မြန်မာရေတပ်စစ်သင်္ဘောမှ ပစ်ခတ်၊ထိုင်းရေလုပ်သားတဦးသေဆုံး

Wednesday, December 3, 2008



ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငခရိုင် ခူရဘုရီမြို့နယ်အတွင်းရှိ ဖယ်နန်ယွမ် ကျေးရွာအနီးကျွန်းမဲဟုခေါ် သော ကျွန်းအနီးတွင် ထိုင်းငါးဖမ်းစက်လှေတစ်စီးမြန်မာစစ်သင်္ဘောမှ- ၂၀၀၈-ခုနှစ်နိုဝင်ဘာ(၂၆)ရက်နေ့ နံနက် (၀၅း၃၀) နာရီတွင် ပစ်ခတ်ဖမ်းစီးခြင်းခံရပြီးထိုင်းစက်လှေမောင်းသမားသေဆုံးသွားသည်ဟုသိရသည်။
၂၆၊၁၁၊၂၀၀၈ရက်နေ့တွင်သေဆုံးသွားသောထိုင်းအလောင်းအားပင်လယ်ပြင်အတွင်းမှပြန်လည်ဆယ်ယူရရှိခဲ့သည်၊သေဆုံးသူမှာ အသက်(၇၀)ခန့်ရှိသည့် ထိုင်းအမျိုးသားတစ်ဦးဖြစ်သည်၊ အဆိုပါငါးဖမ်းလှေသည် မီးထွန်းလှေ အမျိုးအစားဖြစ်ပြီ လူနှစ်ဦးသာလိုက်ပါလေ့ရှိသည်၊ တစ်ဦးမှာတက်မကိုင်ပဲနင်းဖြစ်ပြီး ကျန်တစ်ဦးချက်ပြုတ် ခြင်း၊အစစအရာရာဝိုင်းကူရသောသူဖြစ်သည်၊ထိုနေရာတွင်မြန်မာများလုပ်ကိုင် လေ့ရှိသည်ဟုသိရသည်။
အဖမ်းခံရသောစက်လှေတွင်ပါသွားသည့် မြန်မာလှေသမားမှပြောပြသည်မှာ “ကျနော်တို့ကျွန်းမဲနားမှာ ရှိတဲ့ထိုင်း နိုင်ငံပိုင်ရေမှာပဲ မီးထွန်းပြီးပြီလှေကြီးလည်းပိုက်ဝိုင်းပြီးလို့ကျနော်တို့ လှေကမ်းပြန်ဖို့ထွက် တာ ပဲနင်းက မျက်စိ မှုံတယ်နဲ့တူတယ် မောင်းတာကထိုင်းဘက်ကိုမမာင်းပဲ မြန်မာဘက်ကိုမောင်း သွားတယ်မိနစ်နှစ်ဆယ် လောက် ပဲကြာတယ် ဖောက်ဖောက်နဲ့အသံတွေကြားရ တော့တာပဲ” ဟုပြောပြ သည်။
“ကျနော်ကလှေကြီးကတော့ဗျောက်အိုးဖောက်တယ်မှတ်လို့စိတ်ထဲမှာထင်တာဘယ်ဟုတ် မလဲ သင်္ဘော တစ် စီးကသေနတ်နဲ့ပစ်တာတစ်ဖြည်းဖြည်းနီလာတော့သင်္ဘောကတောတော်ကြီးတယ် စစ်သင်္ဘောဗျ ပဲနင်းလည်း အဲဒီတော့မှထိုင်းရေဘက်ကိုစက်ကုန်ဖွင့်ပြီးမောင်းပြေတာ(၁၅)မိနစ် လောက်ကြာတော့ထိုင်းရေထဲကိုပြန် ရောက်တယ်မြန်မာစစ်သင်္ဘောကလည်း ဒေါက်လျောက်လိုက်ပစ် တာ ကျနော်လဲကြောက်လို့ ပုန်းနေတာ ခေါင်းတောင်မဖေါ်ရဲဘူး”ဟုဆက်လက်ပြောပြသည်။
“ထိုင်းနိင်ငံပိုင်ရေထဲပြန်ရောက်တော့ စက်ရှိန်ကလျော့သွားတယ်မိုးလည်းလင်းနေပြီ ကျနော်ပဲ့နင်းကိုသွားကြည့် တော့ပဲနင်းတပ်မကိုင်တဲ့နေရာမှာတင်ခွေပြီးလဲနေပြီခေါ်လို့လည်းမရတော့ဘူး နောက်မှာလည်းစစ်သင်္ဘော က နီးလာပြီးကျနော်လဲရေသန့်ဘူးကိုဆွဲရေထဲကိုခုန်ချတော့တာပဲ ရေထဲရောက်တော့မှရေဘူထဲရေအပြည့်ဖြည့် ပြီး ရေငုတ်နေတာသူတို့ရှာကြသေးတယ်မတွေ့တော့မှ သင်္ဘောကိုဆွဲပြီးပြန်ထွက်သွားတာ” ဟုဆက်လက်ပြော ပြ သည်။
အဆိုပါလှေသားအားထိုင်းသူဌေးနှင့်ထိုင်းရဲများကစစ်ဆေး၍ပြန်လွတ်လိုက်ပြီး ၂ရက်ဒီဇင်ဘာလ၂၀၀၈တွင် အခင်းဖြစ်ပွားသောနေရာသို့လိုက်လံပြသရမည်ဟုသိရသည်။၂
ထိုင်းငါးဖမ်းလှေကြီးတွင်လိုက်သော မြန်မာတစ်ဦးမှလည်း“ကျနော်တို့လှေပိုက်ဝိုင်းလိုပြီးတော့သေနတ်သံတွေစ ကြားရတာပဲ ကျနော်တို့လှေလည်းဘာမှန်းမသိပဲမောင်းပြေးတာနောက်တော့ ငါးဆရာကပြောတယ်မီးထွန်းလှေ နံပါတ်(၅)ကို မြန်မာစစ်သင်္ဘောဖမ်းသွားလို့တဲ့ အဲဒါနဲ့ကမ်းကိုပြန်မောင်းလာတယ်”ဟုပြောပြသည်။
မီးထွန်းလှေနံပါတ်(၁)တွင်လုပ်ကိုင်နေသောမြန်မာတစ်ဦးမှလည်း“မနက်(၀၇း၀၀)နာရီလောက်မှာ ကျနော်တို့ လှေမောင်းနေရင်နဲ့ ဆန်းတုံးမှာလူတစ်ယောက်ပင်လယ်ထဲတွေ့တယ် ကျနော်တို့သွားဆယ်တော့မီး ထွန်းလှေ နံပါတ်(၅)မှာ လိုက်နေတဲ့သူဖြစ်နေတယ်ကျနော်တို့လည်းဆယ်ပြီးကမ်းပြန်ဝင်လာတယ်”ဟုပြောပြသည်။
ထိုင်းမြန်မာနယ်စပ်ရနောင်းခရိုင်တွင်လည်းအထက်ပါအဖြစ်အပျက်များမကြားခဏဖြစ်ပွားလေ့ရှိသည်ုသိရသည်

ဦးမင်းရောင်ဘွဲ့လေးချိုး

Monday, December 1, 2008

မြို့လုလင်သာတဲ့ကျွန်းဆီသို့….တို့သခင်စာဖွဲ့လို့ညွန်းလိုက်တဲ့
ကေသာရယ်….ဒါနဲ့လွမ်းကြပေတော့ကွာ။
သြော်မြို့ကြီးသူရယ်လို့….တို့ထီးနေသမျှပေပ
ရွှေလရောင်ဘွဲ့သတင်းရယ်နှင့်….ဦးမင်းရောင်ဗိုလ်ဝင်ခံလို့မို့
ဟိုအရင်ယမန်စစ်အင်ကျင်းတယ်ကွယ်….ခင်းတဲ့ဗျူဟာ။
မြတ်လောကီသဘာဝတွင်ဖြင့်….ဓါတ်ကောလီခါမရတာမို့
မြန်မာများဘုန်းသမ္ဘာ....အိုရှုံးရမှာပေါ့ကံတမျိုး။
မန်းအပျက်မှာ....စန်းလက်မသာမယာဖို့
ရန်သူရန်သူဟူ၍....မမှတ်တဲ့အပြင်
တရှောင်ရှောင်ပုန်းကာအတွင်းသိတဲ့....မင်းအမိဖမ်းချင်ကြတဲ့အပြင်ဗမာ့ ဗမာချင်းတောင်မှ....အတင်းရန်မူလို့ ကိုယ့်တပ်ကိုယ်ပြန်လို့....နင်းကြတဲ့
ဖျင်းလှတဲ့....ကမြင်းမအကောင်ဗိုလ်တချို့ရယ်က
ကိုယ့်ဘို့အတွက်....ရုန်းရော့မလို့
တောင်ကုန်းသာသာယာယာ....မြင်းမဏိစခန်းဆီက
ဗရမ်းဗတာတော်ရာရော်ရာပြေးကြတော့....အရေးရှင်မကြံသာသနှင့်
ကံကြမ္မာရှေးဝဋ်ကြွေးပေထင့်....လေးတိုင်စင် ရွာအတွင်းတွင်ဖြင့်
အင်္ဂလိပ်တွေကို….အတင်းကြိတ်မလေလို့စမ်းခဲ့တဲ့
(သြော်)တဖောင်ဖောင်သတင်းတွေနဲ့….တပြောပြောင်လင်းခဲ့တဲ့
တောတွင်းကသခင်ကိုအောင်ကြွင်း….မရခင်ဖမ်းတဲ့ပြင်
အကြမ်းဗတမ်းမလုပ်ကောင်းသော်လဲ….ဦးခေါင်းဖြတ်ကာအသေသတ်ကြသတဲ့
မကျေနပ်ရှာသူချောင်တပဲ့ဘန်းတို့ရဲ့….ပြေရဋ္ဌိမှာတဘောင်နဲ့လွမ်းရပါတော့
(အမယ်မင်း)တောင်သမန်းမြို့….နေလနှစ်ဆောင်အညှိုးတွင်ဖြင့်
ပြေမြန်မာ့ဘောင်မစိုးရရှာတဲ့.
(သြော်)အခေါင်မမြန်းအမှောင်သန်းသမို့….အောင်ပန်းညှို့ခဲ့ရတဲ့
အောင်ဆန်းတို့….ရွှေလရောင်အဖိုး။
၁၉၂၇..ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးဖွဲ့သောလေးချိုးဖြစ်သည်။

မြန်မာများနဲ့- HIV-AIDS

Sunday, November 30, 2008


ကျနော်ကျန်းမာရေးပညာပေး[ Health Educator]ယောက်အနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်တွင် ကျနော်နေ့စဉ်ထိတွေ့နေရသော မြန်မာပြည်က အကြောင်းအမျိုးမျိုးကြာင့် ရောက်ရှိလာကြသောမြန်မာရွှေ့ ပြောင်းအလုပ်သမားများရဲ့ကျန်းမာရေးနှင့်ပတ်သက်သည့် အနာဂတ်မြန်မာနိုင်ငံအတွက် အလွန်အရေးကြီး သောကိစ္စတခုအဖြစ် အမျိုးသားရေးတာဝန်တရပ်အနေဖြင့် ရှုမြင်မိသောကြောင့် ကျနော်နေ့စဉ်ကြုံတွေ့နေရ ထိတွေ့နေရ မြင်တွေ့နေရသည့် ကျနော်တို့မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးမှာအ အလွန်တရာပင် စိုးရိမ်ကြောင့်ကြမှုဖြစ်မိပါသည်။
ကျနော်ချစ်သော ကျနော်နိုင်ငံသားများနှင့်ထိတွေ့ဆက်ဆံနေထိုင်ရသည်ကို စိတ်ထဲတွင်အတိုင်းအဆမဲ့ ကျနော် ကျေနပ်မိပါသည်၊ အခြားတဖက်တွင်လည်း ကျနော်တို့မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးနှင့် သက်ဆိုင်သော အခြေခံကျန်းမရေးပြုစုစောင့်ရှောက်မှုပေးနေသည့် ကျနော်လက်ရှိအလုပ် လုပ်နေသောနယ် စည်းမထားဆရာဝန်များအဖွဲ့[msf-medecins sans frontieres-Belgiun]အားမြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးတင်ရှိပါသည်။
စားဝတ်နေရေးအဆင်မပြေမှု ၊လူနေမှုအဆင်အဆင့်အတန်းနိမ့်ကျမှု၊နယ်စပ်ဒေသအနီးတ၀ိုက်ကျေးရွာများ ကို မြန်မာစစ်တပ်က လက်နက်အားကိုးပြီးအတင်းအဓမ္မပြောင်းရွှေ့ခိုင်းမှု အဓမ္မလုပ်အားပေးခိုင်းစေမှု၊မိကောင်း ဖခင်သမီးပျိုများကို မုဒိမ်းကျင့်မှု၊စသည့်လူသားမဆန်သောလုပ်ရပ်များကြောင့် မိမိတို့ဘ၀လုံခြုံရေးနှင့် မိသားစု တွင်းကြုံတွေ့နေရသော စားဝတ်နေရေးပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် တိုင်းတပါးသို့တရားမ၀င်တဲ့နည်း လမ်းနဲ့ခိုးဝင် ထိုင်းနိုင်ငံသားတွေမလုပ်တဲ့ အောက်ခြေသိမ်းအလုပ်တွေကို သမုဒ္ဒရာဝမ်းတစ်ထွာအတွက်ရုန်း ကန်ကြရရှာတယ်၊ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တဲ့အတွက် လုပ်အားခက ရတချက်မရတချက်၊ အလုပ်ရှင်ကလုပ်အားခမပေးလည်း ပြန်ပြောလို့မရ၊ လျှာရှည်လို့ပြန်ပြောမိလို့ကတော့ ပင်လယ်ရေလုပ်သား တွေဆိုရင် ငါးမန်းစာ၊ ရော်ဘာခြံအလုပ်သမားဆိုရင် သေနတ်မဟုတ်ရင်ဓါး၊ ဆောက်လုပ်ရေးလုပ်သားဆိုရင် အလုပ်ပြီးခါနီးလုပ်အားခမရှင်းပဲ ပုလိပ်နဲ့ဖမ်းခိုင်း၊ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ပြန်တော့လည်းထိုင်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဂရုစိုက်မှုကို ပြည့်ပြည့်၀၀မရရှိကြ၊ ဖျားနာလို့ပုလိပ်ရန်ကိုကြောက်ပြီး ဆေးရုံမသွား ရဲတာကြောင့် မသေသင့်ပဲသေသွားရရှာတဲ့ ကျနော်တို့မြန်မာနိုင်ငံသားတွေကလည်းဒုနဲ့ဒေး၊ဒါတွေအားလုံးဟာ ကျနော်နေ့စဉ်မြင်တွေ့နေရတဲ့ ကျနော်တိုင်းရင်းသားညီအကိုတွေ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရင်ဆိုင်ကြုံတွေ့နေ ရတဲ့ ပြဿနာ၊ဒါတွေအားလုံးရဲ့အဓိကတရားခံကတော့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားကို ဖူလုံအောင်မထား တိုင်းတပါးကို များများထွက်သွားကြလေ ကောင်းလေဆိုတဲ့ သူခိုးဂျပိုးစစ်အာဏာရှင်လူတစုရဲ့ တိုင်းသူပြည် သားတွေပေါ်မှာထားရှိတဲ့ စေတနာအမှန်တွေလေ။
ကျနော်ကျန်းမာရေးပညာပေးလုပ်ငန်းများကို လုပ်ပါတယ်၊ အခြားတဖက်မှလည်း နယ်တကာလှည့်ပြီး မြန်မာ ဆရာဝန်နှစ်ဦးနဲ့အတူ [mobile clinic] ကျန်းမာရေးစောင့်ရှောက်မှုတွေပေးပါတယ်၊ လူနာအရေးကြီးလျှင်ကြီး သလို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပြီး ကုန်ကျစားရိတ်အားလုံးကို ကျနော်တို့နယ်စည်းမထား ဆရာဝန်များအဖွဲ့ မှကုန်ကျစားရိတ်တွေအားလုံးကို စိုက်ထုတ်ပေးပါတယ်၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်မှာ တရားမ၀င်မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကိုးသောင်းနီးပါးရှိပါတယ်၊နိုဝင်ဘာလကျနော်တို့နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ နှစ်ချုပ် မြန်မာရွှေ့ပြောင်းအလုပ်သမားများအားလုံးရဲ့ ကျန်းမာရေးစစ်တမ်းတွေအားလုံးကို ပြန်စစ်ကြည့်လိုက် တဲ့အခါမှာ လေးရာခိုင်နှုံးဟာ-HIV-AIDS-ရောဂါပိုးကူးစက်ခံနေရတာကိုတွေ့ရှိရပါတယ် ၊ဒါဟာတကယ့် ကို ကြောက်ခမန်းလိလိကူးစက်မှု နှုံးထားပါ၊သူတို့တတွေရဲ့မိသားစုဝင်တွေကိုပါ တဦးချင်းစီ သွေးခေါ်ပြီးစစ်ကြည့် လိုက်မယ်ဆိုရင် ဒီရောဂါပိုးကူးစက်မှုနှုံးထား ပိုမြင့်လာမှာမလွဲပါဖူး၊နေရာတခုမှာ အတည်တကျမရှိတဲ့ မြန်မာရွှေ့ ပြောင်းလုပ်သမားများ ဟာအလုပ်အဆင်ပြေရာနေရကြိုပြောင်းရွှေ့နေထိုင်ခြင်းကြောင့် ရောဂါပျံ့နှုံးထားဟာ အနာဂတ်မှာ မြန်မာနိုင်ငံကြီးကို ခြိမ်းခြောက်လို့နေတယ်၊ စစ်အစိုးရရဲ့တာဝန်မဲ့မှုတွေ ကြောင့် မြန်မာနိုင်ငံမှာ ဒီရောဂါကူးစက်မှုဟာ တစထက်တစကြီးထွားလာမှာ မုချမလွဲအမှန်ဧကန် ဖြစ်သည်၊ မြန်မာနိုင်ငံသားတွေရဲ့အဖြစ်က့ စပါးစိုက်တော့မိုးကခေါင် ခိုးစားပြန်တော့လည်း ခွေးကဟောင် ဆိုသလိုပါပဲလား၊ ခုလောလောဆယ်တော့ HIV ရောဂါပိုးကူးစက်ခံနေရသူ မြန်မာနိုင်ငံသား ဝေဒနာရှင်များအားနယ်စည်းမထားဆရာဝန်များအဖွဲ့မှ လိုအပ်သည့် -HIV-ဗိုင်းရပ်ပိုးရပ်တန့်ဆေးများကို မြန်မာ နိုင်ငံသားဝန်ထမ်းများခန့်အပ်ကာ နေ့စဉ်ပုံမှန်ဂရုစိုက်တိုက်ကျွေးလျှက်ရှိသည်၊
အကယ်၍နယ်စည်းမထားဆရာဝန်များအဖွဲ့အနေဖြင့် ပရောဂျက်ကုန်ဆုံးပြီး ဖန်ငါခရိုင်မှ အခြားဒေသသစ် တခုစီဆီသို့ပြောင်းရွှေ့ခဲ့သည်ရှိသော် ဝေဒနာရှင်များအတွက်လိုအပ်နေသော ဆေးဝါးများကို မည်သည့်အဖွဲ့ အစည်းမှ တာဝန်ယူမည်ဆိုသည်ကို ကျနော်အနေနှင့် အဖြေရှာမရဖြစ်နေသည်မှာ အမှန်ပင်၊တီဘီရောပါပြန့်ပွား မှုမှာလည်း မြန်မာနိုင်ငံသားများအတွကသူ် အလွန်ကိုကြောက်စရာပင်၊ကျနော်နိုင်တဲ့ဖက်က ကျနော်လူမျိုးများ ရဲ့လိုအပ်နေတဲ့ကျန်းမာရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားမည်၊ ခုနှစ်ရက်သားသမီး များကျန်းမာချမ်းသာကြပါစေ
ခွပ်ဒေါင်းနီ

တိမ်ဖုံးပါလို့ လမသာ

Friday, November 28, 2008

ကြမ်းတမ်းဘ၀ထဲက အတွေးရိုင်းများကြောင့် ပြောရမလား ကြမ္မာမုန်တိုင်းဒဏ်ကြောင့် လှိုင်းထန်ခဲ့တယ်လို့ပဲဆိုရမလား၊ ယိုးမယ်ဖွဲ့လို့ကုန်မှာမဟုတ်ပါဖူး၊ လူ့လောကထဲကို မျက်ရည်လမ်းခင်းပြီး ၀င်လာပြီဆိုက တည်းက မပြောကလောက်တဲ့ အဆင်ပြေမှုအနည်းငယ်ကလွဲလို့ ဘ၀တလျှောက်လုံးမှာ ခရောင်းတောထဲ ကိုတိုးဝင်ဖြတ်သန်းခဲ့ရတာ များပါတယ်၊ အဆင်မပြေမှုတွေဟာ ဘ၀ရဲ့ထာဝရအဖေါ်မွန်ပါ၊စိတ်ရဲ့ဖိစီးမှု ဒဏ်တွေကြောင့် အသက်ငယ်ငယ်နဲ့နုပျိုတဲ့အရွယ်ပိုင်ဆိုင်မှုကို စွန့်လွှတ်ခဲ့ရတယ်၊

နုံချာစုတ်ပြတ်တဲ့ဘ၀မှာလောကဓံကို အံကြိတ်ရင်ဆိုင်လို့ ကြုံတွေ့ခဲ့ရတဲ့ခါးသီးမှု ရလာဒ်တွေကိုနေ့စဉ်စား နေရတဲ့ ထမင်းကြမ်းခဲနဲ့ငပိရည်က သက်သေခံတယ်၊ တခါတရံဆန်ပြုတ်နဲ့ထမင်းရည်ကဝေဒနာဖြေဆေး တွေ ထမင်းတလုပ်ရေတမှုတ်စားသောက်ရဖို့အရေးကို မျက်ကန်းတယောက်လို လျှောက်လှမ်းနေချိန်မှာပဲ နိုင်ငံရေးပြောင်းလဲမှုနဲ့ တိုင်းပြည်စီးပွားရေးချွတ်ခြုံကျမှုကြောင့် နေဆယ်ဆင်းအောက်က လောင်မြိုက်ခံဘ ၀ဟာ အရှင်လတ်လတ် ငရဲအိုးထဲကျသွားသလို အလူးလူးအလဲလဲ ခံစားခဲ့ရပြန်တယ်၊

ကျုပ်နဲ့ထပ်တူပါပဲ ၊အခြေခံအောက်ခြေလူတန်းစားတွေရဲ့ဘ၀ပေါင်းများစွာဟာလူရယ်လို့ဖြစ်လာကတည်က လူ့ဂုဏ်သိက္ခာနဲ့ညီညွတ်တဲ့ရှိပြီးသားအခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရတယ်၊ နေလောင်ခံနှလုံးသားတွေရဲ့ဘ ၀ဟာစမ်းရေအေးတာနဲ့န်းတွေမွှေးတာကို ခံစားခွင့်မရသလို လေပြေလာတာနဲ့လသာတာကိုလည်း မရင်းနှီး ခဲ့ကြဖူး၊ဥတုပြောင်းလဲခြင်းရသတွေနဲ့ အချိန်ရဲ့ဆည်းဆာခင်းလှလှတွေကို ငေးကြည့်ခံစားဖို့မပြောနဲ့စိတ် ကူးယဉ် တွေးလို့မရအောင် ဘ၀ဒဏ်ခတ်ခဲ့တယ်၊ အပမ်းဖြေအနားယူတယ်ဆိုတာကလည်း ကျုပ်တို့နဲ့မ ဆိုင်သလိုပဲခွဲခြားခြင်း ကွဲပြားခြင်းရဲ့ကမ္ဘာတဖက်ကို ရောက်နေလေရဲ့။

ဆင်းရဲမွဲတေမှုဟာ ကျုပ်တို့ရဲ့ဖွားဖက်တော်ဆိုရင်လည်းမမှားပါဖူး၊ မနက်နေ့ညအချိန်နဲ့ အမျှကြိုးစားလုပ် ကိုင်ပေမဲ့ လုပ်အားနဲ့မမျှတတဲ့ လုပ်အားခ၀င်ငွေလေးဟာ ကုန်ဈေးနှုံးကြီးမြင့်မှု အရှိန်အ၀ါအောက်မှာ အမြဲ တမ်းသိမ်ငယ်နေခဲ့ရတယ်လေ၊မိသးစုစားဝတ်နေရေးမပြောနဲ့ ရှာဖွေသူတဦးတယောက်အနေနဲ့တောင် လောက်ငှဖို့အနိုင်နိုင်၊လူတွေပြောပြောနေတဲ့ အသက်ရှင်နေထိုင်ခွင့်တို့ လူမှုဘ၀ဖူလှုံခွင့်တို့ပစ္စည်းဥစ္စာပိုင် ဆိုင်ခွင့်တို့ဆိုတာက ကျုပ်တို့လိုလူတန်းစားတွေကို ကျောခိုင်းနေလေရဲ့၊ ဒါပေမယ့် ကျုပ်တို့မှာရေရာတဲ့ မျှော်လင့်ချက်တခုတော့ရှိတယ်၊

ကြုံတုန်းပြောရဦးမယ် ကျုပ်တို့မြန်မာပြည်မှာ နိုင်ငံရေးအရအမြတ်ထုတ်တဲ့ စကားလုံးအသုံးတခုရှိတယ်၊ ဘာတဲ့တောင်သူလယ်သမားနဲ့ အလုပ်သမားတွေဟာ တိုင်းပြည်ရဲ့အခြေခ့လူတန်းစားနှစ်ရပ်ဖြစ်သတဲ့၊ အရမ်းမှန်တဲ့စကားလုံးပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့အဲဒီသူတွေဟာ တိုင်းပြည်ရဲ့အခြေ(အောက်ခြေ) မှာနေရပြီးအထက်မှာနေတဲ့ရေပေါ်ဆီ လူတန်းစားတွေနဲ့အာဏာရစ်မူး တဏှာရူး အုပ်ချုပ်သူလူတန်းစားအ ဆင့်ဆင့်ရဲ့မတရားလုပ်သမျှခံ ဖိနှိပ်မှုမှန်သမျှကို ခေါင်းငုံ့နေရလို့ပါပဲ၊ ကျေးလက်နေတောင်သူလယ်သမား တွေဟာ လယ်တောယာတောကွင်းပြင်တွေထဲမှာ နေပူမရှောင် မိုးရွာမရှောင်နွားနဲ့ဖက်ပြီးရုန်းကန်လှုပ်ရှား ရင်း နိုင်ငံဝမ်းစာကို ဖြည့်တင်းပေးနေကြပေမဲ့ သူတို့အိမ်ကစပါးကျီနဲ့ ၀မ်းစာပုတ်တွေထဲမှာတော့ စပါးဟောင်းလောင်းဆန်ဟောင်းလောင်း ဒီလိုပဲကုန်ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ဖို့နဲ့ လူသုံးကုန်ပစ္စည်း တိုးတက်ထုပ်လုပ်မှုအတွက် စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားအများစုမှာလည်း ဘ၀ရေစာ ၀န်ထမ်းလစာကို အမှီပြုလို့ ၀တ်စရာမရှိလို့ နေစရာဗလာနတ္ထိ၊ သူတို့မှာရှိတဲ့အားအင်တွေ လုံလ စိုက်မှုတွေ အသက်၊ ချွေး၊ သွေးတွေစတေးပြီး တိုင်းပြည်ကိုပူဇော်ခဲ့ကြပေမဲ့ သူတို့တတွေ ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ အ၀၀နဲ့ ဆင်းရဲကြပ်တည်းမှုပြဿနာတွေ ဖြေရှင်းရာမှာတော့ အစိုးရရဲ့လှစ်လှူရှူ့ခြင်း ရသ ခါးခါး တွေကိုသာရရှိခဲ့တယ်။ အစိုးရအဆက်ဆက် တိုင်းပြည်ကောင်းစားရေးလုပ်ကွက်တွေကြောင့် ကျယ်ပြောတဲ့ လယ်တောမှာ ရယ်မောစရာတွေ ဆိတ်သုဉ်းလို့ ရင်မောစရာတွေပြည့်နက်နေတာ ကြာပါပြီး။ အိမ်ထောင်စု တစ်စုမှာ သားသမီးတွေရဲ့စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားလူမူရေး လိုအပ်ချက်တွေကို ဖြည့်ဆီးဆောင်ရွက်ပေးဖို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ မီဘနှစ်ပါးမှာ အဓိကတာဝန်ရှိသလို သားသမီးတွေရဲ့ သိတတ်မှု ပံ့ပိုးမှု တုံ့ပြန်ကူညီမှုတွေဟားလဲ အရေးကြီးပါတယ်။ ဒါမှသာ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။ နိုင်ငံတစ်နိုင်ငံမှာလည်း ဒီလိုပါပဲ ကျုပ်တို့ တိုင်းသူပြည်သားတွေရဲ့ လူမူဖူလုံရေးဘ၀နဲ့ အခြားသောလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပြည်သူလူထုတွေရဲ့ အသက် အိုအိမ် စည်းဇိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ အဲဒီနိုင်ငံရဲ့ အစိုးရမှာ အပြည့်အ၀တာဝန်ရှိပါတယ်။

မြန်မာပြည်အနေအထားကတော့ ဒီလိုမဟုတ်ပါဘူး။ နိုင်ငံသူနိုင်ငံသားတိုင်းက အမိမြေအတွက် ပျက်ကွက်ခဲ့တာ အမှန်ပါပဲ။ မြန်မာပြည်သူပြည်သားတွေရဲ့ လူမူဘ၀မပြည့်စုံမူတွေကို မျက်ကွယ်ပြုပြီး ထင်ရာဆိုင်းလို့ လူရိုင်းကောင်တွေ ဖြစ်နေကြတယ်လေ။ ပြည်သူအများပိုင်ဆိုင်ခွင့်ရှိတဲ့ မြေပေါ်မြေအောက် သံယံဇာတပစ္စည်းတွေကို မတရားဂုတ်သွေးစုတ် ကိုယ့်အထုတ်ထဲကိုထည့် အများပြည်သူကိုမငဲ့ပဲ လူသတ် လက်နက်အားကိုးနဲ့ ရက်စက်မှုတွေကို ရက်ဆက်ပြီး လုပ်ကြသေးတယ်။ သူတို့ရဲ့မကောင်းမှု လုပ်ရပ်တွေကို ဖုံးဖိ ဟန်ပြလုပ်ဇာတ်တွေနဲ့ ပြည်သူကိုလှည့်စားဖို့ကြိုးစား ဘုရားတည်ကျောင်းဆောက် လမ်းဖောက်တံ တားခင်း တာသမံတွေဆယ်ဖို့ ရှိုးပြအခင်းအကျဉ်းတွေနဲ့ မြန်မာပြည်ကြီး အဖက်ဖက်က တိုးတက်နေပါ တယ်လို့ မိုးလုံးပြည့်မုသာဝါဒတွေသုံးလို့ လိမ်ညာလိုက်တာရွံစရာအတိ၊ကျန်တာတွေတိုးတက်တာ ကျုပ်မမြင်ပါဖူး၊ ကလေးသေဆုံးမှုဦးရေ၊ဆင်းရဲသားကျောမွဲလူတန်းစားတွေတနေ့ထက်တနေ့ တိုးတက်များ ပြားလာမှု ကုန်ဈေးနှုံးအဆမတန်တိုးတက်ကြီးပြင်းလာမှုတွေကိုတော့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်၊ ဆင်သားရေကို ယင်နားရွက်နဲ့ဖုံး မင်းသားခေါင်းပြုတ်ကျလို့ ခွေးဘီလူးရုပ်ကဘွားကနဲပေါ် အရှက်တော်ကွဲ အမြက်တော်စွဲလို့ အသက်လျှော်ကြေးပေးရမှာကိုကြောက် စားခွက်အပျောက်ရိုက်ပွဲ ဆင်နွှဲရတာကလည်း ခဏခဏပါပဲ။

မျိုးမချစ် မျိုးမစစ် ဆိုးညစ်တဲ့လုပ်ရပ်တွေနဲ့ အိမ်တွင်းသူခိုးဖြစ်နေတဲ့ အာဏာရှင်စစ်အစိုးရ လက်အောက်က မြန်မာပြည်ဟာ ဘယ်သူ့အားကိုးနဲ့ဆင်းရဲတွင်းနက်နေသလဲဆိုတာ စဉ်းစားလို့မရတော့ပါဖူး၊ ကျန်းမာရေးမ ကောင်းလို့ဆေးရုံမသွားနဲ့လေ သေဖို့က(၉၀)ရာခိုင်နှုံးကျိန်းသေတယ်၊စစ်တပ်ဆေးရုံကလွဲလို့ တပြည်လုံး မှာအခြားကျန်တဲ့ဆေးရုံတွေ အားလုံး ကုဖို့ဆေးလုံးဝမရှိဖူး၊စာမတတ်လို့ကျေင်းမသွားလေနဲ့၊ မူလတန်း ကျောင်းသားတဦးရဲ့ကျောင်းဝင်ကြေးစာအုပ်ဖိုးဘာကြေးညာကြေးတွေကရွှေဈေးထက်ကိုကြီးနေသေးတယ်ဲ့တယ်၊သင်ပေးတဲ့စာတွေကိုလည်းကြည့်ဦး၊ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့ ကျွန်ပညာရေးစနစ်ကို အကွက်ကျကျ အကောင်အထည်ဖေါ်နေကြတယ်၊ ဒါကြောင့်မို့ပညာရေးလေ့လာသူတချို့က မြန်မာပြည်စာ သင်ကျောင်းတွေက ကျောင်းနဲ့မတူပဲ လူသားစက်ရုပ်တွေကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံတွေနဲ့တူတယ်လို့ ပြောနေကြတာပေါ့ မြန်မာပြည်ရဲ့ဘက်စုံအခင်းအကျင်းတွေကို ဘယ်ရှုထောင့်ဘယ်ပုံစံနဲ့ပဲကြည့်ကြည့် အားရစရာ စိတ်ချမ်းသာစရာဆိုလို့ လုံးစမရှိဖူး။

သူခိုး၊ဓါးပြ၊မုဒိန်းကောင်လူသတ်သမား၊သာသနာဖျက်ကောင်တွေရဲ့ မတရားဗိုလ်ကျ စိုးမိုးအနိုင်ကျင့် နှိမ့် စက်မှုအောက်က ပြည်သူတွေရဲ့ဘ၀ဟာ တောက်ခေါက်အံကြိတ် လက်ညှိုးထောင် ခေါင်းညိတ်ရုံကလွဲလို့ အသဲမှာနာစရာမကျန်အောင် ဆယ်ခါပြန်သဒ္ဒါလန်ခဲ့တာလည်း နှစ်ပေါင်းလေးဆယ်ကျော်ပါပြီ၊ကျုပ်တို့တိုင်း မှာလူစိတ်မရှိတဲ့စစ်ဘီလူးတွေကသာသူတို့စိတ်တိုင်းကျကြိုးဆွဲနေကြတာမဟုတ်လား၊ကျုပ်လည်းသူတို့ကြိုးဆွဲရာကရမဲ့အစားကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရနိုင်မယ်ထင်တဲ့တပါးတိုင်းပြည်ရဲ့လရိပ်မှာ ခိုဝင်ဖို့ကြိုးစားရင်း အမိမြေကိုယာ ယီစွန့်ခွာခဲ့ရတယ်လေ၊

အားမတန် မာန်လျော့

ဖျော့တော့ နှလုံးသားမှာ

ဒဏ်ရာတွေ ပြည့်နှက်

ရက်စက်မှုတွေနဲ့ ကင်းဝေးရာ

ရေကြည်ရာ မြက်နုရာ

ဖွေရှာလို့ ထွက်ခဲ့

တပြည်တရွာရဲ့ ရင်ခွင်

ညင်သာစွာ ခိုဝင်နား

မျှော်လင့်ချက် များစွာဖြင့်။


မင်းထက်မိုး

ပင်လယ်ငိုသံ

Friday, November 21, 2008

အမေ……….
အထင်ကြီးအမြင်ကြီးခဲ့တဲ့.
နိုင်ငံကြီးမှာပေါ့.
ရေဆန်ကစီး လှိုင်းကကြီးနဲ့
နေ့ညမရှောင် မိုးမှောင်မှောင်မှာ
ပင်လယ်တံငါလှေကြီးနဲ့ ငါးဖမ်းထွက်ရတာရင်မောစရာပါ။
အခုတော့….အမေ
အထင်ကြီး အမြင်ကြီးသားရဲ့စိတ်တွေ
ဘယ်ပေါက်လို့ဘယ်ရောက်ကုန်ပြီလဲ မသိတော့ပါဘူး။
နေပူမရှောင် မိုးရွာမရှောင်နဲ့
သေအောင်လုပ်ရ သူ့ကျွန်ဘ၀မို့
ပြုသမျှ နုနေရတယ်အမေ။
အမေ….
ရခဲလှတဲ့ လူ့ဘဝ
ရောက်ခဲလှတဲ့ တိုင်းတပါးမှာ
စားရတာက ရေလုံပြုတ်
လုပ်ရတာက မိုးချုပ်နေ၀င်
ရင်နာစရာ ထွေပြား
ဒါလားအမေ နိုင်ငံခြား။
မြင်တွေ့ရတာက ရေနဲ့ငါးမို့
စိတ်အားကငယ် မျက်ရည်နဲ့ပင်လယ်
တကယ်ဆို ပင်လယ်ထဲကငိုသံတွေ
အမေကြားရင် ရင်ကွဲမှာပါ
ဒါ့ကြောင့်မို့
တိတ်တဆိတ်ပဲ ငိုပါရစေအမေ။
အမေ….
လက်ဝေခံ လှေသားဘ၀မှာ
မရပ်မနားလုပ်ရတာက ဓမ္မတာပါ
သေရင် ငါးမန်းစာ
ရှင်နေရင်လည်း သခင်အတွက်မို့
ကမ်းမမြင် လမ်းမမြင်တဲ့ ပင်လယ်ပြာထဲမှာ
ကယ်ပါကူပါ အသံကုန်အော်လည်း
ကယ်သူမရှိ ကျနော်ဘ၀က နတ္ထိပါအမေ။
လွှမ်းမိုးနိုင်(ဓည၀တီ)



မဟာချိုင်မှ အကြွေပန်း

Tuesday, November 18, 2008

တိုင်းပြည်နောက်ခံ ကာကွယ်မရှိသည့်
အရှက်အကြောက်ကြီးသော
ဤမျိုးဤနွယ် မိန်းမငယ်အား
လွန်ကျူးပါက စိုးပူရန်မရှိ
အန္တရာယ်ကင်း၏။

တိုင်းပြည်ခြေနေ ဤမှုပွေကြောင့်
မိဘနှင့်ခွဲ မျက်ရည်ပွဲဖြင့်
ရုန်းကန်လှုပ်ရှား တိုင်းတစ်ပါးဝယ်
အကူအညီမပေး ဒုက္ခပေးသည့်
ရာဂလွန်ကျူး ဤဘီလူးကြောင့်
အလှပန်းပွင့်လေး နွမ်းကြွေခဲ့ရချေပြီ...

လရောင်မဲ့တဲ့ အမှောင်ယံညလည်း
ကြယ်ရောင်ပင်မရှိ နက်သထက်နက်ခဲ့ချေပြီ...

ကဗျာပိုင်ရှင်မှာ တတိယနိုင်ငံတခုတွင် အခြေချနေထိုင်သော မြန်မာအမျိုးသမီးတဦးဖြစ်သည်၊ ထိုင်းနိုင်ငံမဟာချိုင်ဒေသတွင် ထိုင်းလူမျိုးတို့၏စော်ကားမှုကို ခံခဲ့ရသောမြန်မာအမျိုးသမီးငယ် လေးတဦးဘ၀ကို ခံစားတင်ပြထားသော ကဗျာလေးတပုဒ်ဖြစ်ပါသည်။

အတွေးမိတ်ဆွေ

ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့
တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး
ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ
ဖြစ်သွားတတ်ပါတယ်။

ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့်
အတင်းအကြပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ
ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်
ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း
လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး
မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။