Friday, November 21, 2008
အမေ……….
အထင်ကြီးအမြင်ကြီးခဲ့တဲ့.
နိုင်ငံကြီးမှာပေါ့.
ရေဆန်ကစီး လှိုင်းကကြီးနဲ့
နေ့ညမရှောင် မိုးမှောင်မှောင်မှာ
ပင်လယ်တံငါလှေကြီးနဲ့ ငါးဖမ်းထွက်ရတာရင်မောစရာပါ။
အခုတော့….အမေ
အထင်ကြီး အမြင်ကြီးသားရဲ့စိတ်တွေ
ဘယ်ပေါက်လို့ဘယ်ရောက်ကုန်ပြီလဲ မသိတော့ပါဘူး။
နေပူမရှောင် မိုးရွာမရှောင်နဲ့
သေအောင်လုပ်ရ သူ့ကျွန်ဘ၀မို့
ပြုသမျှ နုနေရတယ်အမေ။
အမေ….
ရခဲလှတဲ့ လူ့ဘဝ
ရောက်ခဲလှတဲ့ တိုင်းတပါးမှာ
စားရတာက ရေလုံပြုတ်
လုပ်ရတာက မိုးချုပ်နေ၀င်
ရင်နာစရာ ထွေပြား
ဒါလားအမေ နိုင်ငံခြား။
မြင်တွေ့ရတာက ရေနဲ့ငါးမို့
စိတ်အားကငယ် မျက်ရည်နဲ့ပင်လယ်
တကယ်ဆို ပင်လယ်ထဲကငိုသံတွေ
အမေကြားရင် ရင်ကွဲမှာပါ
ဒါ့ကြောင့်မို့
တိတ်တဆိတ်ပဲ ငိုပါရစေအမေ။
အမေ….
လက်ဝေခံ လှေသားဘ၀မှာ
မရပ်မနားလုပ်ရတာက ဓမ္မတာပါ
သေရင် ငါးမန်းစာ
ရှင်နေရင်လည်း သခင်အတွက်မို့
ကမ်းမမြင် လမ်းမမြင်တဲ့ ပင်လယ်ပြာထဲမှာ
ကယ်ပါကူပါ အသံကုန်အော်လည်း
ကယ်သူမရှိ ကျနော်ဘ၀က နတ္ထိပါအမေ။
လွှမ်းမိုးနိုင်(ဓည၀တီ)
0 Comments:
Post a Comment