင်းပြည်ကောင်းစားရေးလုပ်ကွက်တွေကြောင့် ကျယ်ပြောတဲ့ လယ်တောမှာ ရယ်မောစရာတွေ ဆိတ်သုဉ်းလို့ ရင်မောစရာတွေပြည့်နက်နေတာ ကြာပါပြီး။ အိမ်ထောင်စု တစ်စုမှာ သားသမီးတွေရဲ့စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားလူမူရေး လိုအပ်ချက်တွေကို ဖြည့်ဆီးဆောင်ရွက်ပေးဖို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ မီဘနှစ်ပါးမှာ အဓိကတာဝန်ရှိသလို သားသမီးတွေရဲ့ သိတတ်မှု ပံ့ပိုးမှု တုံ့ပြန်ကူညီမှုတွေဟားလဲ အရေးကြီးပါတယ်။ ဒါမှသာ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။ နိုင်ငံတစ်နိုင်ငံမှာလည်း ဒီလိုပါပဲ ကျုပ်တို့ တိုင်းသူပြည်သားတွေရဲ့ လူမူဖူလုံရေးဘ၀နဲ့ အခြားသောလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပြည်သူလူထုတွေရဲ့ အသက် အိုအိမ် စည်းဇိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ အဲဒီနိုင်ငံရဲ့ အစိုးရမှာ အပြည့်အ၀တာဝန်ရှိပါတယ်။

မြန်မာပြည်အနေအထားကတော့ ဒီလိုမဟုတ်ပါဘူး။ နိုင်ငံသူနိုင်ငံသားတိုင်းက အမိမြေအတွက် ပျက်ကွက်ခဲ့တာ အမှန်ပါပဲ။ မြန်မာပြည်သူပြည်သားတွေရဲ့ လူမူဘ၀မပြည့်စုံမူတွေကို မျက်ကွယ်ပြုပြီး ထင်ရာဆိုင်းလို့ လူရိုင်းကောင်တွေ ဖြစ်နေကြတယ်လေ။ ပြည်သူအများပိုင်ဆိုင်ခွင့်ရှိတဲ့ မြေပေါ်မြေအောက် သံယံဇာတပစ္စည်းတွေကို မတရားဂုတ်သွေးစုတ် ကိုယ့်အထုတ်ထဲကိုထည့် အများပြည်သူကိုမငဲ့ပဲ လူသတ် လက်နက်အားကိုးနဲ့ ရက်စက်မှုတွေကို ရက်ဆက်ပြီး လုပ်ကြသေးတယ်။ သူတို့ရဲ့မကောင်းမှု လုပ်ရပ်တွေကို ဖုံးဖိ ဟန်ပြလုပ်ဇာတ်တွေနဲ့ ပြည်သူကိုလှည့်စားဖို့ကြိုးစား ဘုရားတည်ကျောင်းဆောက် လမ်းဖောက်တံ တားခင်း တာသမံတွေဆယ်ဖို့ ရှိုးပြအခင်းအကျဉ်းတွေနဲ့ မြန်မာပြည်ကြီး အဖက်ဖက်က တိုးတက်နေပါ တယ်လို့ မိုးလုံးပြည့်မုသာဝါဒတွေသုံးလို့ လိမ်ညာလိုက်တာရွံစရာအတိ၊ကျန်တာတွေတိုးတက်တာ ကျုပ်မမြင်ပါဖူး၊ ကလေးသေဆုံးမှုဦးရေ၊ဆင်းရဲသားကျောမွဲလူတန်းစားတွေတနေ့ထက်တနေ့ တိုးတက်များ ပြားလာမှု ကုန်ဈေးနှုံးအဆမတန်တိုးတက်ကြီးပြင်းလာမှုတွေကိုတော့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်၊ ဆင်သားရေကို ယင်နားရွက်နဲ့ဖုံး မင်းသားခေါင်းပြုတ်ကျလို့ ခွေးဘီလူးရုပ်ကဘွားကနဲပေါ် အရှက်တော်ကွဲ အမြက်တော်စွဲလို့ အသက်လျှော်ကြေးပေးရမှာကိုကြောက် စားခွက်အပျောက်ရိုက်ပွဲ ဆင်နွှဲရတာကလည်း ခဏခဏပါပဲ။

မျိုးမချစ် မျိုးမစစ် ဆိုးညစ်တဲ့လုပ်ရပ်တွေနဲ့ အိမ်တွင်းသူခိုးဖြစ်နေတဲ့ အာဏာရှင်စစ်အစိုးရ လက်အောက်က မြန်မာပြည်ဟာ ဘယ်သူ့အားကိုးနဲ့ဆင်းရဲတွင်းနက်နေသလဲဆိုတာ စဉ်းစားလို့မရတော့ပါဖူး၊ ကျန်းမာရေးမ ကောင်းလို့ဆေးရုံမသွားနဲ့လေ သေဖို့က(၉၀)ရာခိုင်နှုံးကျိန်းသေတယ်၊စစ်တပ်ဆေးရုံကလွဲလို့ တပြည်လုံး မှာအခြားကျန်တဲ့ဆေးရုံတွေ အားလုံး ကုဖို့ဆေးလုံးဝမရှိဖူး၊စာမတတ်လို့ကျေင်းမသွားလေနဲ့၊ မူလတန်း ကျောင်းသားတဦးရဲ့ကျောင်းဝင်ကြေးစာအုပ်ဖိုးဘာကြေးညာကြေးတွေကရွှေဈေးထက်ကိုကြီးနေသေးတယ်ဲ့တယ်၊သင်ပေးတဲ့စာတွေကိုလည်းကြည့်ဦး၊ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့ ကျွန်ပညာရေးစနစ်ကို အကွက်ကျကျ အကောင်အထည်ဖေါ်နေကြတယ်၊ ဒါကြောင့်မို့ပညာရေးလေ့လာသူတချို့က မြန်မာပြည်စာ သင်ကျောင်းတွေက ကျောင်းနဲ့မတူပဲ လူသားစက်ရုပ်တွေကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံတွေနဲ့တူတယ်လို့ ပြောနေကြတာပေါ့ မြန်မာပြည်ရဲ့ဘက်စုံအခင်းအကျင်းတွေကို ဘယ်ရှုထောင့်ဘယ်ပုံစံနဲ့ပဲကြည့်ကြည့် အားရစရာ စိတ်ချမ်းသာစရာဆိုလို့ လုံးစမရှိဖူး။

သူခိုး၊ဓါးပြ၊မုဒိန်းကောင်လူသတ်သမား၊သာသနာဖျက်ကောင်တွေရဲ့ မတရားဗိုလ်ကျ စိုးမိုးအနိုင်ကျင့် နှိမ့် စက်မှုအောက်က ပြည်သူတွေရဲ့ဘ၀ဟာ တောက်ခေါက်အံကြိတ် လက်ညှိုးထောင် ခေါင်းညိတ်ရုံကလွဲလို့ အသဲမှာနာစရာမကျန်အောင် ဆယ်ခါပြန်သဒ္ဒါလန်ခဲ့တာလည်း နှစ်ပေါင်းလေးဆယ်ကျော်ပါပြီ၊ကျုပ်တို့တိုင်း မှာလူစိတ်မရှိတဲ့စစ်ဘီလူးတွေကသာသူတို့စိတ်တိုင်းကျကြိုးဆွဲနေကြတာမဟုတ်လား၊ကျုပ်လည်းသူတို့ကြိုးဆွဲရာကရမဲ့အစားကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရနိုင်မယ်ထင်တဲ့တပါးတိုင်းပြည်ရဲ့လရိပ်မှာ ခိုဝင်ဖို့ကြိုးစားရင်း အမိမြေကိုယာ ယီစွန့်ခွာခဲ့ရတယ်လေ၊

အားမတန် မာန်လျော့

ဖျော့တော့ နှလုံးသားမှာ

ဒဏ်ရာတွေ ပြည့်နှက်

ရက်စက်မှုတွေနဲ့ ကင်းဝေးရာ

ရေကြည်ရာ မြက်နုရာ

ဖွေရှာလို့ ထွက်ခဲ့

တပြည်တရွာရဲ့ ရင်ခွင်

ညင်သာစွာ ခိုဝင်နား

မျှော်လင့်ချက် များစွာဖြင့်။


မင်းထက်မိုး

0 Comments: