တိမ်ဖုံးပါလို့ လမသာ

Friday, November 28, 2008

ကြမ်းတမ်းဘ၀ထဲက အတွေးရိုင်းများကြောင့် ပြောရမလား ကြမ္မာမုန်တိုင်းဒဏ်ကြောင့် လှိုင်းထန်ခဲ့တယ်လို့ပဲဆိုရမလား၊ ယိုးမယ်ဖွဲ့လို့ကုန်မှာမဟုတ်ပါဖူး၊ လူ့လောကထဲကို မျက်ရည်လမ်းခင်းပြီး ၀င်လာပြီဆိုက တည်းက မပြောကလောက်တဲ့ အဆင်ပြေမှုအနည်းငယ်ကလွဲလို့ ဘ၀တလျှောက်လုံးမှာ ခရောင်းတောထဲ ကိုတိုးဝင်ဖြတ်သန်းခဲ့ရတာ များပါတယ်၊ အဆင်မပြေမှုတွေဟာ ဘ၀ရဲ့ထာဝရအဖေါ်မွန်ပါ၊စိတ်ရဲ့ဖိစီးမှု ဒဏ်တွေကြောင့် အသက်ငယ်ငယ်နဲ့နုပျိုတဲ့အရွယ်ပိုင်ဆိုင်မှုကို စွန့်လွှတ်ခဲ့ရတယ်၊

နုံချာစုတ်ပြတ်တဲ့ဘ၀မှာလောကဓံကို အံကြိတ်ရင်ဆိုင်လို့ ကြုံတွေ့ခဲ့ရတဲ့ခါးသီးမှု ရလာဒ်တွေကိုနေ့စဉ်စား နေရတဲ့ ထမင်းကြမ်းခဲနဲ့ငပိရည်က သက်သေခံတယ်၊ တခါတရံဆန်ပြုတ်နဲ့ထမင်းရည်ကဝေဒနာဖြေဆေး တွေ ထမင်းတလုပ်ရေတမှုတ်စားသောက်ရဖို့အရေးကို မျက်ကန်းတယောက်လို လျှောက်လှမ်းနေချိန်မှာပဲ နိုင်ငံရေးပြောင်းလဲမှုနဲ့ တိုင်းပြည်စီးပွားရေးချွတ်ခြုံကျမှုကြောင့် နေဆယ်ဆင်းအောက်က လောင်မြိုက်ခံဘ ၀ဟာ အရှင်လတ်လတ် ငရဲအိုးထဲကျသွားသလို အလူးလူးအလဲလဲ ခံစားခဲ့ရပြန်တယ်၊

ကျုပ်နဲ့ထပ်တူပါပဲ ၊အခြေခံအောက်ခြေလူတန်းစားတွေရဲ့ဘ၀ပေါင်းများစွာဟာလူရယ်လို့ဖြစ်လာကတည်က လူ့ဂုဏ်သိက္ခာနဲ့ညီညွတ်တဲ့ရှိပြီးသားအခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရတယ်၊ နေလောင်ခံနှလုံးသားတွေရဲ့ဘ ၀ဟာစမ်းရေအေးတာနဲ့န်းတွေမွှေးတာကို ခံစားခွင့်မရသလို လေပြေလာတာနဲ့လသာတာကိုလည်း မရင်းနှီး ခဲ့ကြဖူး၊ဥတုပြောင်းလဲခြင်းရသတွေနဲ့ အချိန်ရဲ့ဆည်းဆာခင်းလှလှတွေကို ငေးကြည့်ခံစားဖို့မပြောနဲ့စိတ် ကူးယဉ် တွေးလို့မရအောင် ဘ၀ဒဏ်ခတ်ခဲ့တယ်၊ အပမ်းဖြေအနားယူတယ်ဆိုတာကလည်း ကျုပ်တို့နဲ့မ ဆိုင်သလိုပဲခွဲခြားခြင်း ကွဲပြားခြင်းရဲ့ကမ္ဘာတဖက်ကို ရောက်နေလေရဲ့။

ဆင်းရဲမွဲတေမှုဟာ ကျုပ်တို့ရဲ့ဖွားဖက်တော်ဆိုရင်လည်းမမှားပါဖူး၊ မနက်နေ့ညအချိန်နဲ့ အမျှကြိုးစားလုပ် ကိုင်ပေမဲ့ လုပ်အားနဲ့မမျှတတဲ့ လုပ်အားခ၀င်ငွေလေးဟာ ကုန်ဈေးနှုံးကြီးမြင့်မှု အရှိန်အ၀ါအောက်မှာ အမြဲ တမ်းသိမ်ငယ်နေခဲ့ရတယ်လေ၊မိသးစုစားဝတ်နေရေးမပြောနဲ့ ရှာဖွေသူတဦးတယောက်အနေနဲ့တောင် လောက်ငှဖို့အနိုင်နိုင်၊လူတွေပြောပြောနေတဲ့ အသက်ရှင်နေထိုင်ခွင့်တို့ လူမှုဘ၀ဖူလှုံခွင့်တို့ပစ္စည်းဥစ္စာပိုင် ဆိုင်ခွင့်တို့ဆိုတာက ကျုပ်တို့လိုလူတန်းစားတွေကို ကျောခိုင်းနေလေရဲ့၊ ဒါပေမယ့် ကျုပ်တို့မှာရေရာတဲ့ မျှော်လင့်ချက်တခုတော့ရှိတယ်၊

ကြုံတုန်းပြောရဦးမယ် ကျုပ်တို့မြန်မာပြည်မှာ နိုင်ငံရေးအရအမြတ်ထုတ်တဲ့ စကားလုံးအသုံးတခုရှိတယ်၊ ဘာတဲ့တောင်သူလယ်သမားနဲ့ အလုပ်သမားတွေဟာ တိုင်းပြည်ရဲ့အခြေခ့လူတန်းစားနှစ်ရပ်ဖြစ်သတဲ့၊ အရမ်းမှန်တဲ့စကားလုံးပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့အဲဒီသူတွေဟာ တိုင်းပြည်ရဲ့အခြေ(အောက်ခြေ) မှာနေရပြီးအထက်မှာနေတဲ့ရေပေါ်ဆီ လူတန်းစားတွေနဲ့အာဏာရစ်မူး တဏှာရူး အုပ်ချုပ်သူလူတန်းစားအ ဆင့်ဆင့်ရဲ့မတရားလုပ်သမျှခံ ဖိနှိပ်မှုမှန်သမျှကို ခေါင်းငုံ့နေရလို့ပါပဲ၊ ကျေးလက်နေတောင်သူလယ်သမား တွေဟာ လယ်တောယာတောကွင်းပြင်တွေထဲမှာ နေပူမရှောင် မိုးရွာမရှောင်နွားနဲ့ဖက်ပြီးရုန်းကန်လှုပ်ရှား ရင်း နိုင်ငံဝမ်းစာကို ဖြည့်တင်းပေးနေကြပေမဲ့ သူတို့အိမ်ကစပါးကျီနဲ့ ၀မ်းစာပုတ်တွေထဲမှာတော့ စပါးဟောင်းလောင်းဆန်ဟောင်းလောင်း ဒီလိုပဲကုန်ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ဖို့နဲ့ လူသုံးကုန်ပစ္စည်း တိုးတက်ထုပ်လုပ်မှုအတွက် စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားအများစုမှာလည်း ဘ၀ရေစာ ၀န်ထမ်းလစာကို အမှီပြုလို့ ၀တ်စရာမရှိလို့ နေစရာဗလာနတ္ထိ၊ သူတို့မှာရှိတဲ့အားအင်တွေ လုံလ စိုက်မှုတွေ အသက်၊ ချွေး၊ သွေးတွေစတေးပြီး တိုင်းပြည်ကိုပူဇော်ခဲ့ကြပေမဲ့ သူတို့တတွေ ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ အ၀၀နဲ့ ဆင်းရဲကြပ်တည်းမှုပြဿနာတွေ ဖြေရှင်းရာမှာတော့ အစိုးရရဲ့လှစ်လှူရှူ့ခြင်း ရသ ခါးခါး တွေကိုသာရရှိခဲ့တယ်။ အစိုးရအဆက်ဆက် တိုင်းပြည်ကောင်းစားရေးလုပ်ကွက်တွေကြောင့် ကျယ်ပြောတဲ့ လယ်တောမှာ ရယ်မောစရာတွေ ဆိတ်သုဉ်းလို့ ရင်မောစရာတွေပြည့်နက်နေတာ ကြာပါပြီး။ အိမ်ထောင်စု တစ်စုမှာ သားသမီးတွေရဲ့စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားလူမူရေး လိုအပ်ချက်တွေကို ဖြည့်ဆီးဆောင်ရွက်ပေးဖို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ မီဘနှစ်ပါးမှာ အဓိကတာဝန်ရှိသလို သားသမီးတွေရဲ့ သိတတ်မှု ပံ့ပိုးမှု တုံ့ပြန်ကူညီမှုတွေဟားလဲ အရေးကြီးပါတယ်။ ဒါမှသာ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။ နိုင်ငံတစ်နိုင်ငံမှာလည်း ဒီလိုပါပဲ ကျုပ်တို့ တိုင်းသူပြည်သားတွေရဲ့ လူမူဖူလုံရေးဘ၀နဲ့ အခြားသောလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပြည်သူလူထုတွေရဲ့ အသက် အိုအိမ် စည်းဇိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ အဲဒီနိုင်ငံရဲ့ အစိုးရမှာ အပြည့်အ၀တာဝန်ရှိပါတယ်။

မြန်မာပြည်အနေအထားကတော့ ဒီလိုမဟုတ်ပါဘူး။ နိုင်ငံသူနိုင်ငံသားတိုင်းက အမိမြေအတွက် ပျက်ကွက်ခဲ့တာ အမှန်ပါပဲ။ မြန်မာပြည်သူပြည်သားတွေရဲ့ လူမူဘ၀မပြည့်စုံမူတွေကို မျက်ကွယ်ပြုပြီး ထင်ရာဆိုင်းလို့ လူရိုင်းကောင်တွေ ဖြစ်နေကြတယ်လေ။ ပြည်သူအများပိုင်ဆိုင်ခွင့်ရှိတဲ့ မြေပေါ်မြေအောက် သံယံဇာတပစ္စည်းတွေကို မတရားဂုတ်သွေးစုတ် ကိုယ့်အထုတ်ထဲကိုထည့် အများပြည်သူကိုမငဲ့ပဲ လူသတ် လက်နက်အားကိုးနဲ့ ရက်စက်မှုတွေကို ရက်ဆက်ပြီး လုပ်ကြသေးတယ်။ သူတို့ရဲ့မကောင်းမှု လုပ်ရပ်တွေကို ဖုံးဖိ ဟန်ပြလုပ်ဇာတ်တွေနဲ့ ပြည်သူကိုလှည့်စားဖို့ကြိုးစား ဘုရားတည်ကျောင်းဆောက် လမ်းဖောက်တံ တားခင်း တာသမံတွေဆယ်ဖို့ ရှိုးပြအခင်းအကျဉ်းတွေနဲ့ မြန်မာပြည်ကြီး အဖက်ဖက်က တိုးတက်နေပါ တယ်လို့ မိုးလုံးပြည့်မုသာဝါဒတွေသုံးလို့ လိမ်ညာလိုက်တာရွံစရာအတိ၊ကျန်တာတွေတိုးတက်တာ ကျုပ်မမြင်ပါဖူး၊ ကလေးသေဆုံးမှုဦးရေ၊ဆင်းရဲသားကျောမွဲလူတန်းစားတွေတနေ့ထက်တနေ့ တိုးတက်များ ပြားလာမှု ကုန်ဈေးနှုံးအဆမတန်တိုးတက်ကြီးပြင်းလာမှုတွေကိုတော့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်၊ ဆင်သားရေကို ယင်နားရွက်နဲ့ဖုံး မင်းသားခေါင်းပြုတ်ကျလို့ ခွေးဘီလူးရုပ်ကဘွားကနဲပေါ် အရှက်တော်ကွဲ အမြက်တော်စွဲလို့ အသက်လျှော်ကြေးပေးရမှာကိုကြောက် စားခွက်အပျောက်ရိုက်ပွဲ ဆင်နွှဲရတာကလည်း ခဏခဏပါပဲ။

မျိုးမချစ် မျိုးမစစ် ဆိုးညစ်တဲ့လုပ်ရပ်တွေနဲ့ အိမ်တွင်းသူခိုးဖြစ်နေတဲ့ အာဏာရှင်စစ်အစိုးရ လက်အောက်က မြန်မာပြည်ဟာ ဘယ်သူ့အားကိုးနဲ့ဆင်းရဲတွင်းနက်နေသလဲဆိုတာ စဉ်းစားလို့မရတော့ပါဖူး၊ ကျန်းမာရေးမ ကောင်းလို့ဆေးရုံမသွားနဲ့လေ သေဖို့က(၉၀)ရာခိုင်နှုံးကျိန်းသေတယ်၊စစ်တပ်ဆေးရုံကလွဲလို့ တပြည်လုံး မှာအခြားကျန်တဲ့ဆေးရုံတွေ အားလုံး ကုဖို့ဆေးလုံးဝမရှိဖူး၊စာမတတ်လို့ကျေင်းမသွားလေနဲ့၊ မူလတန်း ကျောင်းသားတဦးရဲ့ကျောင်းဝင်ကြေးစာအုပ်ဖိုးဘာကြေးညာကြေးတွေကရွှေဈေးထက်ကိုကြီးနေသေးတယ်ဲ့တယ်၊သင်ပေးတဲ့စာတွေကိုလည်းကြည့်ဦး၊ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့ ကျွန်ပညာရေးစနစ်ကို အကွက်ကျကျ အကောင်အထည်ဖေါ်နေကြတယ်၊ ဒါကြောင့်မို့ပညာရေးလေ့လာသူတချို့က မြန်မာပြည်စာ သင်ကျောင်းတွေက ကျောင်းနဲ့မတူပဲ လူသားစက်ရုပ်တွေကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံတွေနဲ့တူတယ်လို့ ပြောနေကြတာပေါ့ မြန်မာပြည်ရဲ့ဘက်စုံအခင်းအကျင်းတွေကို ဘယ်ရှုထောင့်ဘယ်ပုံစံနဲ့ပဲကြည့်ကြည့် အားရစရာ စိတ်ချမ်းသာစရာဆိုလို့ လုံးစမရှိဖူး။

သူခိုး၊ဓါးပြ၊မုဒိန်းကောင်လူသတ်သမား၊သာသနာဖျက်ကောင်တွေရဲ့ မတရားဗိုလ်ကျ စိုးမိုးအနိုင်ကျင့် နှိမ့် စက်မှုအောက်က ပြည်သူတွေရဲ့ဘ၀ဟာ တောက်ခေါက်အံကြိတ် လက်ညှိုးထောင် ခေါင်းညိတ်ရုံကလွဲလို့ အသဲမှာနာစရာမကျန်အောင် ဆယ်ခါပြန်သဒ္ဒါလန်ခဲ့တာလည်း နှစ်ပေါင်းလေးဆယ်ကျော်ပါပြီ၊ကျုပ်တို့တိုင်း မှာလူစိတ်မရှိတဲ့စစ်ဘီလူးတွေကသာသူတို့စိတ်တိုင်းကျကြိုးဆွဲနေကြတာမဟုတ်လား၊ကျုပ်လည်းသူတို့ကြိုးဆွဲရာကရမဲ့အစားကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရနိုင်မယ်ထင်တဲ့တပါးတိုင်းပြည်ရဲ့လရိပ်မှာ ခိုဝင်ဖို့ကြိုးစားရင်း အမိမြေကိုယာ ယီစွန့်ခွာခဲ့ရတယ်လေ၊

အားမတန် မာန်လျော့

ဖျော့တော့ နှလုံးသားမှာ

ဒဏ်ရာတွေ ပြည့်နှက်

ရက်စက်မှုတွေနဲ့ ကင်းဝေးရာ

ရေကြည်ရာ မြက်နုရာ

ဖွေရှာလို့ ထွက်ခဲ့

တပြည်တရွာရဲ့ ရင်ခွင်

ညင်သာစွာ ခိုဝင်နား

မျှော်လင့်ချက် များစွာဖြင့်။


မင်းထက်မိုး

ပင်လယ်ငိုသံ

Friday, November 21, 2008

အမေ……….
အထင်ကြီးအမြင်ကြီးခဲ့တဲ့.
နိုင်ငံကြီးမှာပေါ့.
ရေဆန်ကစီး လှိုင်းကကြီးနဲ့
နေ့ညမရှောင် မိုးမှောင်မှောင်မှာ
ပင်လယ်တံငါလှေကြီးနဲ့ ငါးဖမ်းထွက်ရတာရင်မောစရာပါ။
အခုတော့….အမေ
အထင်ကြီး အမြင်ကြီးသားရဲ့စိတ်တွေ
ဘယ်ပေါက်လို့ဘယ်ရောက်ကုန်ပြီလဲ မသိတော့ပါဘူး။
နေပူမရှောင် မိုးရွာမရှောင်နဲ့
သေအောင်လုပ်ရ သူ့ကျွန်ဘ၀မို့
ပြုသမျှ နုနေရတယ်အမေ။
အမေ….
ရခဲလှတဲ့ လူ့ဘဝ
ရောက်ခဲလှတဲ့ တိုင်းတပါးမှာ
စားရတာက ရေလုံပြုတ်
လုပ်ရတာက မိုးချုပ်နေ၀င်
ရင်နာစရာ ထွေပြား
ဒါလားအမေ နိုင်ငံခြား။
မြင်တွေ့ရတာက ရေနဲ့ငါးမို့
စိတ်အားကငယ် မျက်ရည်နဲ့ပင်လယ်
တကယ်ဆို ပင်လယ်ထဲကငိုသံတွေ
အမေကြားရင် ရင်ကွဲမှာပါ
ဒါ့ကြောင့်မို့
တိတ်တဆိတ်ပဲ ငိုပါရစေအမေ။
အမေ….
လက်ဝေခံ လှေသားဘ၀မှာ
မရပ်မနားလုပ်ရတာက ဓမ္မတာပါ
သေရင် ငါးမန်းစာ
ရှင်နေရင်လည်း သခင်အတွက်မို့
ကမ်းမမြင် လမ်းမမြင်တဲ့ ပင်လယ်ပြာထဲမှာ
ကယ်ပါကူပါ အသံကုန်အော်လည်း
ကယ်သူမရှိ ကျနော်ဘ၀က နတ္ထိပါအမေ။
လွှမ်းမိုးနိုင်(ဓည၀တီ)



မဟာချိုင်မှ အကြွေပန်း

Tuesday, November 18, 2008

တိုင်းပြည်နောက်ခံ ကာကွယ်မရှိသည့်
အရှက်အကြောက်ကြီးသော
ဤမျိုးဤနွယ် မိန်းမငယ်အား
လွန်ကျူးပါက စိုးပူရန်မရှိ
အန္တရာယ်ကင်း၏။

တိုင်းပြည်ခြေနေ ဤမှုပွေကြောင့်
မိဘနှင့်ခွဲ မျက်ရည်ပွဲဖြင့်
ရုန်းကန်လှုပ်ရှား တိုင်းတစ်ပါးဝယ်
အကူအညီမပေး ဒုက္ခပေးသည့်
ရာဂလွန်ကျူး ဤဘီလူးကြောင့်
အလှပန်းပွင့်လေး နွမ်းကြွေခဲ့ရချေပြီ...

လရောင်မဲ့တဲ့ အမှောင်ယံညလည်း
ကြယ်ရောင်ပင်မရှိ နက်သထက်နက်ခဲ့ချေပြီ...

ကဗျာပိုင်ရှင်မှာ တတိယနိုင်ငံတခုတွင် အခြေချနေထိုင်သော မြန်မာအမျိုးသမီးတဦးဖြစ်သည်၊ ထိုင်းနိုင်ငံမဟာချိုင်ဒေသတွင် ထိုင်းလူမျိုးတို့၏စော်ကားမှုကို ခံခဲ့ရသောမြန်မာအမျိုးသမီးငယ် လေးတဦးဘ၀ကို ခံစားတင်ပြထားသော ကဗျာလေးတပုဒ်ဖြစ်ပါသည်။

အတွေးမိတ်ဆွေ

ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့
တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး
ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ
ဖြစ်သွားတတ်ပါတယ်။

ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့်
အတင်းအကြပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ
ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်
ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း
လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး
မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

တော်လှန်နှစ်(၂၀)ပြည့်အမှတ်တရ

Tuesday, October 28, 2008

တပ်ဦးနှစ်(၂၀)ပြည့်အမှတ်တရဆီသို

ကျွန်တော်အမှတ်တရဟုဆိုရပေမည်၊တတိယနိုင်ငံသို့အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိသွားသည့်တပ်ဦးရဲဘော်များလည်းရှိကြသည်၊အနည်းငယ်လောက်သာထိုင်းနိုင်ငံအတွင်းကျန်ရှိနေသေးသောတပ်ဦးရဲဘော်များလည်းကျန်သလောက်ကျန်ရှိနေပေသေးသည်၊ထိုအချိန်ကကျနော်တိုအခြေစိုက်ရာ နတ်အိမ်ထောင်စခန်းသည်မှိုင်းပြပြလွမ်းတသသနှင့် နွေမိုးဆောင်းသုံးဥတုရာသီနှင်းမှုံဝေစည်သည့် နယ်မြေဒေသတခုဖြစ်သည် ဆိုခြင်းကိုတတိယနိုင်ငံသို့ရောက်ရှိနေသော နယ်မြေဒေသတခုတွင်း အတူတ ကွနေထိုင်ရင်း ယုံကြည်ချက်ကို ရှေ့တန်းတင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့ကြ သည့်ခွတ်ဒေါင်းရဲဘော်များ အမှတ်တရ ဖြစ်စေနိုင်သည်ဟု ကျနော်ယူဆမိပါသည်၊ ကျနော်တို့နေထိုင်ခဲ့သောနတ်အိမ်ထောင်ဒေသသည်စာဆိုကြီးများစာဖွဲ့လေသည့်အတိုင်း ခ၀ဲဝတ်မှုန်ပန်းပွင့်တို့အစီအရီပွင့်သောနယ်မြေဒေသမဟုတ်၊ရန်သူနှင့်ခွပ်ဒေါင်းရဲဘော်တို့ကြား အမြဲတစေယမ်းနံ့ဝေနေသည့်ခွပ်ဒေါင်းတို့စံရာတောင်ပေါ်ကကြယ်ပွင့်ကလေးမှား၏ တိုက်ပွဲခေါ်သံခွပ်ဒေါင်းနီ တို့မာန်ဟုန်ဝင့်ချီရာ စိုးမိုးနယ်မြေတခုပင်ဖြစ်သည်။

မြောက်ဖက်တွင်ပြည်သိမ်းစခန်း၊အလယ်တွင်ဒီအေဘီကုန်း၊စိုးမိုးကုန်း၊အလံတိုင်ကုန်းနှင့်တောင်ဖက်တွင် ထနောင်းစီတောင်တန်းတို့မှာ မဟာမိတ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗိုလ်လှချောဦး ဆောင်သောကေအန်ယူတပ်ရင်း(၁၀)၊ကျောင်းသားတပ်မတော်ရင်း(၂၀၁)ခွဲ()၊တပ်ရင်း(၁၀၂)နှင့်နတ် အိမ်တောင်စခန်း၏မြောက်ဖက်ပြည်သိမ်းစခန်းတွင်ကျောင်းသားတပ်မတော်တပ်ရင်း(၁၀၁)တို့အခြေပြုကာတော်လှန်ရေးအမာခံစခန်းများထားရှိပြီး ခိုင်မာစွာတပ်စွဲထားခဲ့ကြသည်၊ကေအင်န်ယူလွတ်မြောက်နယ်မြေ ကော့မူးရာစခန်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို စတင်ဖွဲ့စည်းတည် ထောင်ပြီးသည့်နောက်ပိုင်း တောင်ပိုင်းဒေသခွပ်ဒေါင်းသွေးတို့မှာ ရဲရဲနီခဲ့သည်၊မွန်ပြည်နယ်ရေးမြို့သိမ်း တိုက်ပွဲမှာ တော်လှန်သမိုင်းတွင်မှတ်ကျောက်တင်ထိုက်သောတိုက်ပွဲများပင်၊ ဘုရားသုံးဆူတိုက်ပွဲ၊နတ်အိမ် တောင်တိုက်ပွဲ၊ကေအင်န်ယူတပ်မဟာ()စခန်းသိမ်းတိုက်ပွဲများမှာ မိခင်ဝမ်းမှပေါက်ဖွားပြီးလူလားမြောက် ခါစကလေးငယ်ပမာတော်လှန်ရေးသက်တမ်းနုနယ်သေးပေမယ့်ခိုင်မာသောယုံကြည်ချက် စွဲမြဲသောသံဓိဌာန် မှန်ကန်သော တော်လှန်အသိစိတ်ကို ခိုင်မာစွာရင်ထဲစွဲကိုင်ကာ တရားသောခုခံစစ်၊ ပြောက်ကျားစစ်၊စခန်းသိမ်းတိုက်ပွဲများကိုဆင်နွှဲရင်း အခြားတဖက်တွင်လည်းနိုင်ငံရေးနှင့်စစ်ရေးကိုတပါ တည်း ပူးတွဲလုပ်ဆောင်ခဲ့သည်၊ထိုင်းမြန်မာနယ်စပ်နတ်အိမ်တောင်ထနောင်းစီတောင်တန်းမှသည် တနင်္သာ ရီတိုင်းပင်လယ်ပြင်ထိ ခွပ်ဒေါင်းနီတို့စိုးမိုးထားနိုင်ခဲ့သည်။အချို့သောကြယ်ပွင့်ကလေးများလည်း တရား သောစစ်ကိုဆင်နွှဲရင်း ကြွေလွင့်သွားခဲ့ကြသည်၊တရားသောစစ်အတွက် အသက်ကိုစတေးကာ ခွပ်ဒေါင်းနီ တို့ပေးဆပ်ခဲ့ကြသည်။

တပ်ရင်း(၂၀၁)ခွဲ()မှခွဲမှူးကိုသိန်းမြင့်ကျော်()ဘိုင်သိန်းမြင့်(ကျဆုံး)၊ကိုတင်ထွန်း(အလင်းဝင်)၊ကိုခင်စိုး (အလင်းဝင်)၊ဦးအောင်(အလင်းဝင်)၊ကိုမောင်ကောင်း(သြစတေလျ)၊ကိုစိုးနိုင်(ကနေဒါ)၊ကိုလေး၊ကိုသောင်း ညွန့်(ကိုလေဘေး)၊ကိုစနေ(သြစတြေလျ)၊ကိုငယ်(အမေရိကန်)၊ကိုလှဝေ(ကနေဒါ)၊ကိုစိန်သောင်း(အမေရိ ကန်)၊အေးသန်းမူ(အမေရိကန်)၊လှစိုး(အမေရိကန်)၊စိုးမြင့်လေး(အမေရိကန်)၊ကိုစိုးပိုင်(အမေရိကန်)၊အောင် ကျော်သန်း(အမေရိကန်)၊ကိုကျော်နိုင်(အမေရိကန်)၊ကိုအောင်သန်းဝင်း-ဇနီးမစန္ဒာခိုင်(အမေရိကန်) တပ်ရင်း(၁၀၂)မှကိုဥာဏ်လင်းရွှေ၊ကိုဘတိုး၊ကိုထူးကျော်၊ကိုထီး၊ကိုပိန်၊ဦးမြတ်စိုးကိုနန္ဒ၊ကိုသြဘာ၊ကိုစူပါ၊ ကိုဝေမိုး၊ကိုလှမြင့်သန်း၊ကိုကတုန်း၊တပ်ရင်း(၁၀၁)မှဆရာကျော်၊ကိုတင်စိုးနောင်၊ ကိုတင်စိုးမောင်(ကိုပေါက်) ကိုချစ်ကို(ကျဆုံး)၊ကိုခြင်္သေ့၊ ကိုသန်းအောင်( ဘဲဥ)၊ကိုသန်းအောင်(ပေါင်မုန့်) ကိုသိန်းလွင်၊ကိုသန်းနိုင်၊ကိုကိုဦး(ရေးမြို့အနီးတွင်ကျဆုံး)နှင့် ကိုကျော်ကျော်တို့မှာ ခွပ်ဒေါင်းနီတို့၏သံမဏိ တိုက်ပွဲဝင်ရဲဘော်များပင်ဖြစ်သည်၊အများစုမှာတတိယနိုင်ငံတွင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့်အ ခြေချနေကြသလို၊အချို့မှာထိုင်းမြန်မာနယ်စပ်တွင် ဘ၀ကိုရုန်းကန်ရပ်တည်ရင်း မိသားစုစားဝတ်နေရေးအ တွက်ရုန်းကန်လှုပ်ရှားနေကြရှာသည်၊ပကာသနမရှိတော်လှန်အသိရှိနေကြဆဲ၊ကိုလေး၊ကိုကျော်ကျော်၊ကို ညိုထွေး၊ကိုသန်းအောင်၊ကိုပုတို့မှာတော်လှန်ရေးတွင်ရပ်တည်နေကြဆဲ၊ကျနော်ကတော့ ထိုင်းနိုင်ငံတောင် ပိုင်းမှာ လူမှုရေးလုပ်ငန်းတွေလုပ်လုပ်နေတယ်လေ၊ လေးစားပါတယ်ခွပ်ဒေါင်းရဲဘော်တို့……..

မင်းသက်စံမွန်(မောင်ကို)

ထပ်ခနွန်

လာလည်သူ ဘလော့မိတ်ဆွေများသို့

Friday, October 24, 2008

ကျနော်စာရေးဆရာမဟုတ်ပါ၊ ကဗျာရာတယောက်လည်းမဟုတ်ပါ၊ ဆောင်းပါးရေးသော စာပေသ မားတယောက်လည်း မဟုတ်သည်ဆိုခြင်းကို၊ အရင်ဦးဆုံးမိတ်ဆွေများအားသို့ ကျနော်အသိပေး ထားချင်ပါသည်၊ ကျနော်တွင်တော်လှန်သောစိတ် မျိုးကိုချစ်သောစိတ် လွတ်လပ်မှုကိုမြတ်နိုးသော စိတ် တို့ဖြင့်ကျနော်ဘလော့ဒ်ကို ကျနော်ရဲ့အတွး ကျနော်ရဲ့အမြင် ကျနော်ဖြတ်သန်းလာခဲ့ရသော ကျနော်ရဲ့ဘ၀အတွေ့အကြုံများကို လွတ်လပ်မှုကိုမြတ် နိုးသောစိတ်ဖြင့် မြန်မာနိုင်ငံသားတဦးဖြစ်သော အဖိနှိပ်ခံဘ၀ကို ကိုယ်တိုင်ကိုယ်ကျခံစားလာခဲ့ရ သောသူတဦးအနေနှင့် ကျနော်သိ ကျနော်မြင် ကျနော်ကိုယ်တိုင် ကြုံတွေ့လာခဲ့ရသော ခါးသီးသော အတွေ့အကြုံများကို ရင်ဖွင့်ခြင်းဖြစ်သလို ကျနော်နည်းတူသန်း(၆၀)ကျော် မြန်မာတိုင်း ရင်းသားညီ အကိုအပေါင်းတို့ နအဖစစ်အစိုးရရဲ့လက်အောက်တွင် အဖိနှိပ်ခံဘ၀ဖြင့်ကြုံတွေ့နေရ သောဒုက္ခနှင့်ရက်စက်မှုများကို ရင်တွင်းခံစားချက်တခုအနေဖြင့် ကျနော်အားလပ်သည့် အချိန်များတွင် အဖိနှိခံတိုင်းရင်းသား ညီအကိုမောင်နှစ်မများအတွက် ကျနော်နိုင်သည့်ဖက်မှ တဖက်တလမ်း တိုက်ပွဲဝင်နေခြင်းတခုသာဖြစ်သည်။ နိုင်ငံဒီမိုကရေစီရရှိခဲ့လျှင် ကျနော်ဆိုက်ကားနင်းချင်နင်းမည်၊ ထွန်တုံးကိုကိုင်သော တောင်သူလယ် သမားတဦးဖြစ်ချင်ဖြစ်နေမည်၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးသည် ကျနော်အလိုအပ်ဆုံးသောအရာ ပင်ဖြစ်သည်၊ တတိယနိုင်ငံသို့အခြေချရန် အရာရာအားလုံးပြင်ဆင်ပြီး ထွက်ခွာခါနီးတွင်ကျနော်ဆုံး ဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကာ သောပဒုက္ခသည်စခန်းမှ ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်သို့ကျနော် လူမျိုးများအတွက် နိုင်တဲ့ဖက်မှလူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ရည်ရွယ်ချက်ချမှတ်ခဲ့ပါသည်၊
ကျနော်ယုံကြည်ထားသည်မှာ နအဖစစ်အစိုးရအား ပြည်သူ့လွတ်မြောက်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင်တော်လှန်ရေးမှတပါး အခြားရွေးချယ်စရာလမ်းမရှိတော့ ပြီဟုတစိုက်မတ်မတ် လက်ခံယုံကြည်ထားသူတဦး ဖြစ်သည်ဆိုခြင်းကို ၀န်ခံထားပါရစေ၊ မြန်မာနိုင်ငံဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကျနော်တတ်အား သမျှကြိုးပမ်းလုပ်ဆောင် သွားပါမည်၊ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်တွင် ပင်လယ်ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရော်ဘာလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုး (၉)သောင်းကျော်ခန့်ရှိသည်၊ ကျ နော်ကျန်းမာရေးပညာပေးလုပ်ငန်းများကို လုပ်ပါသည်၊ နံနက်(၉)နာရီမှညနေ(၅)အထိ ကျနော်ချစ် သောသူတို့အတွက် နိုင်တဲ့ဖက်မှကျန်းမာရေးနှင့် သက်ဆိုင်သောကူညီစောင့်ရှောက်မှုများကိုလို အပ်လျှင်လိုအပ်သလိုကူညီ ဖြေရှင်းပေးပါသည်၊ အတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်၊ တီဘီ၊ငှက်ဖျား၊ သွေး လွန်တုတ်ကွေး၊ စသောရောဂါများကို ထိုင်းကျန်းမာရေးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်နေသူလည်း ဖြစ်သည်၊ ဒါကကျနော်လတ်တလော လုပ်ဆောင်နေသောလူမှုရေးအလုပ်တခုပါ၊ အခွင့်သာခဲ့လျှင် ကျနော်လက်နက်ကိုင်တော်လှန်ရေးကို နောက်ထပ်တကြိမ်လုပ်ချင်ပါသေးသည်၊ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရရှိမှုမှာ လက်နက်ကိုင်တော်လှန်ရေးမှ တပါးအခြားမရှိတော့ပြီ။