Sunday, January 18, 2009
ကျနော်ရဲ့အရင်းနှီးဆုံးသော ချစ်သူမိတ်ဆွေလေးက မြန်မာပြည်ထဲကနေပို့ပေးလိုက်တာပါ၊ နှစ်သက်လွန်းလို့ ဘလော့ဒ်ပေါ်တင်လိုက်
ပါတယ်၊ ခံစားကြည့်ကြပါ။
တီဗွီအသံလွှင့် ဌာနတစ်ခုမှာ ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ တစ်ခါက
တီဗွီအစီအစဉ် တစ်ခုအတွက် နီပေါလ် နိုင်ငံကို ကျွန်တော်ရောက်ခဲ့တယ်။
တီဗွီရိုက်မယ့် နေရာက အမြင့်ပေ ၁၅၀၀ကျော်ရှိတဲ့ တောင်ထိပ်က
ရွာလေးတရွာမှာပါ။ အဲဒီရွာမှာ ရေမီး မရှိတဲ့အပြင် ကားတက်ဖို့
လမ်းတောင်မရှိပါဘူး။ ရွာခံလူ (၁၅) ယောက်လောက် ခေါ်ပြီး လိုအပ်တဲ့
ပစ္စည်းတွေကို သယ်ခိုင်းခဲ့ကြရတယ်။
ကွေ့ကောက် မတ်စောက်တဲ့ တောင်တက်လှမ်းတစ်လျောက် တီဗွီရိုက်ခဲ့ကြရတယ်။
လူတိုင်းက မောပမ်း နွမ်းနယ်နေပါပြီ။ လမ်းခုလပ်မှာ စမ်းချောင်းတစ်ခု
တွေ့တော့ ကြည်လင်အေးမြပြီး တစ်သွင်သွင်စီးနေတဲ့ ရေကိုကြည့်ပြီး လူတိုင်းက
"ဒီရေထဲ ဘီယာဇိမ်သောက်ရရင် သိပ်ကောင်းမှာပဲ"လို့ အငမ်းမရ ပြောကြတယ်။
ဒီလောက်ခေါင်တဲ့တောထဲ ဘီယာဘယ်မှာ ရနိုင်မလဲ..? တောင်ခြေက +++ မှာ
တောင်ပေါ်ကို စမတက်ခင် အားလုံးက ဈေးကြီးတဲ့ ၀ီစကီပဲသယ်ပြီး ဘီယာတွေကို
ထားခဲ့ကြမယ် တိုင်ပင်လို့ လူတွေက ၀ီစကီပဲသယ်ခဲ့ကြတယ်။
စကားပြန်ရဲ့ အကူအညီကြောင့် ရွာထဲက ချီတော်လိလို့ အမည်ရတဲ့ လူငယ်တဦးက +++
မှာ သူ ဘီယာသွားဝယ်ပေးနိုင်ကြောင်း ပြောပါတယ်။ သူ့စကားကြားတော့
လူတွေကပျော်ကြတယ်။ ဒါပေမယ့် လမ်းခရီးကဝေးတော့ ၀ယ်ခိုင်းဖို့အတွက်
ဆုံးဖြတ်ရခက်နေကြတယ်။ လူငယ်က "ကိစ္စမရှိဘူး။ ကျွန်တော်လမ်းလျောက်တာ
မြန်တယ်။ မိုးမချုပ်ခင် ကျွန်တော် အရောက်ပြန်လာနိုင်တယ်"လို့
ပြောပြန်တယ်။
ချီတော်လိဟာ ပိုက်ဆံအချို့နဲ့ အိတ်တစ်အိတ်ယူပြီး တောင်အောက်ကို
ဆင်းသွားတယ်။ တကယ်ပဲ မိုးမချုပ်ခင်မှာ ဘီယာငါးပုလင်းနဲ့ တောင်ပေါ်အရောက်
ပြန်တက်နိုင်ခဲ့တယ်။ လူတွေက သူ့ကို လက်ခုပ်တီးပြီး ကြိုခဲ့ကြတယ်။
နောက်တစ်နေ့မှာ ချီတော်လိက "ခင်ဗျားတို့ ဘီယာသောက်ချင်ကြသေးလား"
လို့မေးပြန်တယ်။ မနေ့ညက မောမောနဲ့သောက်ထားတဲ့ ဘီယာအရသာကို လူတွေက
မမေ့ကြသေးဘူး။ ဒါပေမယ့် သူ့ကို နောက်တစ်ခေါက်သွားဝယ်ဖို့
မခိုင်းရက်ပြန်ဘူး။
ချီတော်လိက " ဒီနေ့ဟာ စနေနေ့.. မနက်ဖြန် တနင်္ဂနွေနေ့ ကျွန်တော်
ကျောင်းတက်စရာမလိုဘူး။ တဒါဇင်လောက် ကျွန်တော် သွားဝယ်ပေးလို့ရတယ်"
တဒါဇင်ဆိုတဲ့ မက်လုံးနဲ့ သူ့ကို ကျွန်တော်တို့ ၀ယ်ခိုင်းလိုက်ပြန်တယ်။
ပိုက်ဆံနဲ့အိတ်ကိုယူပြီး ချီတော်လိဟာ တောင်အောက်ကို ဆင်းသွားပြန်တယ်။
ဒါပေမယ့် အဲဒီညမှာ သူပြန်မလာခဲ့ပါဘူး။ ဘာကြောင့်လဲ.....
ဘာများဖြစ်လို့ပါလိမ့်... လူတွေက တညလုံး သူ့ကို စိတ်ပူခဲ့ကြတယ်။
နောက်နေ့မနက် ရွာကလူတွေဆီမှာ သူ့အကြောင်းကို စုံစမ်းကြည့်တော့
ရွာခံလူတွေက "ခင်ဗျားတို့ သိပ်အတာပဲ။ ဒီလောက်များတဲ့ ငွေကို ရမှတော့
အဲဒီကလေး ဘယ်ပြန်လာတော့မလဲ" လို့ ပြောကြတယ်။ ချီတော်လိရဲ့
မိဘတွေကတောင်ရဲ့ ဟိုဖက်ခြမ်းက ရွာတစ်ရွာမှာနေပြီး သူကဒီရွာမှာ
မိဘနဲ့ခွဲပြီး ကျောင်းလာတက်တယ်လို့ သိရတယ်။ ညရောက်တော့လဲ
သူပြန်မလာပါဘူး။ တနင်္လာနေ့ မနက်ရောက်တော့ လူတွေက သူနေတဲ့ ကျောင်းကို
သွားပြီး ဆရာ့ကို အကျိုးအကြောင်း သွားပြောပြတယ်။ ဆရာက " စိတ်မပူပါနဲ့။
ငွေတွေယူပြီး သူ့မိဘအိမ် ပြန်ပြေးသွားတာဖြစ်မယ်။ အန္တရာယ်တစ်ခုခုနဲ့
ရင်ဆိုင်ရတာတော့ မဖြစ်နိုင်ဘူး" လို့ ပြောတယ်။
ဝယ်ခိုင်းတဲ့ လူတွေက ကလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့စိတ်ကို ပိုက်ဆံနဲ့
မြူဆွယ်မိလို့ နောင်တရကြတယ်။ အဲဒီည လူတွေ အိပ်မောကျနေတဲ့ သန်းခေါင်ယံ
အချိန်မှာ တံခါးခေါက်သံ တိုးတိုးကို လူတွေ ကြားလိုက်ရတယ်။
တံခါးဖွင့်ကြည့်တော့ ချီတော်လိဟာ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်၊
ကိုယ်ပေါ်မှာလဲ ပွန်းပဲ့ဒဏ်ရာအချို့နဲ့ ရွံတွေလူးလို့ တံခါးဝမှာ
ရပ်နေတာကို တွေ့လိုက်ရတယ်။
သူက " +++ မှာ ဘီယာတစ်ပုလင်းပဲ ကျန်လို့ ကျွန်တော်
တောင်(၄)တောင်လောက်ဖြတ်ပြီး တစ်ခြားရွာမှာ သွားဝယ်ခဲ့တယ်။ လမ်းခုလပ်မှာ
မတော်တဆ ချော်လဲလို့ (၃)လုံး ကွဲသွားပါတယ်" ပြောပြီး ကွဲသွားတဲ့
ပုလင်းစတွေနဲ့ လက်ကျန်ငွေကို ကမ်းပေးပါတယ်။ သူ့ကိုယ်သူ အမှား
လုပ်ထားမိတဲ့ ကလေးတစ်ယောက်လို့ ခေါင်းငုံ့ပြီး တနေရာမှာ ရပ်နေခဲ့တယ်။
သူ့ကို ကြည့်ပြီး လူတွေက မျက်ရည်ကျမိကြတယ်။ ကျလာတဲ့ မျက်ရည်တွေထဲမှာ
ချီတော်လိကို ကျေးဇူးတင်တယ်ဆိုတာထက် သူ့ကို အထင်လွဲမိတဲ့ အားနာစိတ်နဲ့
ရှက်ရွံစိတ်တွေက ပို ပိုပါလိမ့်မယ်။
တောတောင်တွေကို ပင်ပင်ပန်းပန်း ဖြတ်ပြီး လူတွေရဲ့ လိုအပ်ချက်နဲ့ ဆန္ဒကို
ဖြည့်ပေးခဲ့တဲ့ သူ့စိတ်ဓာတ်ကို ဘာလို့ သံသယဖြစ်ခဲ့ကြသလဲ......? ဖြူစင်
ရိုးသားတဲ့ သူ့စိတ်ဓာတ်ကို လူတွေက ဘာကြောင့် အထင်လွဲခဲ့ကြသလဲ....?
အပြန်အလှန် ယုံကြည်မှုဆိုတာ လူသားတွေရဲ့ အလှပဆုံး စိတ်ဓာတ်လို့ ကျွန်တော်
ယုံကြည်မိပါတယ်။
0 Comments:
Post a Comment