~ မြောက်ပြန်လေ တို့နှင့်အတူ ဥတ္တရ ရပ်ဝန်းဆီသို့ ~

Saturday, December 27, 2008


လွန်ခဲ့တဲ့ အနှစ်၂၀က မြန်မာ့သမိုင်းရဲ့ အထင်ကရ ရှစ်လေးလုံးမုန်တိုင်းဟာ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ ဗဟိုပြုလို့ အာဏာရှင် သဘောက်ဘ၀ လွတ်မြောက်ရေး အတွက် ကျောင်းသားများ မာန်ဟုန်ဝင့်ပြတာကို စစ်အာဏာရှင်တစုက တပြည်လုံးကို သွေးနဲ့ဖြန်းပြီး နိုင်ငံတော်အာဏာကို ကျဉ်ဆံတွေနဲ့ တံတိုင်းခတ် ကာရံထိမ်းချုပ်လိုက်တော့ နိုင်ငံရဲ့ အနာဂါတ်တွေဟာ စာသင်ခန်းကို စွန့်ပြီး ကာဘိုက်ယမ်း ရနံ့စွဲနေတဲ့ လက်များနဲ့ အာဏာရှင်တွေကို တိုင်းပြည်ရဲ့ နယ်ခြားဒေသ တွေကနေ ပြုပြင်ပြောင်းလဲရေး ရာဇသံပေးတဲ့ အထဲမှာ ကျုပ်လဲ ထဲထဲလူလူ ပါလာပါတော့တယ်။

အချိန်ကာလက နွေရာသီကုန်လို့ မိုးဦးကို ရောက်တော့မယ် စပ်ပူစပ်လောင် ရာသီက မိုးကို စောင့်မျှော်နေတဲ့ ပုဇဉ်းရင်ကွဲ အသံတွေနဲ့ ဆူညံနေကြတယ်လေ၊ မိုးကိုခေါ်နေတဲ့ ဖားလေးတွေရဲ့ တကွပ် ကွပ် အော်မြည်သံများကလည်း ကချင်ထောင်ကာလို နရီစည်းချက် ကျလွန်းလှတယ်။

ဒီနေ့တော့ ဗဟိုနဲ့ စက်စကားပြောရန် ချိန်းထားလို့ ရဲဘော်နှစ်ယောက်နဲ့ ဆိုင်းဂျာဘွန့် တောင်ထိပ်ကို ကျနော်တို့ တက်လာခဲ့ကြတယ်။ တောင်ထိပ်ရောက်ပြီး နာရီဝက်ခန့် အကြာမှာတော့ ဗဟိုက စက်ဝင်လာလို့ လက်ထဲက လမ်းလျှောက်စကားပြောစက်မှ “ဟီးနိုး ကြားလား” “ဟီးနိုး ကြားလား” အိုကေ “ကြားတယ်” အစပြု ပြန်ဖြေလိုက်တော့ အတွင်းရေးမှုး ရဲဘော်မျိုးဝင်းနဲ့ တဆင့်ခံ စကားပြောဖြစ်ကြသည်။ သူက ဗဟိုကို ပြန်ခေါက်လာရန် ညွန်ကြားချက်ပေးတော့၊ ကျနော့စိတ်မှာတော့ ဒီတော့လည်း ပြန်ရသေးတာပေါ့ ဟု မရိုးမရွ ဖြစ်နေမိသည်၊ ကျောင်းသားတပ်မတော် မြောက်ပိုင်းသည်အမိန့် နာခံမှုရှိအောင် တပ်စတည် ကတည်းက လေ့ကျင့်ထားသောတပ်ဖြစ်လို့ အထက်အမိန့်ကို နာခံယုံမှလွဲလို့ မှတပါးအခြားမရှိ။


ဥတ္တရ ရပ်ဝန်းဆီသို့

ပြက္ခဒိန်စာမျက်နှာ ပြေးမြင်ကြည့်တော့ ခရစ်သက္ကရာဇ် ၁၉၉၂ခုနှစ်၊ ကျနော်တာဝန်ကျရာ ဖားကန့်ဒေသ ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရာဒေသကို စွန့်ခွာ၍ ဌာနချုပ်ရှိရာ တရုတ် - မြန်မာနယ်စပ် ပါဂျောင်ဒေသသို့ ပြန်ရတော့မည်။ ဖားကန့်ဒေသတွင် ကျနော်တနှစ်ကျော် လူထုစည်းရုံးရေးနဲ့ ဘဏ္ဍာငွေရှာဖွေရေး အတွက် တာဝန်ကျခဲ့ခြင်းဖြစ်သည်။ ကျနော်နဲ့ ရဲဘော်တချို့ တိုင်ပင်ကာ ပြန်ရန်လမ်းကြောင်းများကို စီစဉ်ရတော့သည်။ ကျနော်တို့အဖွဲ့ ပြန်ရန်၊ ယခုကျနော်တို့ တာဝန်ကျနေသော ဖားကန့်ဒေသမှာ ကျောင်းသားတပ်မတော် မြောက်ပိုင်းဗဟို၏ အနောက်တောင်ဖက် ယွန်းယွန်းတွင် ရှိနေသည် ခရီးစဉ်၏အလယ်တွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းနှင့် ဧရာဝတီမြစ်ကြီးက ကန့်လန့်ဖြတ်ခံနေပြီး ခရီးက အရှေ့နှင့်အနောက် ရှည်လျားလွန်းလှသည်၊ တောလမ်းကဆိုလျှင် အဆင်မပြေနိုင် လိုက်ပါပို့ဆောင်ပေးမည့် လုံခြုံရေးတပ်မရှိ၊ မဟာမိတ်၏ အကူညီလည်းမရနိုင်၊ ကျနော့်မှာ ရွေးစရာ လမ်းတလမ်းပဲရှိတော့သည်၊ ခရီးသည်တွေနှင့် ရောလိုက်သွားတဲ့လမ်းပေါ့ ဒီလမ်းသည် အန္တရာယ်ကများ၏။ ရဲဘော်တူးတူး(မြစ်ကြီးနား) ရဲဘော်နိုင်ဦး(ကောလင်း)၊ ရဲဘော်ခွက်ကြီး(ကသာ) တို့ဦးဆောင်ပြီး ရဲဘော်သစ်များနှင့် ဟောင်ပါးလမ်း၊ ကျနော်နှင့် ရဲဘော်ဝင်းရွှေအပါအ၀င် ကျနော်တို့ကို အကူညီပေးနေသည့် အမျိုးသမီး(၂)ဦးနှင့် ဝေခါလမ်းကို ရွေးချယ်ပြီး၊ ရဲဘော်အချို့ကို ဖားကန့်ဒေသတွင် တာဝန်ပြန်ချထားပေးခဲ့သည်။ ထိုမိန်းကလေး(၂)ယောက်ကို အကူညီတောင်းခံခဲ့ရခြင်း အကြောင်းမှာ ကျနော်တွင်ပါလာသော တရုတ်လုပ် အမ်(၂၀)သေနတ် အတိုတလက်၊ စကားပြောစက်တလုံးနှင့် တီအမ်တီ(ယမ်းဘီလူး) တချောင်းကို ၀ှက်ပြီး သယ်ဆောင်ခဲ့ခြင်း တို့ကြောင့်ဖြစ်သည်။


ခရီးနှင်ကြပြီ

ဆိုင်းတောင်ရွာ(ဆိတ်မူရွာ)က နံနက်စောစော ခပ်သုတ်သုတ် ခြေလျှင်ခရီး စထွက်ခဲ့ကြသည်၊ ဆိုင်းတောင်ကျော်ပြီး ရေချောင်းလမ်းကလေး အတိုင်း လိုက်လာလိုက်လျှင် ကုန်းကလေးများ တောင်ကမူလေးများကို ကျော်လိုက် ရေချောင်းကို ပြန်တွေ့လိုက်နဲ့ လာခဲ့ကြသည်။ ဒီလိုနဲ့ ရေကြည်ရွာတော့ ရောက်ပြီးခဏ ခရီးဆက်ထွက်ခဲ့ကြသည် နေ့လည် (၁၂)နာရီ မွန်းတည်းချိန်လောက်တော့ မှော်ဂလုံအရပ်ကို ရောက်ပြီး နေ့လည်စာစားကြသည်။ ဆိုင်ရှင်က ကျနော်တို့ကို အမောပြေဆိုပြီး တွံတေးသိန်းတန်သီချင်း ဖွင့်ပြတော့ကျနော်တို့ လေးယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး ရီပြုံးမိကြသည်။ ထိုနေ့တွင် နေက သိသိသာသာအတော်ပူ၍ နေ့လည်စာစားပြီး ကျနော်တို့ လေးယောက် ရီရီမောမောဖြင့် ခရီးပြန် ဆက်ခဲ့ကြသည်။

ရဲဘော်၊ရဲမေတွေလည်း အမှန်တရားအတွက် ဒီလိုစိမ်ခေါ်ခဲ့ဖူးတယ်

အဓမ္မ တောင်းရမ်းသူများနှင့် တွေ့ဆုံခြင်း

ကျနော်တို့လေးယောက် မှော်ဂလုံ အရပ်မှ ထွက်လာ၍ တနာရီခန့် လျှောက်ပြီးနောက် လမ်းအကွေ့လေးအတိုင်း ဖြတ်လျှောက်လိုက်သည်နှင့် စစ်ယူနီဖောင်းဝတ် စစ်သားများ တပ်စိတ် တစိတ်ခန့် တွေ့လိုက်ရပြီး နောက်ကြောင်းပြန်ခေါက်ဖို့ ဆိုတာလဲမဖြစ်နိုင် သူတို့က ကျနော်တို့ကို မြင်သွားပြီး ဒုန်းဆို …. ကျနော် ရင်ခုန်သံတွေ မြန်နေသည် စိတ်တွေလှုပ်ရှားနေပြီး “ဘာလုပ်သင့်သလဲ အပြန်ပြန်အလှန်လှန် မေးခွန်းတွေထုတ်နေမိသည်” ဆုံးဖြတ်ချက်ချလိုက်သည် လာမဲ့ဘေးပြေးတွေယုံပေါ့ ကျနော်တို့ ဆက်လျှောက်သွားတော့ လက်မောင်းမှာ နှစ်ရစ်ကပ်ထားတဲ့ ဆံပင်ကောက်ကောက်နဲ့ သူက ကျနော့်ကိုခေါ်ပြီး လမ်းဘေးတွင် ငုတ်တုတ် ထိုင်ခိုင်းထားသည်။ ကျနော်က စပြီးမေးလိုက်သည် “ဆရာတို့ ဘာအလိုရှိပါသလဲလို့ မေးလိုက်သည်” မင်းတို့ ရှေ့ခရီးသွားလို့ မရဘူးတဲ့ ဆရာတို့ ချောဝန်ထမ်း(အဓမ္မလုပ်အားပေး/ ပေါ်တာ) လိုလို့ လားဟု ကျနော်မေးလိုက်တဲ့ အခါ “မင်းကိုပေါ်တာဆွဲထားတာကွ”တဲ့ ကျနော်နဲ့ပါလာတဲ့ အမျိုးသမီးတယောက်က ၀င်ရှင်းသည် “ဆရာတို့အတွက် ဒီမှာ ငါးခြောက်ကြော်တွေ ပါတယ်လို့” ၀င်ပြောတော့ “မင်းတို့ အဆိပ်ခတ်ထားသလား အရင်စားပြ” လို့ပြောတော့ ကျနော်တို့ စားပြရသေးတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးမဲ့ တပ်မတော်ဆိုတာ ဒါမျိုးလားဟု ကျနော့်စိတ်ထဲတွင် အော့နှလုံး နာလာသည်။ ကျနော်တို့ ငါးခြောက်ဗူးကိုပေးပြီး သူတို့နှင့် ဆက်ညှိကြသည်။ နောက်ဆုံးမတော့ ကျပ် နှစ်ထောင်ပေး၍ ဖြေရှင်းခဲ့သည်။ ကျန်တဲ့ ခရီးသည်တွေလည်း ကျနော့်နည်းတူ မရှိ ရှိတာလေးတွေ ပေးပြီးသွားကြရသည် ရှိတာတွေအကုန် တရားဝင် အမိန့်တော်ရသဖွယ် ဓါးပြတိုက်ကြသည်။


တနေရာထဲ ဓါးပြနှစ်ခါ တိုက်ခံရခြင်း
ကျန်တဲ့သုံးယောက်က အရှေ့က သွားနှင့်သည် ကျနော်နောက်ချန် ၍ အသာလေးမျှော လိုက်ကာ ခြေလှမ်းသုံးဆယ်ပင်မလျှောက်ရသေး ရှေ့က နောက်တချုံထဲမှ စစ်သား နှစ်ယောက်ထွက်လာပြန်ပြီး ကျနော်ကို လမ်းနဘေးဆင်းခိုင်းကာ ချုံထဲသို့ခေါ်ပြီး ထိုင်ခိုင်းပြန်သည်၊ ရှေ့လူတွေတော့ လွှတ်ပေးလိုက်ပုံရသည် ရစ်ချင်ပြန်တော့ ကျနော်တယောက်ထဲ။ ကျနော်က အကျိုးသင့်အကြောင်းသင့် ပြောပြသော်လည်းမရ မကြာဝံ့မနာသာ စကားများဖြင့် ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံသည်၊ ကျနော့်အိတ်ကိုဖွင့်ရှာမည်ပြောတော့ ကျနော်က အဆင်ပြေအောင်ညှိပါဟူပြောတော့ ပျက်ရယ်ပြု၍ စကားပင် ကောင်းကောင်းပင် ပြောဆို၍လည်းမရ ထိုစဉ် ကျနော်စဉ်းစားမိသည်မှာ ဒီကောင်တွေ “လူမှဟုတ်ရဲ့လား” သူတို့ စစ်သင်တန်းတွေမှာ လူထုကိုဗိုလ်ကျဖို့တို့ ဘာတို့ သင်ပေးထားလားမသိတော့ အတွေးထဲစဉ်းစားနေမိသည် လူနဲ့မတူ၊ အရိုင်းစိုင်းတွေ ဖြစ်လို့နေသည်။ ထိုစဉ် အကြံတခုရလာ၍ “ကျနော့်မိန်းမ မီးဖွားတော့မှာမို့ ကျနော့်ကို လွှတ်ပေးပါရန်” တောင်းပန်ပြောတော့ သူတို့သေနတ် ဂျီသရီးကို ကျနော့်နားထင်မှာ လာထောက်ထားသဖြင့် ကျနော်က အိတ်ထဲမှ ငါးသုံးလုံးစီကရက်ကို ထုတ်ပေးတော့ မသောက် ၊သူတို့ဆီက ရွှေရောင်ဘင်ဆင် အန် ဟက်ဂျက်(စ်) စီကရက်ဗူးကိုထုတ်ပြီး ကျနော့်ရှေ့ပစ်ချပြီး “ဟေ့ကောင်မင်းက ငါတို့ကို ဘာကောင်တွေမှတ်လဲ မင်းကို ငွေနဲ့ အခုပေါက်သတ်လို့ရတယ်” ဆိုပြီး ဟောက်ငမ်းကာ သူတို့အိတ်ထဲမှ ပိုက်ဆံအထပ်လိုက် ပစ်ချပြသည် လူထုဆီက ငွေကိုဓါးပြတိုက်ကာ မသထာရေစာ ရထားသည်ကို ပီတိဖြစ်ကာပြောနေ ခြင်းဖြစ်သည်။ ကျနော်တော်တော်စိတ်တို၍ ထောင်းကနဲဖြစ်ကာ ဘေးနားတွင် ထောင်ထားသောသူတို့ သေနတ်ကိုဆွဲလုပြီး အသေခံ ပစ်လိုက်ရမလားလို့ စဉ်းစားမိလိုက်သည်။

မဖြစ်သေးဘူး ဒီလိုတန်းဖိုးမရှိတဲ့ ကောင်တွေနဲ့တော့ မိမိကိုမလဲနိုင်ပါ၊ ဒေါသကို ထိမ်းမှ ဖြစ်မည်၊ ကျနော့်ရည်မှန်းချက် မရောက်သေး၊ ထိုကြောင့်အချိုသတ်၍ ဆက်လက်ညှိုနိုင်းတော့ ကျပ် ခုနှစ်ထောင် တောင်းသည် နောက်တော့ ကျပ်လေးထောင်နဲ့ အဆင်ပြေအောင် ညှိုနိုင်းရသည်။ ထိုအရိုင်းအစိုင်း နှစ်ကောင်မှာ ပိုက်ဆံရသွားသောအခါ မတော်လောဘပြုံးပြုံးပြပြီး မဲမှောင်တဲ့ သူတို့ အသားအပေါ်မှ ၀င်းဝါနေတဲ့ တကျပ်သားခန့် ရွှေဆွဲကြိုး နှစ်ကုံးစီနဲ့ လက်ကနဲတွေ့လိုက်ရပြီး မင်းကို နောက်ထပ်တပ်နဲ့ တွေ့ယင် မှော်ဂလုံတပ်က ဗိုလ်ကြီးမင်းမင်းမြတ်နဲ့ တွေ့ပြီးပြီလို့ ပြောကြားလား သွားတော့တဲ့ “ကျနော် အချိန်၂ခါကုန် ငွေ၂ခါ ပေးလိုက်ရသည်။ ကျနော်တယောက်ထဲ ဆက်ထွက်တော့ အရှေ့နားမှာ စိတ်ပူစွာစောင့်နေတဲ့ ကျနော်တို့အဖွဲ့ကို တွေ့လိုက်ရတော့ သူတို့ဝမ်းသာသွားကြသည်။ ကျနော်ကတော့ ဒေါသကိုချုပ်တည်းခဲ့သမျှ ယခုထိစိတ်တိုမပြေဆဲ …..။ ကျနော်တို့ ရှေ့ဆက်သွားမည့် လမ်းကြောင်းကို ပြန်ပြင်သည်။ ဒီတိုင်းဆက်သွားရင် မဖြစ်နိုင်တော့၍ “မပြင်ရွာ”ဘက်ကို ဖောက်ထွက်မည် ရွာရောက်မှ သတင်းစုံစမ်းပြီးမှ ဆက်သွားမည်ဟု ဆုံးဖြတ်ခါ ခရီးထွက်ခဲ့သည်။ လူထုကိုနှိပ်စက် ကလူပြုနေသော စစ်တပ်ကို ကျနော်တခုခု တုန့်ပြန်ချင်နေသည် ကျနော်တို့ လေးယောက်အတွေး ကိုယ်စီဖြင့် ခရီးဆက်ခဲ့ကြသည်၊ တယောက်နဲ့တယောက် စကားမပြောဖြစ်ကြ သူတို့ရင်ထဲလည်း တခုခုတော့ ရှိမှာနေမှာပါ၊ ရောက်ချင်ဇောနဲ့သာ သဲသဲမဲမဲလျှောက်ခဲ့ကြသည့်လမ်း ဘယ်သူမှလည်း အတိအကျမသိ။ ညနေလဲစောင်းခဲ့ပြီ…..။ ခရီးကတော့ တော်တော်ပေါက်သည်ဟု ယူဆနိုင်သည်။ သို့သော် ကျနော်တို့ သွားချင်သော “မပြင်ရွာ” ကိုအခုထိတော့ အရိပ်အယောင်တောင် မတွေ့ရသေးချေ။

မြောက်ပိုင်းကျောင်းသားတပ်မတော် ( ဗဟို)

မပြင်ရွာသို့ ခရီးနှင်ခြင်း

အမှောင်ထုက ကျနော်တို့လေးယောက်ကို စတင်စိန်ခေါ်နေပြီ၊ မိုးကလည်း ချုပ်လာပြီး ဓါတ်မီးတလက်နဲ့ လူလေးယောက် လမ်းဆုံးရင်တော့ ရွာရောက်မှာဘဲဟု အတွေးနဲ့ဆက်သာ လျှောက်နေကြသည်။ လမ်းကမြေကြီးလမ်းဟောင်း အမှောင်ထုက ဖုံးကွယ်ထားသော်လည်း မှိတ်တုတ်မှိတ်တုတ်နှင့် ကျနော်တို့ကို ကူညီနေကြတဲ့ ကြယ်ရောင်တွေက ကျနော်တိုလေးယောက်ကိုလဲ ခွန်အားပေးနေ သယောင်ယောင်၊ အမှောင်ထဲမှာ ဇွတ်တိုးပြီး မိနစ်(၂၀)လောက် ဆက်လျှောက်ပြီးသောအခါ အဝေးမှ မီးရောင်ကို လှမ်းမြင်ရပြီ ကျနော်တို့ထဲက မိန်းကလေးတယောက်က ဦး … ရွာရောက်တော့မယ်လို့ အသိချပ်ယင်း လှမ်းပြောသည်။ ကျနော့်ကို တလေးတစား ဦး … တတ်၍သာ ခေါ်ကြသည်။ အသက်အရွယ်သိပ်ပြီးတော့ ကွာသည်မဟုတ်ပါ။ ရွာထဲကိုကျနော်တို့ ၀င်လာပြီး ဈေးဆိုင်ရှိရာသို့ ဦးတည်ပြီး လာခဲ့ကြသည်။ ဈေးဆိုင်တွင် စားစရာများကို ၀ယ်ပြီး သေချာအောင် “ ဒါ … မပြင်ရွာလားလို့ ” မေးတော့ မဟုတ်ဘူးတဲ့ “မပြင်ရွာ” နောက်မှာကျန်ခဲ့ပြီးတဲ့ “ဒီရွာက နားလတ္တံရွာတဲ့” ကျနော်တို့ မကြားဖူးတဲ့ရွာ ဖြစ်နေသည် ဘာဖြစ်ဖြစ် ဒီညတော့ ဒီရွာမှာ အိပ်မှရတော့မည်။ တည်းခိုရန်ဘုန်းကြီးကျောင်းကိုမေးတော့ ဈေးဝယ်လာသူတဦးက သူ့အိမ်မှာဘယ်သူမှမရှိဘူး သူ့အိမ်တွင် လိုက်တည်းခိုရန်ပြောသဖြင့် ကျနော့်တို့ ပျော်သွားသည်။ အိမ်ရှင်က လေးယောက်စာ ထမင်းချက်ပေးသည် ကျနော်တို့ ၀ယ်လာသော စားစရာများနှင့် ထမင်းစားကြပြီး အိမ်ရှင်ကို သွယ်ဝိုက်ကာမေးပြီး ချောင်းဝကိုသွားလို့ရမည့် လမ်းကြောင်းမသိမသာ မေးရသည်။ ကျနော်တို့ထဲတွင် ပါလာသော မိန်းကလေးနှစ်ယောက်ထဲက တယောက်က ချောင်းဝတွင် အမျိုးတွေရှိသောကြောင့် ထိုမှတဆင့် ခရီးဆက်ရန် စီစဉ်ရပြန်သည်။ စားသောက်ပြီးသောအခါ ခရီးပမ်းလာသောကြောင့် မိန်းကလေးနှစ်ယောက်မှာ အိပ်ပျော်၍ ဟောက်ပင်ဟောက်နေကြပြီး။ ကျနော်တို့လည်း အိမ်ရှင်ကို လမ်းကြောင်းမေးပြီး တရေးတမော အိပ်လိုက်တော့သည်။

အင်းတော်ကြီးအိုင် ချောင်းဝရွာသို့

မနက်(၆)နာရီခန့်တွင် ကျနော်အိပ်ယာနိုးလာသည် နံနက်စောစော လတ်ဆတ်နေသော လေနုအေးလေးကို ရှုသွင်းလိုက်ပြီး ပါတ်ဝန်းကျင်ကို တင်ကြို လေ့လာလိုက်သည် အေးအေးချမ်းချမ်းနေလိုပြီး ရောင့်ရဲ တင်းတိမ်ကြတဲ့ ရှမ်းနီရွာကလေး ဖြစ်သည်။ ရွာသူရွာသားများမှာ ရိုသားဖြူစင်ကြသည် ကူညီရိုင်းပင်းလို စိတ်ရှိသူများဖြစ်ကြသည်။ ပစ္စည်းတွေပြင်ပြီး နံနက်စာ ရှမ်းခေါက်ဆွဲကို ဘရာကြော်နှင့် စားပြီး ချောင်းဝဖက် ဆက်ထွက်မလို့ ပြင်နေတုန်း ရွာက အမျိုးသမီးကြီးတယောက် လာပြောသည် “ချောင်းဝကိုမသွားနဲ့ စစ်တပ်တွေမဲနေတာပဲ ခရီးသွားတွေကို ပါသမျှချွတ်ယူနေတယ် နာရီပါရင် နာရီ ဘာမှမရရင် အကျီင်္ပါ မချန်ဘူး မသွားနဲ့တဲ့” ချောင်းဝဆိုတာ မိုးကောင်းချောင်း အစပြုရာ အင်းတော်ကြီးအိုင် ကနေမြစ်ဖျားခံ ပြီးစီးဆင်းတဲ့နေရာတွင် တည်ထားသောရွာဖြစ်သည်။ အမျိုးးသမီးကြီးရဲ့ သတင်းစကားကြောင့် ကျနော်တို့ အိမ်ရှင်နှင့် ပြန်တိုင်ပင်ကြပြန်သည် အိမ်ရှင်က ရွှေတောင် လမ်းက သွားလို့ရကြောင်း ရွှေတောင်ကမှ စက်လှေစောင့်စီးပြီး လုံတုံးစက်လှေဆိပ်ကို သွားလို့ရကြောင်း ရှင်းပြသည်။ ဒါကြောင့် ရွှေတောင်ကို လိုက်ပို့ပေးဖို့ လမ်းပြရှာကြသည် ရှာ၍မရ။ နောက်ဆုံးတော့ အိမ်ရှင်က သူကိုယ်တိုင်လိုက်ပို့ပေးတာမို့ အရှေ့မှဦးဆောင်ကာသွားသည် နာရီဝက် လျှောက်ပြီးသောအခါ မြူတွေအုံဆိုင်း နေတဲ့ကြားက ထိုးဖေါက်ထွက်နေတဲ့ ရွာလေးကို တွေ့လိုက်ရသည်။ ဒါ… ရွှေတောင်ရွာပဲတဲ့ အင်းတော်ကြီးအိုင် ဘေးနားတွင် တည်ရှိနေသော ရွာကလေးဖြစ်သည်။ နံနက်စောစော ဖြစ်တာကြောင့် စက်လှေတစီးမျှ မလာသေးပါ။ ကျနော်တို့ (၁၅)မိနစ်ခန့် ထိုင်စောင့်အပြီးတွင် စက်လှေ တစီးရောက်လာသည် လက်တားသောကြောင့် အရှိန်ကိုလျော့ပြီး ကပ်လာသည်။ ချောင်းဝက ထွက်လာသော လှေဖြစ်သည် ချောင်းဝအခြေနေ မေးကြည့်တော့ လှေထဲတွင်ပါလာသော ခရီးသည်တွေက ရှိတာတွေ အကုန်ပေးခဲ့ရပြီတဲ့ မပေးရင်နိုင်လို့ အရိုက်ခံရတဲ့ သူတောင်ရှိကြောင်း ပြောပြတော့ ရင်မောတာ သာအဖတ်တင်ပြီး အကူအညီမပေးနိုင်ခဲ့။ သြော်… ပြည်သူလူထု အသက်အိုးအိမ်စည်စိမ်ကို ကာကွယ်မယ် ဆိုတဲ့စစ်သားတွေ…. သံမှုန်စား .. ယောကျာ်းကြီး လုံးလုံးတွေဟာ အခုတော့ ပြည်သူကို ညှင်းပမ်းလုယက် နေပါလျော့လား။

ရွှေမြဉ္ဇူ ဘုရားဖူး
အင်းတော်ကြီး အိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းပိတ် ရေအိုင်ကြီးဖြစ်သည် အလျား(၁၄)မိုင် အနံ(ရ)မိုင်ရှိ၍ ကျယ်ဝန်လှသော ရေအိုင်ကြီးဖြစ်သည်။ ရေပြင်ကြီးကလည်း ကျယ်ဝန်းလှသည့် အလျောက် ကြည်လင်ပြီး စိမ်းညှိ့နေတဲ့ရေပြင် အောက်ရေညှိတွေ ရေမှော်ပင်တွေကိုပင် တွေ့ နေရသည်။ ကျနော်တို့ စက်လှေ တနာရီကျော်ကျော် ခုတ်မောင်းပြီး ရေလယ်တွင်ရှိနေသည့် တန်ခိုးကြီး သမိုင်း ရွှေမြဉ္ဖူ ဘုရားသို့ ရောက်ရှိလာကြသည်။ ရေလယ်ဘုရားကို ရောက်တာနဲ့ ခရီးသွားများသည် လမ်းကြုံ၍ ဘုရားဖူးကြသူက များသည် ထိုဘုရား၏ထူးခြားချက်က တပေါင်းလဆန်း(၈)ရက် ရောက်တိုင်း တနှစ်တခါ ဘုရားပွဲလုပ်လေ့ရှိသည်။ ဘုရားပွဲကာလ ရောက်လာသည်နှင့် ဘုရားဖူးများလာရောက်ရန် အင်းစောင့်နတ်များမှ ဘုရားနှင့် ကမ်းကို သဲသောင်းထွန်း၍ သဲလမ်းဖောက်ပေးခြင်းပင် ဖြစ်သည်။ ဘုရားပွဲပြီးလျှင် လေကြီးမိုးကြီးရွာ၊ လေမုန်တိုင်းများ တိုက်ကာ ရေထဲမှအမှိုက်သရိုက်များကို ကမ်းသို့ လှိုင်းပုတ်၍ တင်ပေးထားလိုက်သည်၊ အခြားချိန်များတွင် ဘုရားဖူးများ သွားသော သဲသောင်ထွန်းသည့် လမ်းသည် ရေအောက်သို့ ပြန်ရောက် သွားလေ့ရှိသည်။ (န.၀.တ လက်ထက်မှစ၍ ထိုသဲလမ်းကို အုတ်ဖြင့်အသေ သဘာဝကိုဖျက်ဆီးလိုက်ကြ ခြင်းပင်ဖြစ်သည်) ကျနော်လည်း ပထမဦးဆုံး ဖူးမျှော်ခွင့်ရခြင်းဖြစ်သည် ဘုရားတွင် အလှူငွေထည့်ဝင်ပြီး စက်လှေပေါ်တွင် ထိုင်စောင့်နေသည်။ ခရီးသည်များသည် ဘုရားဖူး၍ ပြီးသောအခါ ကျနော်တို့ စက်လှေပြန်ထွက်ခဲ့သည်။ ထိုစဉ် န.၀.တ စစ်တပ်မှ ချောဆွဲပြီး ထွက်လာသော စက်လှေ တစီးကိုကျနော်တို့ လှမ်းမြင်လိုက်ရသေးသည်။

ပန်ချာပီ သာမက လူမျိုးစုံပါဝင်တဲ့ ကျောင်းသားတပ်မတော်

ကျနော်တို့ စက်လှေခရီးဆက်လာခဲ့ရာ နံနက်(၁၀)နာရီလောက်တွင် လုံးတုံ စက်လှေဆိပ်သို့ ဆိုက်ကပ်လာသည်။ ကျနော်တို့အဖွဲ့ ကားဖြင့် ခရီးဆက်ဦးမည် ကားဂိတ်တွင် သွားရောက်စုံစမ်းရာ ကားထွက်ဖို့ နာရီဝက်ခန့် အချိန်ရှိသေးသည် ပစ္စည်းများကို ကားပေါ်တွင်တင်ပြီး၊ ကျနော်တို့ ရွာထဲသို့ ၀င်လည်ရန် လေးယောက်သား ထွက်လာခဲ့ကြသည်။ ရွာထဲတွင်လူတယောက် မောင်းတီး၍ အော်နေသည် “ဟော့ဒီဖက်က… ဟော့ဒီဖက်က မကြားမရှိနဲ့ လုံးတုံတပ်စခန်းကို … လုံးတုံတပ်စခန်းကို တအိမ်တရာ ညှောင့်….? ? နှစ်မိနစ်ခန့်ကြာပြီးမှ မနက်ဖြန် အရောက်ပို့ပေးရမည်တဲ့” ကျနော်တို့ တယောက်ကို တယောက်ကြည့်ပြီး အားရပါးရရီ ဖြစ်ကြသည်။ ထိုဒေသတွင် စစ်တပ်မှ ရွာကို လုပ်အားပေး ခိုင်းစေမှုများ အမြဲရှိသော ဒေသများဖြစ်သည် လုံးတုံစစ်တပ်မှ သူတို့ တပ်ဝန်းခြံကာရန် ၀ါးဖြင့်လုပ်ထားသော ၀ါးငြှောင့် များကို ရွာမှလုပ်ပေးရန် ဆင့်ခေါ်ခြင်း ဖြစ်သည်။ ကျနော်လမ်းလျှောက်ရင်း နာရီကိုကြည့်လိုက်သည် ကားထွက်(၇)မိနစ်ခန့် လိုတော့သည်။ ထိုကြောင့်ကျနော်တို့ ကားဂိတ်သို့ ပြန်လာခဲ့ ကြတော့သည်။

ကားဖြင့် ခရီးဆက်ကြပြီ

ကားဆိုတာ အမိုးဖွင့် ဒုတိယကမ္ဘာစစ်လက်ကျန် ဂျစ်ကားတွေ လိုင်းပြေးနေကြခြင်း ဖြစ်သည်၊ မြေကြီးလမ်းအတိုင်း ကားသွားလျှင် ဖုံလုံးကြီးတွေက လှိုင်းလုံသဖွယ် ကားကိုဖုံးလွှမ်းကာ လိုက်ပါလာသော ခရီးသည်များ အချင်းချင်းကြည့် လိုက်တော့ တကိုယ်လုံး ဖြူဖွေးပြီး မျောက်ဖြူများကဲ့သို့ ဖြစ်နေကြသည်။ ကျနော်တို့ စီးလာသောကားသည် နမ့်မွန်း သို့ဦးတည်သွားနေသည်။ ညနေ(၃)နာရီလောက်တွင် ကျနော်တို့ ကားလေးနတ်မွန်း သို့ရောက်သည်နှင့် ခရီးသည်တချို့ ဆင်းပြီး ကားလေးသည် ကွေ့ပတ်နေသော နမ့်မွန်းတောင်တက်လမ်းကို ဒုတိယကမ္ဘာစစ် လက်ကျန်အားဖြင့် ကျိုးစားပြီးရုန်းတက်ခဲ့သည်။ နမ့်မွန်းတောင်ထိပ် ရောက်သည်ဆိုရင်ပဲ ဟိုပင်မြို့လေးကို လှမ်းမြင်ရပြီ ကားဆရာသည် ကွေ့ပတ်နေသောလမ်းကို ဂရုစိုက်မောင်းနေသည် ဤလမ်းသည် အန္တရာယ်များသောလမ်းဖြစ်သည် ကားခဏခဏ မှောက်သောလမ်းဖြစ်သည် ကျနော်တို့ကားသည် ဟိုပင် အဝင် ခလရ(၄၀) ဂိတ်မရောက်ခင် ခရီးသည်နှစ်ဦးဆင်းသွားသည်၊ ဂိတ်ရောက်တော့ ကားဆရာကို တပ်ကြပ်ကြီးကဆီးဟောက်သည် “မင်းတို့ ခရီးသည်တွေကိုဂိတ်မှာပဲ ဆင်းခိုင်းလို့ ပြောထားတာ မသိဘူးလား ဟိုတခါလည်း ဆံပင်ရှည်ရှည်နဲ့ ကောင်တွေဆင်းသွားလို့ သူပုန်တွေဆိုပြီး ငါတို့ လိုက်ရှင်းရပြီးပြီတဲ့” ဩော် … သူပုန်ဆိုတာ ဆံရှည်ရှည်နဲ့ တဲ့လား ကျနော်ကြိတ်၍ ရီနေမိသည်။ ကျနော်တို့သည် ဟိုပင်ရောက်တော့ မိုးကချူပ် နေပြီဖြစ်သည်။ မိန်းကလေးနှစ်ယောက်သည် သူတို့တည်းခိုးမည့် အိမ်ကိုပြောသွားသည်။ ကျနော်တို့လည်းတည်းမည့် အိမ်ရောက်တာနှင့် မိန်းကလေးနှစ်ယောက် တည်းသည်နေရာသို့ လိုက်သွားပြီး ကျနော်တို့ ပစ္စည်းတွေသွားယူကြသည်(အမ် ၂၀)သေနတ်နဲ့ စကားပြောစက်တလုံး၊ တီအမ်တီယမ်း တချောင်းသူတို့ နှစ်ယောက်နောက်ရက်ဆို မိုးညှင်းကို ဆက်သွားမည် သူတို့က မိုးညှင်းသူများဖြစ်ကြသည်။ ကျနော်တို့ ပစ္စည်းများကိုယူပြီး တည်းမည့်အိမ်တွင် အပ်နှံ၍ ထိုညက စိတ်ချလက်ချ အိပ်လိုက်ပါတော့သည်။

အချိတ်အဆက်မိပြီ

မိုးလင်းတော့ ကျနော်တို့ မြို့ထဲရှိ အထိုင်ရဲဘော်တယောက် ရောက်လာသည် ရဲဘော်တူးတူးတို့အဖွဲ့ လည်းရောက် နေကြပြီဖြစ်သည် ကျနော်ရဲဘော်နိုင်ဦး၊ ရဲဘော်တူးတူးတို့နှင့် သွားတွေ့သည် သူတို့ကိုအရင် တက်နိုင်အောင်စီစဉ်သည် သူတို့အဖွဲ့ လူများသည်။ နောက်တရက်မှာ ရဲဘော်တူးတူးတို့ ဟိုပင်ပို့(စ်) သို့စထွက်ပြီး အတွင်းရေးမှူးရဲဘော်မျိုးဝင်းတိုအဖွဲ့ လာကြိုသွားသည်ဟု သတင်းကြားလိုက်သည်။ နောက်တရက် သတင်းတခုထပ်ကြားပြန်သည် အတွင်းရေးမှူးမျိုးဝင်းတို့အဖွဲ့ ရောက်တာကြားလို့ န.၀.တ စစ်ကြောင်းလိုက် ပိတ်နေပြီးတဲ့ ကျနော်တို့ ဟိုပင်ပို့(စ်)ကို တက်မရတော့။ နမ္မားဖက်မှ ရဲဘော်တယောက် ရောက်လာသည် နမ္မားပို့(စ်)ကိုတက်လာဖို့ညွှန်ကြားချက် ပါလာသည်။ မိုးညှင်းပို့(စ်)မှာ ရဲဘော်အောင်ရဲစိုး ဦးဆောင်တဲ့ တပ်ခွဲတခွဲရှိသည်။ မြေနုတွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စုတစုရှိသည်။ မြို့တွေရဲ့ပါတ်ပါတ်လည်မှာ ကျနော်တို့ ကျောင်းသားတပ်မတော်တွေ ရှိနေကြပြီ။ နမ္မားကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လာဖို့ စကားပြောစက်ကိုတော့ ယူသွားရသည်။ ရဲဘော်ဝင်းရွှေကို လူလွတ် ရထားနဲ့သွားစေပြီး။ ကျနော်ကတော့ သူငယ်ချင်းတယောက်အား အကူညီတောင်း၍ မော်တော်ဆိုင်ကယ်နှင့် နမ္မားကို သွားရန်စီစဉ်သည်။ ကျနော့်ရဲ့စွန်မှုတွေကမပြီးသေးပါ ဟိုပင်၊ နမ္မားကားလမ်း တလျှောက်ဖြတ်သွားရမည့် စစ်တပ်ဂိတ်တွေက နည်းနည်းနောနောတော့ မဟုတ် ပျားပန်းခပ်မျှလို့ နေမလားပင် “ကျနော်မကြောက်ပါ” ပါတ်ပါတ်လည်တွင်လည်း ကျနော်တို့ ကျောင်းသားတပ်မတော် တွေရှိနေသည် မဟုတ်ပါလား။

ဟိုပင်မှ နမ္မားဆီသို့

ကျနော့်သူငယ်ချင်းက ဟွန်ဒါဆိုင်ကယ်လေးကို ဆီဖြည့်ပြီး ကျနော်ဆီကို ရောက်လာသည်။ သေနတ်ကိုတော့ သူ့ကိုယ်မှာ မထည့်ရဲကြောင်း ပြောလာသည်။ စစ်တပ်ဂိတ်တိုင်းတွင် လက်မှတ်က ဆင်းထိုးရအုံးမယ်။ အိုကေ ဒါဆို ငါဆံပင်ညှပ်ချင်တယ် ငါ့ကိုလိုက်ပို့ဟု ပြောလိုက်ပြီး ဆံပင်ညှပ်ဆိုင်ကို ထွက်လာခဲ့သည်။ ဆံပင်ကို တိုတိုညှပ် ခေါင်းလိမ်းဆီလိမ်းလိုက်ပြီး ကေကိုကျော့နေအောင် ဖီးလိုက်သည်။ ပြီးမှကျနော်တို့ သေနတ်ထားသော နေရာသို့ သွားကြသည်။ ပစ္စည်းများကို သေချာစွာစစ်ဆေးသည်။ “ဂျလောက်” ဆိုတဲ့အသံ ထွက်ပေါ်လာသည်၊ သေနတ်မောင်းကို ကျနော်ဆွဲတင်လိုက်သည်။ သေနတ်ထဲကျဉ်ဆံ အပြည့်ရှိနေသည်၊ ကျဉ်ကဒ် အပိုနှစ်ကဒ်ပါသေးသည်။ ကျနော်၏သေနတ်မှာလည်း ရန်သူကိုဇီဝိန်ချွေဘို့ အသင့်ရှိနေပြီး။ သေနတ်ကို ခါးတွင်ထိုး၍ ဆိုင်ကယ်ကို ကျနော်မောင်းထွက်လာသည်။ ကားတစီးပေါ်တွင် ထိုင်နေသော စစ်တပ်က သုံးပွင့်ဗိုလ်က ကျနော့်ကိုသေချာချာ ကြည့်နေသည် ကျနော်ဂရုမစိုက်ပါ သူကြည့်နေခြင်းမှာ သူတို့ အထက်အရာရှိတယောက်ယောက် ထင်၍ကြည့်နေခြင်း ဖြစ်မည်ထင်သည်။ တီအမ်တီနဲ့ သေနတ်ခါးတွင် ထိုးကာ ဆက်ထွက်လာခဲ့သည် ဂိတ်ရောက်လျှင် ကျနော့်သူငယ်ချင်း ဆင်း၍လက်မှတ်ထိုးသည် ကျနော်က ဆိုင်ကယ်ပေါ်အသင့်အနေအထား ဖြင့်စောင့်ဆိုင်းလျှက် ရန်သူရဲ့နောက်တန်းဂိတ် တွေရဲ့အကြောင်းကို ကျနော်သိပြီးဖြစ်သည် နောက်တန်းတွင် ကိုင်သောသူတို့ သေနတ်များသည် မောင်းမပြန် တတောင့်လောက်သာ ထွက်သော သေနတ်များဖြစ်သည်။ ကျနော်၏သေနတ်ကမူတရုတ်လုပ်အသစ်စက်စက် ဒီလိုနဲ့ ကျနော်တို့သည် ဂိတ်များတွင် လက်ထိုးပြီးလာခဲ့တာ နမ္မားသို့ ဘာမှအခက်ခဲ မဖြစ်ပဲရောက်လာကြသည်။

လိင်မခွဲခြားပဲ တန်းတူရည်တူ နိုင်ငံအတွက် ကျိုးပမ်းကြတယ်

ရောက်သည်နှင့် ကျနော့်သူငယ်ချင်းမှာ ဟိုပင်သို့ ပြန်ခေါက်သွားသည်။ ကျနော်တို့ အထိုင်လူများက ကျနော်ကို နေရာချထားသည်။ ရထားနဲ့ လာသောရဲဘော်ဝင်းရွှေလည်း ရောက်နှင့်နေပြီ သုံးရက်မြောက်ညတွင် ကျနော်တို့ကို လာကြိုမည့်သူ ရောက်လာသည် ညတွင်းချင်းထွက်ကြသည်။ ကျနော်တို့နှင့် အတူ “မနှောင်း”(ယခု အမျိုးသမီးမျာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မနန်းယဉ်)တို့ သူငယ်ချင်းသုံးယောက်ပါ လိုက်လာသည် သူတို့က အတွင်းပိုင်း မြေအောက်လုပ်ငန်းများအတွက် တာဝန်ယူထားသူများ ဖြစ်သည်။ အတွင်းရေးမှူး ကိုမျိုးဝင်းနှင့် လုပ်ငန်းတချို့ ညှိနိုင်းရန်ဖြစ်သည်။ နမ္မား နမ့်စလော် ရွာကိုဖြတ်ပြီး တောစပ်ကို တဟုန်ထိုးတိုးဝင်ခဲ့ကြသလို ကုန်းလေးနဲနဲ ဦးမော့တက်ပြီးသည်နှင့် ရဲဘော်ထွန်းလွင်ဦးဆောင်သော ရှေ့ထွက်ကင်းကို ရောက်ခဲ့ကြသည်။ အခုကျနော်တို့ ရောက်နေတာ မြေနု ပို့(စ်)တဲ့။ အဲဒီအချိန်ကြမှ တယောက်နဲ့ တယောက် ဖက်လှဲတကင်း စကားတွေပြောပြီး လက်ဆွဲနှုတ်ဆက်ကြသည်။ ကျနော်စိတ်များ လန်းဆန်း ပေါ့ပါးသွားသည်။ ကျနော်တို့ ဂွင်ထဲရောက်နေပြီကိုး၊ ကျနော်၏ ရန်သူကြားတွင် စွန့်စားရသောခရီးစဉ်သည် အခုတော့ပြီးဆုံးသွားလေပြီ။

ဒါပေမဲ့ ခရီးတော့ဆက်ကြရဦးမည်… ဌာနချုပ်ရှိရာသို့၊ သို့ပေမဲ့ တိုင်းပြည်ကံကြမ္မာကတော့ “လ” ငပုတ်ဖမ်းနေတာ ဆယ်စုနှစ် နှစ်ခုတိုင် ရှိခဲ့လည်း မြောက်ပြန်လေနှင့် အတူသယ်ဆောင်လာမဲ့ လွတ်မြောက်မှုအစုစုကို တို့ပြည်သူတွေ ငံ့လင့်လို့ နေကြတော့မယ်လေ …. အို…အသင် သန်းခေါင်ယံမှ နိုးထလို့ အရုဏ်ဦးဆီ တို့အတူ လာသွားကြစို့။

ဥတ္တရ ယဉ်စွန်းတန်းက ခွပ်ဒေါင်းတို့ရဲ့ မာန်ဟုန်ဝင့်သံ 1


အချိန်ကား ၁၉၉၂ သြဂုတ်လ (၈)ရက်နေ့၊ ၈လေးလုံး ပြည်လုံးကျွတ် အုံကြွမှုကြီး အပြီး လေးနှစ်မြောက်ပေါ့၊ ကျောင်းသားတပ်မတော် မြောက်ပိုင်းဗဟိုဌာနချုပ် ရှိရာ ပါဂျောင်ဒေသ၊ လိုင်စင်ဘွန်း၊ ဒေါင်းမိခင် ခမ်းမမှာ (၈)လေးလုံး နှစ်ပါတ်လည် အခမ်းအနားကျင်းပ နေချိန်မှာ။

ကျနော်သည် ထိုအခမ်းအနား ကျင်းပရာ ဒေါင်းမိခင် ခမ်းမ၏ ထေါင့်တနေရာတွင် မလှုပ်မယှက် ငုတ်တုတ်ထိုင်နေလျှက်။ တော်လှန်ရေး အဖွဲ့အသီးသီးမှ ဧည့်သည်တော်များ နေရာယူပြီးကြသော အခါ အခမ်းနားမှူးမှ ခွပ်ဒေါင်း အလံတော် အလေးပြုရန် အားလုံး မတ်တတ်ရပ်ပေးကြပါ ခင်ဗျားဟု စကားသံ ထွက်ပေါ်လာသည်နှင့် ခမ်းမထဲတွင်ရှိနေသော သူများအားလုံး ကမန်းကတန်း မတ်တတ်ထရပ်ကြသည်။ ထိုအစဉ် အခန်းနားမှူးမှ “ အားလုံးးးးးးးးးးးးးးးးသတိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော် အား အလေးးးးးးးးးပြု။ နေမြဲ……။ ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား ဦးညွှတ်အလေးးးးးးးးးးးးးပြု” ။ ဟုကြားရသည်နှင့် ကျနော့်ရင်ထဲ၌ ခံစားမှု တစုံတရာ ဖြစ်ပေါ်လာပြီး အတွေးပုံရိပ် အပိုင်းအစများသည် ဟိုအဝေး တနေရာဆီသို့ ခေါ်ဆောင်သွားသည့် နှယ် စိတ်လေတံခွန် လွှင့်လျက်…..လွင့်လျက်။



၁၉၉၂ခုနှစ်က ကျောင်းသားတပ်မတော်(မြောက်ပိုင်း -ဗဟို) မှ ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား

သဘာဝတရားမှာ အရုဏ်အလင်း ရောက်ယင် တောရဲ့ သဘာဝအတိုင်း ကျေးငှက်တို့လည်း အိပ်တန်းမှ နိုးးထ ပြည့်ဝတဲ့ အင်အားတွေနဲ့ အနာဂါတ်တခုအတွက် မနက်ဖြန်များစွာကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့  မြည်တွန်မြူးတူး အားဖြည့်နေကြလေပြီ ။


လက်ရေတပြင်တည်း

ကျနော်သည် ခရီးပမ်းလာ၍လား မသိအိပ်ပျော်သွားသည်မှာ တုန်းကနဲ အသိချပ်တဲ့ အချိန်မတော့ ကျေးငှက်တွေရဲ့ အသံများသည် သံစဉ်မျိုးစုံဖြင့် ကျနော်အား ကလူဤသို့ မြူဤသို့ နိုးထရန် လာရောက် အချက်ပြနေလေပြီ။ ကျနော်မျက်လုံး အစုံကို ဖွင့်ကြည့်လိုက်တော့ စိမ်းလန်းတဲ့တောအုပ် ကြီးထဲ ကျေးငှက်တို့ လှုပ်ရှားနေကြသလို ကျနော်တို့ ရဲဘော်တွေလည်း လှုပ်ရှားနေကြရသည်။ ကျနော့်မျက်စိရှေ့ တည့်တည့်က ရဲဘော်တယောက်သည် သစ်ရွက်များပေါ်တွင် ခင်းထားသော ထမင်းစား မိုးကာ (၂ပေ ၃ပေခန့် ဖြန့်ခင်းထား သောမိုးကားငယ်) ပေါ်သို့ ဟန်းကောထဲမှ ထမင်းများကိုခူး၍ ပုံနေသည်။ ထမင်းကို ဘယ်အချိန်က ချက်လိုက်သည် ကျနော်မသိ ထို့ကြောင့် သိလိုဇောနဲ့ “ အငယ်လေး ထမင်း ဘယ်တုန်းက ချက်လိုက်တာလဲ ” " မနက်လေးနာရီက ထချက်တာ၊ မိုလင်းလာယင် မီးခိုး ရန်သူ မြင်မှာစိုးလို့ ” ဟု ကျနော့်အား ရှင်းပြပြီး ဟန်းကော(စစ်သုံး ထမင်းဘူး) အလွတ်များကို ဆေးကြောရန် ကျောက်ချောင်းလေးရှိရာသို့ ဆင်းသွားလိုက်တော့သည်။ ခဏအကြာတွင် ဟန်ကောအလွတ်များတွင် ရေခတ်လာပြီးသူတို့ တပ်စိတ်ထမင်းစားရန် လှမ်းခေါ်၍ ကျနော့်အား ထမင်းစားရန် လာခေါ်သည်။ ကျနော်လည်းမျက်နှာကို မြန်မြန်သစ်ပြီး ထမင်းစားဝိုင်းထဲသို့ ၀င်လိုက်သည်၊ ထမင်း၏ အလယ်တွင် ဟန်းကောအဖုံးများနှင့် ထည့်ထားသော ဟင်းနှစ်မျိုးကိုသာ တွေ့လိုက်ရသည် ဟင်းပျင်းလှော် နဲ့ ဟင်းပျင်း ဟင်းချိုရည်(ဟင်းပျင်း ဆိုသည်မှာ ကချင်ပြည်နယ်မှာသာ ရှိသော ဟင်းရွက်တမျိုးသာ) သူတို့ တပ်စိတ်တွင်(၆)ယောက်သာရှိသည် ရှေ့တန်းတပ်စိတ်များကို များသောအားဖြင့်(၅ယောက်၊၆ယောက်) သာ စုဖွဲ့ကြသည်။ တိုက်ပွဲက များသည်ဖြစ်လျှင် တနိုင်တပိုင် စီမံကွတ်ကဲနိုင်သည်။ ကင်းစောင့်နေသော ရဲဘော်တယောက်အတွက် ထမင်းနဲ့ ဟင်းကိုခွဲထားပေး၍ ကျနော်နှင့် ကျနှ်(၆)ယောက် ထမင်းဆက်စားကြသည် ။ လက်ရေ တပြင်တည်း ဆိုသော ရှေးထုံးစကားသည် ကျနော်တို့ တော်လှန်ရေးသမားတွေ အတွက် ရေးထားလေသလား မသိခဲ့ပါချေ။

ထမင်းစား မိုးကာနဲနဲမြင့်တဲ့ နေရာမှာ ရဲဘော်က ဟင်းရည်ကို လောင်းချလိုက်ရင် မိုးကာအနိမ့်ပိုင်းတွင် စားနေသောရဲဘော်များမှာ ဟင်းချိုရည်ကို ထပ်ထည့်စရာ မလိုတော့ပဲ စီးလာသော ဟင်းချိုရည်ကို ရွံရှာမှု အလျဉ်းမရှိဘဲ လက်ရည်တပြင်ထဲ စားသောက်ကြရသည်။ ကျောင်းသားရဲဘော်များသည် ဖြူစင်တဲ့ စိတ်ဓါတ်၊ ရိုးသားမှု အရင်းခံ ၊အာဏာရှင်ကို တော်လှန်လိုသော စိတ်တို့ကို အခြေတည်ကာ ညီရင်းအကိုပမာ အသက်ကိုပေး၍ ချစ်ကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ဟင်းပျင်းလှော်ထဲတွင် ကျောက်ချောင်းမှ ကျောက်ပုဇွန်လုံးလေးတွေ ပါနေသဖြင့် ဟင်းပျင်း၏ အချိုဓါတ် ပုဇွန်လုံးများရဲ့ အချိုဓါတ်တွေ ပေါင်းစပ်လိုက်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးဟင်းလျာသည် ကြယ်ငါးပွင့်ဟော်တယ်တွင် မှာစားရသည့် (၁၂)မျိုးဟင်းချိုအလား အရသာရှိရှိနှင့် မြိန်ရည်ရှက်ရည် စားလိုက်ကြသည်။ (၅)မိနစ်အတွင်း အလယ်တွင် ပုံထားသော ထမင်းပုံကြီးမှာ ကျနော့်မျက်စိရှေ့အောက်က ပျောက်ကွယ် သွားတော့သည်။ ထမင်းစားပြီးသော် အခါတွင် ရဲဘော်များသည် သူ့နေရာကိုယ့်နေရာတွင် ပစ္စည်းများကို သိမ်းထုပ်ပြီး ကျောပိုးအိတ်ကို မှီကာခွဲတမ်းကျ ဝေထားသော ဆေးမှုန့်ထုပ် (သတင်းစာနှင့် လိပ်သောက်ရသော ဗာဂျီးနီးယားဆေး)ကို ထုတ်၍ လိပ်သောက်ကာ ထမင်းလုံးစီကြသည်။ ဤသည်ကား စနစ်ဆိုးတခုကို တော်လှန်နေတဲ့ တော်လှန်ရေးသမားတို့၏ လောကစည်းစိမ် မဟုတ်ပါလား။ တောထဲတွင် ခြင်ကိုက် ဖြုတ်ကိုက် ဒဏ်ခံနိုင်အောင် သောက်ရင်း ဆေးလိပ် မသောက်တတ်သော ရဲဘော်လည်း ဆေးလိပ်စွဲသွားတတ်ကြသည်။ ထမင်းစားပြီး ဆေးလိပ်တလိပ်ကို သောက်ရင်း ကျနော် စဉ်းစားနေမိသည် ဖိနှိပ်မှုတိုင်းကို တွန်းလှန်ဘို့ ကျနော်တို့ ကျောင်းသားတွေ နိုင်ငံအတွက် ဓါးစာခံ ဖြစ်ပေါ်လာ ရသလားမသိxxx ပေးဆပ်မှုတွေက မကုန်နိုင်သေး စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကလည်း ဒုနဲ့ဒေး များလှသည်။ ပထမတော့ ……

မိသားစုကိုစွန့် xxxxxx
စာသင်ခန်းကိုစွန့် xxxxxx
မြို့ပြကိုစွန့် xxxxxx
မိဘကိုစွန့် xxxxxx
ချစ်သူကိုစွန့် xxxxxxx
လ္ဘက်ရည်ဆိုင်ကိုစွန့် xxxxxxxx
အားလုံးကိုစွန့်လွှတ်ပြီး

ကြမ်းတမ်းတဲ့
ခရီးကြမ်းမှာ
သေနတ်ကိုကိုင်
ဦးတည်ချက်ကို
မယိုင်လဲရအောင်
ငှက်ဖျားနဲ့စစ်ခင်း
သေမင်းကိုစိန်ခေါ်
အစားဆင်းရဲ
အနေဆင်းရဲ
စိတ်ဆင်းရဲ
ဆင်းရဲမှုတွေ အစုစုနဲ့
ပြည်သူလူထု အာဏာရှင်လက်အောက်မှ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေ သူတွေပါလားဟု စဉ်းစားနေမိသည်။

ဆေးလိပ်တလိပ်ခန့် အကုန်တွင် ရဲဘော်တယောက်ရောက် လာကာ ကျနော့်အား အတွင်းရေးမှူး ကိုမျိုးဝင်း ခေါ်ခိုင်းသည်ဟု သတိဆွဲ၍ သတင်းလာပို့သည်။ ကျနော်လည်းထလိုက်သွားကာ အမ် (၂၀) သေနတ်အတိုကို အပ်ပြီး သေနတ်အရှည်တလက် ပြန်ထုတ်ပေးသည် ပြီးတော့မှ ကိုမျိုးဝင်းက “ ငါတို့ ခရီးဆက်ထွက်ရမယ် အစည်းဝေးတခု လုပ်ဘို့ ရှိတယ် စစ်တပ်ကတော့ ညစ်ပတ်ပြန်ပြီဟေ့ ! ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲတဲ့ အပြင် လွှတ်တော် ကိုယ်စာလှယ်တချို့ကို လိုက်ဖမ်းလို့ တချိုလည်း တောခိုကုန်ပြီ။ အခုရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ ငါတို့ ဘာတွေ ဆက်လုပ်မယ်ဆိုတာ အစည်းဝေးဆက်ထိုင်မယ် ဟုရှင်းပြသည် ” ပြီးတော့မှ သူ့လက်ကို သူစိုက်ကြည့်ပြီး “ ငါ့လက်က သွေးစွန်းသွားပြီ အဖွဲ့စည်းကို မင်းတို့ပဲဆက် ဦးဆောင်ကြပါဟု ” လေးပင်းစွာ ငြီးတွားသလိုမျိုး ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တော့ ကျနော်သည် သူဘာကို ဆိုလိုနေသည်ကို နားမလည် သူဘာများဆက် ပြောမည်ဟု ငံ့လင့် နားစွင့်နေမိသည်။ စကားတခွန်းမှ ထပ်မထွက်လာတော့ သောကြောင့် သဘောမပေါက်သည့် အလျှောက် ကိုယ့်နေရာကိုယ် ပြန်လာခဲ့တော့သည်။

၎နှစ်မြောက် ၈လေးလုံး အခမ်းအနားသို့ တက်ရောက်လာသော KIA မှ ဗိုလ်မှူးပန်းအောင် နှင့် မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ဥက္ကဋ္ဌ ကိုအောင်နိုင်

သေကံမရောက်အသက်မပျောက်
ထိုစခန်းလေးတွင် ကျနော်တို့ တပါတ်ခန့် နေခဲ့ရသည်။ ကျနော်ရောက်ပြီး နောက်တရက်တွင် ကိုမျိုးဝင်းက ပြန့် (ခေါ်) နမ္မားသို့ ဆင်းသွားသည် သူ့ပြန်အလာကို စောင့်ရင်နဲ့ သေကံမရောက်တဲ့ အကြောင်းလေးတခုကို သွားသတိရမိသည်။ သုံးရက်မြောက်နေ့တွင် စားစရာ ဆန်နည်းလာ၍ ရွာမှဝယ်ထား သောဆန်များကို သွားထမ်းသောအခါ ကျနော်လိုက်သွားသည်၊ လမ်းတွင်ကျနော်တို့၏ ဆလန်ကဘာ (စည်းရုံးရေးမှူး) ဦးစက်အောင်နဲ့ လမ်းတွင်ဆုံကြသည်၊ သူသည် နမ္မားဖက်မှ တက်လာသည် သူ့တွင် နမ္မားတွင် နာမည်ကြီးသည့် မက်စီကျို့(သစ်သီးစိမ်အရက်) ရဲဘော်များ သောက်ရအောင် ပါလာသည်။ ကျနော်လည်း နာမည်ကြီးတဲ့ မက်စိကျို့ကို တခွက်ြမည်းကြည့်လိုက်သည် အရသာတွေ့သွား၍ နောက်တခွက် ထပ်ချလိုက်ပြန်သည်။ အပြန်ခရီးတွင် မက်စီကျို့ အရှိန်လေးနဲ့ ဆန်လေးပြည်အပါအ၀င် သေနတ်ကို ထမ်းခဲ့သည်မှာ ပါလို့ပါမှန်းတောင် မသိ ပေါ့ပါးသွက်လက်၍ လေပေါ်တွင်မြှောက်ကာ မိုက်ကယ်ဂျက်ဆင်ရဲ့ မွန်းဝေါ့ခ် အကထဲကလိုမျိုး ပေါ့ပါးလျှက်ရှိနေသည်။ စခန်းအ၀င်လမ်းကို ကျနော်မမှတ်မိတော့ သတိရလို့ ကြည့်လိုက်သောအခါ အရှေ့ကရဲဘော်တွေလဲ မတွေ့ရ နောက်က ရဲဘော်တွေလည်း မတွေ့တော့ပါ။ ကျနော် လမ်းမှားလာသည်ဟု ချက်ချင်းသိလိုက်သည် လမ်းပြန်ရှာသည် မတွေ့တော့ပါ စခန်းနဲ့ သိပ်မဝေးသေးမှန်းတော့ သိသည်။ တနာရီခန့် ကြိုးစားရှာကြည့်သည် မတွေ့ ဆက်ရှာလျှင် စခန်းနဲ့ ဝေးတော့မည်။ ရောက်တဲ့နေရာမှ သေနတ်တချက် ဖေါက်လိုက်သည်။ (၁၀)မိနစ်ခန့် အကြာတွင် ရဲဘော်နှစ်ယောက် စိုးရိမ်ကြီးစွာဖြင့် လာကြို၍ စခန်းကို ပြန်ရောက်ခဲ့သည်။ စခန်းပါတ်လည်တွင် မိုင်များထောင်ထားကြောင်း ပြောပြီး မိုင်းတာဝန်ယူထားသော ရဲဘော်မှမိုင်းများကို သွားရောက်စစ်ဆေးကြည့်ရာ ကျနော်မိုင်းကြိုးများကို တိုက်ဖြတ်ထားသည်ကို တွေ့ရပြီး မိုင်းခလုပ်နေရာ လျှပ်စီးလိုက်မဲ့ နေရာတွင် ခြတွေ တောင်ဘို့ တည်ထားသောကြောင့် မိုင်းမကွဲဘဲ ကျနော် အသက်ချမ်းသာရာ ရခဲ့ကြောင်း ပြန်ပြောင်းတွေးမိတော့ ကြက်သီးမွေးညင်းများ ထောင်းလမောင်း ထဆဲ။ ခြတွေကယ်လို့ ကျနော်သေကံမရောက် အသက်မပျောက်ခဲ့ရသည်။ သုံးရက်ခန့် စောင့်ပြီးသောအခါ ကိုမျိုးဝင်းနဲ့ ရဲဘော်သုံးယောက် ပြန်ရောက်လာကြသည်။

နောက်တနေ့ မနက်စောစော မြေနုပို့(စ်)တွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စိတ်တစိတ် ချန်၍ ကျနော်တို့ ခရီးဆက်ထွက် ခဲ့ကြသည်။ တနေကုန် ဒေါင်းတောက်အောင် လျှောက်ခဲ့သည် ညနေစောင်းတော့ ကျနော်တို့ ခရီးတထောက်နားမည့် ဟိုပင်ပို့(စ်)ကို ရောက်ခဲ့ကြသည်။

မပစ်သေနတ်နဲ့အမတ်ကြီးများ
ထိုပို့(စ်)တွင် ကျနော်တို့ကို အသင့်စောင့်နေသော ကျနော်တို့ရဲဘော်များနဲ့ မိုးညှင်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မောင်နဲ့ မိုးညှင်းမြို့နယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကြာမြတို့ ကိုပါတွေ့ရသည်။ ဟိုပင်ပို့(စ်)က မြေနုပို့(စ်)နဲ့မတူတဲ့ ဟာတွေကတော့ စခမ်းကို အခိုင်အခန့် ဆောက်ထားသည်ကို တွေ့ရသည်၊ မြေနုပို့(စ်)ကတော့ မြို့နဲ့ နီးလွန်းသောကြောင့် မိုးကာတဲများသာ ထိုး၍နေကြသည်။ နယ်မြေခံရဲဘော်များ နေရာချထားရာတွင် အထုပ်အပိုး များချကာ နားကြသည်။ နောက်တနေ့တွင် ခရီးဆက်မထွက်ပါ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အကြမ်းဖျင်း ဆွေးနွေးကြသည်။ ကေအိုင်အေမှ ပေးထားသော နိုင်းမမ ပစ္စတိုကို ခါးတွင်ချိတ်၍ လွှတ်တော်ကိုယ်စားလှယ်ဦးကြာမြ တက်ကြွနေသည်ကို တွေ့တော့ ရဲဘော်တယောက်က ကျနော့်ကိုလာပြောသည်။ “ ဆရာမပစ် သေနတ် မြင်ဘူးလားတဲ့ ” ကျနော်က “ တို့ ကချင်ပြည်နယ်မှာ မခုတ်ဒါးနဲ့ မထိုးလှံပဲ ကြားဖူးပါတယ် အဲဒါက ကချင်တွေ မိန်းမတောင်းရင် လိုတယ်လေလို့ ” ပြောတယ်၊ မပစ်သေနတ်ကို မြင်ဘူးချင်ရင် ဟောမှာ ကြည့်ဟုဆိုကာ ဦးကြာမြခါးက သေနတ်ကို လက်ညှိုးထိုးပြသည်။ သူ့သေနတ် ပစ်ရင်မထွက်ဘူး ခါးမှာချိတ်ထားတဲ့ သေနတ်ဆိုပြီး ဦးကြာမြ မကြားအောင် ပြောပြီး ကြိတ်ရယ်ကြသည်။ ရဲဘော်များသည် တောထဲတွင် ပျော်စရာဆိုတာ မရှိ၍ ကြံဖန်ပြီးပျော်ကြရသည်။ အပျော်အပျက်အဖြစ်သာ နောက် ကြသည် ပြည်သူက တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်တွေကို အသက်ပေး ကာကွယ်ရမည်ဆိုတာ ပြည်သူ့အတွက် တော်လှန်ရေးလုပ်နေသော ကျောင်းသားရဲဘော်တိုင်း၏ စိတ်ထဲတွင် နှလုံးသွင်းပြီးသား ဖြစ်သည်။
ကျနော်သည် တနေ့တာရဲ့ အချိန်တွေကို မတွေ့တာကြာ ပြီဖြစ်တဲ့ ရဲဘော်တချို့နဲ့ ရောက်တတ်ရာရာ စကားပြောခြင်းဖြင့် အချိန်ကာလက နိုင်င်ငံရေးအရ ကြီးမားသောကာလဟု ပြောလျှင်ရနိုင်သည်။ ပြည်သူ လူထု၏ နိုင်ငံရေးရေချိန် အမြင့်ဆုံးကိုရောက်နေသည်။ အာဏာရူးတဲ့ စစ်အုပ်စုက လူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားနေပြီ။ ကျနော်တို့ တော်လှန်ရေးသမား တွေကလည်း အာဏာရှင် သက်ဆိုးမရှည်ရအောင် နိုင်ငံရေး/စစ်ရေး ထိုးစစ်များ ကိုပြင်ဆင်ကြရန် ဖြစ်ပေတော့သည်။

ခရီးစပြီ
နောက်ရက်တွင်ကျနော်တို့အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များလူစုခွဲ၊ စစ်ကြောင်းများခွဲ၍ ကေအိုင်အေနည်းဗျူဟာအမှတ်(၄)သို့ စတင်ချီတက်ကြသည်။ နိုင်ငံရေး/စစ်ရေး ထိုးစစ်များပြင်ရန် ကျနော်တို့ကျောင်းသား (ABSDF) ၊ အန်အယ်ဒီ(NLD)၊ ကေအိုင်အေ(KIA) သုံးဖွဲ့ပေါင်းကာ သုံးပွင့်ပူးပေါင်း စစ်ဆင်ရေးကို စတင်နေပြီ(သ.ပ.စ.က) ထိုအစည်းဝေးလုပ်ရန် ရှေ့တန်းအသီးသီးတွင် ရောက်နေကြသော သုံးဖွဲ့စလုံး၏ စည်းရုံးရေးမှုများ၊ တပ်တွေကို ကေအိုင်အေ နည်းဗျူဟာ အမှတ်(၄)တွင် လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကြရန်ဖြစ်သည်။ ထိုအစည်းဝေးသို့( ABSDF) နိုင်ငံရေးမှုနဲ့ စည်းရုံးရေးမှုများသာ တက်ရောက်ရန်နှင့် တိုက်ခိုက်ရေး တပ်တွေကိုတော့မြို့နဲ့ အနီးဆုံးတွင် ကပ်ထားရန် ကိုမျိုးဝင်းမှ ညွှန်ကြား ချက်ပေးထားသည်။



မောင်မောင်ခင်(ရမ်ဘို) လဲ စစ်သားကြီးလုံးလုံး ပေမဲ့ ဘုရား၊ တရားတော့ မမေ့ပါ

ငှက်တွေကကျီစယ်လေသလား
ကျနော်တို့တွင် တိုက်ခိုက်ရေးတပ် အင်အားများများစားစား မပါလာပါ။ အတွင်းရေးမှူးကိုမျိုးဝင်းရဲ့ လုံခြုံရေးတပ်စိတ် တစိတ်နဲ့ ရဲဘော်နိုင်ဦးနဲ့ ရဲဘော်ခွက်ကြီးတို့ ဦးဆောင်တဲ့ရဲဘော်သစ် တပ်စိတ်တစိတ် စုစုပေါင်းဖွဲ့စည်းပုံ မပြည့်တဲ့တပ်စိတ် နှစ်စိတ်သာဖြစ်သည်။ ထိုလမ်းကြောင်းများမှာ ရန်သူ၏ထိုးစစ်ဆင်သည့် စစ်ကြောင်းများ မရှိသဖြင့် လုံခြုံရေးတပ်များကို မခေါ်လာခြင်းဖြစ်သည်။ ရန်သူရဲ့ ထိုးစစ်မရှိပေမဲ့ ကျနော်တို့ကို တိုက်ခိုက်နေတဲ့ အမြဲတမ်း ရန်သူကတော့ရှိနေသည်။ ဒေသတခုတခုတွင် တမင်းတမူ ကြီးစိုးနေကြတဲ့ ငှက်ဖျားဖြစ်သည်။ ငှက်ဖျားသည် ဒေသတခုနဲ့ တခုမတူကြပါ။ သံလမ်းရိုးငှက်ဖျားသည် ကျနော့်အတွက် အသစ်အဆန်း မဟုတ်ပေးမဲ့ ဖားကန့်ဒေသတွင် တနှစ်ကျော်ကျော် နေလာသောကြောင့် သံလမ်းရိုးငှက်က သူစိမ်းဆန်ဆန်ဖြစ်ခဲ့ ရပြီပေါ့။ အခုတော့ သံလမ်းရိုးငှက်က ကျနော့်ကိုလာ ကျီစယ်နေကြပြီ ။ နားနားနေနေ လျှောက်ခဲ့ကြသော်လည်း ညကင်းစောင့်ကတော့ စောင့်ရသည် မည်မျှပင် အေးဆေးတယ်ပြောပြော တော်လှန်ရေး သတိဆိုတာ ကျနော်တို့မှာ အမြဲရှိကြရသည်၊ ညကင်းစောင့်၍ အိပ်ရေးပျက်လျှင် ငှက်ဖျားက၀င် သည်။ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲနေကြတဲ့ တော်လှန်ရေးသမားတွေမှာ ငှက်ဖျားဆိုတာ အထူအဆန်းမဟုတ်ပါ။ ဆေးရှိလျှင် ဆေးကိုသောက် ဆေးမရှိလျှင် မက္ကလောင်ခြစ် (ဒေသကုထုံးတမျိုး)့ ဆေးမရှိလို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်း မှတ်တမ်းတင်လို့ပင် မနိုင်။ ဒီလို့နဲ့ပဲ ဖျားလိုက်၊ နားလိုက်၊ သွားလိုက်နဲ့ အာဏာရှင်ကို တော်လှန်နေကြရသည်။ ကျနော်တို့အဖွဲ့ နှစ်ရက်ကျော်ကျော် လျှောက်ပြီးသောအခါ တောင်ယာတခုသို့ ရောက်ခဲ့ကြသည်။

တောင်ယာပန်းနဲ့ထမင်းဝိုင်း
ထိုတောင်ယာသည် ရင်း(၅)ဂွင်နဲ့ ရင်း(၁၁) ဂွင်ကြားတွင်ရှိသည်။ မိုးညှင်းမြို့နယ်ကို ရင်း(၅)ဂွင် ဟု သတ်မှတ်ထားပြီး မိုးကောင်းမြို့နယ်ကို ရင်း(၁၁)ဂွင်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ကျနော်တို့ရည်မှန်းချက်ကို ရောက်ရန် သိပ်မဝေးတော့ပါ။ ထိုတောင်ယာတွင် မုဆိုးတယောက် ပြောင်သားခြောက်လာရောင်း သောကြောင့် (၁)နာရီခန့် နားပြီး ထမင်းချက်စားကြသည်။ ကချင်တောပုန်း ရွာများ၊ တောင်ယာများသည် ဟင်းသီးဟင်းရွက်များကို စုံလင်အောင် စိုက်ထားတတ်ကြသည်။ ထို့ကြောင့်ဟင်းကောင်းကောင်း စားရသောနေရာများ ဖြစ်သဖြင့် ရဲဘော်များမှာ တောင်ယာများတွင် နားချင်ကြသည်။ ထိုနေ့ နေ့လည်စာကိုတော့ ပြောင်းသားခြောက်မီးဖုတ်၊ ဟင်းချိုတမျိုးနဲ့ ခရမ်းသီးထောင်းထဲတွင် တောင်ယာပန်း ( ကချင်ပြည်နယ် တောင်ယာများတွင် စိုက်သည့် ဟင်းခတ်အမွေးအကြိုင် ) ထည့်ထောင်းထားသဖြင့် မြိန်ရည်ယှက်ရည် စားသောက်လိုက်ကြသည်။ စားသောက်ပြီးသောအခါ ရဲဘော်တယောက်သည် ဟန်ကောများကို ရေပန်းကျနေသော နေရာသို့ဆေး ကြောရန် ယူသွားရင်း သီးချင်းတပိုင်းတစ ဆိုသွားသည်ကို ကျနော်ကြားလိုက်ရသည်။ “ငါသည်တော်လှန်ရေး xxx လုပ်ရမယ်လေ xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရှိရမယ် xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရသင့်ပါတယ်” …. ကျနော်တို့ ရဲဘော်များသည် အသားထုတ်ပေးသောနေ့ ဟင်းကောင်းသောနေ့များတွင် တက်ကြွ၍ အထက်ပါ သီချင်းမျိုးကို ဆိုတတ်ကြပြီး ပင်ပမ်းပြီး ဟင်းမကောင်းရင်တော့ စိုင်းထီးဆိုင်ရဲ့….စိတ်ဓါတ်ကျတယ် ဆိုတဲ့ သီချင်းကို… ဆိုတတ်ကြတယ်လေ။

ထိုတောင်ယာမှ တညအိပ်နှစ်ရက် ဆက်လျှောက်ပြီးသောအခါ ကေအိုင်အေ နည်းဗျုဟာ (၄) တပ်စခန်းကို ရောက်ခဲ့ကြသည်။ ထိုစခန်းသည် ဆားမှော်ရဲ့ အရှေ့မြောက်၊ ထိုပူးအရပ်ရဲ့ အရှေ့တည့်တည့်၊ မိုးကောင်းအရှေ့မြောက်အရပ်တွင် တည်ရှိပြီး စခန်း၏သုံးဖက်တွင် ဆက်စပ်နေသော တောင်ကုန်းများဖြင့် ကာရန်ထားသည် ကျန်တဖက်သည် မြေပြန့်ဖြစ်ပြီး ရွာဟောင်းဖြစ်သည်။ ကျနော်တို့ရောက်ပြီး နောက်နှစ်ရက်အတွင်းမှာ မိုးညှင်းဖက်မှ ခရိုင်မှူး ကိုစိန်အေးအဖွဲ့၊ ဆားမှော်ဖက်မှ ဆလန်ကဘာ ဦးထွန်းဖေ အဖွဲ့နှင့် NLD(L.A)အဖွဲ့၊ KIAမှလည်း အမှတ်(၅)(၁၁)(၁၅) တပ်ရင်းများနှင့် တပ်းရင်းအမှတ်(၂၅၁) (၂၅၄)အစရှိတဲ့ ဒေသအသီးသီးမှ တပ်များ နိုင်ငံရေး/စည်းရုံးရေးမှူးများ ရောက်လာကြသည်။ ကျနော်နဲ့အတူ ရဲဘော်သစ်များ တပ်စိတ်တစိတ်သည် ချောင်းကလေး၏ တဖက်ကမ်း ရွာဟောင်းလမ်းတွင် ရှေ့ကင်းအဖြစ် တာဝန်ယူနေရပေသည်။

အစည်းဝေးစပြီ
နည်းဗျူဟာ(၄) ကွတ်ကဲမှုဒေသ အသီးသီးမှ တပ်များစုံပြီး ဖြစ်သဖြင့် ၁၉၉၂ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ရန်သူကို မည်သို့နိုင်ငံရေး/စစ်ရေးများ ထိုးစစ်ကို ဘယ်လို မြှင့်တင်ဆောင်ရွက်မလဲ ဆိုတာကို စတင်ဆွေးနွေးကြသည်။ ကရင်ပြည်နယ် ကေအန်ယူ ထိမ်းချုပ်ရာ မာနယ်ပလောတွင် နိုင်ငံရေးအရ အားကောင်းသော တပ်ပေါင်းစုကြီးကိုဖွဲ့ပြီး ဒီအေဘီ စစ်ကြောင်းများဖြင့် စတင်ထိုးစစ် ဆင်နေသော အချိန်လည်းဖြစ်သည်။ မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင် ကိုသံချောင်း၊ ကိုလဆိုင်းတို့ အဖွဲ့သည် မြစ်ကြီးနားမြို့ လေဆိပ်အနီး တဖက်ကမ်းရှိ စန်းကားဖက်သို့ ထိုးစစ်ဆင်ရာ အပြန်တွင် ရန်သူ့လက်နက် (၅)လက်ရခဲ့သည်ဟု စက်သတင်းဝင်လာသည်။ ထိုသတင်းကို ကြားတော့မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းရေးမှူးကိုမျိုးဝင်းသည် အားကျမခံ “ ငါတို့ဘက်ကလည်း အနည်းဆုံး (၆)လက်ရမှ ပြန်လာမည် ”ဟု ပြန်ပြောသည်။ ထိုစဉ်က တပြည်လုံးတော်လှန်မှ တပြည်လုံး အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း ဖြတ်ကနဲ တွေးမိနေသေးသည်။

ထမင်းရှာရန်သူတွေ့
၁၉၉၂ ဇူလိုင် (၁၂) အစည်းဝေး ဒုတိယနေ့အဖြစ် စတင်ကျင်းပနေသည်။ အစည်းဝေးကို နံနက်(၉)နာရီတွင် စနေကြပြီ ကျနော်တို့ ရှေ့ထွက်အဖွဲ့သည်လည်း နံနက်စာစားပြီး၍ မိမိအိမ်ပြန် ရောက်သည့်အလား စားပြီးဟန်းကောများကိုပင် မသိမ်းသေး အိပ်ယာခြင်ထောင်များလည်း ဖရိုဖရဲနဲ့ စိတ်အေးလက်အေး ဆေးလိပ်လိပ်သောက် စကားဖေါင်ဖွဲ့နေကြသည်။ ထိုအချိန်မှာပဲ ရုတ်တရက် “ ဝုန်း ”ဆိုတဲ့ အသံနက်ကြီးတခု ကြားလိုက်သည်။ ကျနော့ လက်ပါတ်နာရီကို တချက်ဖြတ်ကနဲ ကြည့်မိလိုက်သည်မှာ နာရီလက်တန်သည် မနက်(၁၀)နာရီကို (၁၀)မိနစ်စွန်းစပြု နေပြီဖြစ်သည်။

ရဲဘော်တယောက်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောနေသေးသည် “ ဒါတောကောင် တကောင် ကောင် မိုင်းနင်းမိတာပဲ ဖြစ်ရမယ် ညနေစာကိုတော့ အသားဟင်းစားရအုံးမယ် ထင်တယ် ” ကျနော်ကတော့ ရဲဘော်တွေကိုလှမ်း သတိပေးလိုက်သည်။ “ အိပ်ယာတွေတော့ သိမ်းထားကြဟေ့ ဘာမှန်းမသိဘူး ” ဟုပြောပြောဆိုဆို နောက်(၅)မိနစ်အကြာတွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျနော်လည်း အဲဒီအခါကြမှ စကားပြောစက် ကမှန်းကတမ်း ကောက်ဖွင့်သည်။ ရဲဘော်တွေကို ပစ္စည်းများ အမြန်သိမ်းရန် လှမ်းပြောလိုက်သည်။ သိပ်မကြာပါ လက်နက်ကြီးအသံများ ဆက်တိုက်ကြားနေရသည်။ ဘယ်ကို ကျနေမှန်း ကျနော်တို့မသိ ကျနော်၏ စကားပြောစက်မှ ညွန်ကြားချက်ပေးသံ ထွက်ပေါ်လာသည်။ ကျနော်၏ တပ်စိတ်ကို သူ့နေရာသို့ အမြန်လာရောက် ပူးပေါင်းရန်ပြောနေသည်။ ကျနော်ရဲဘော်များ မကျန်အောင်စောင့်ခေါ် နေရသည်။ ကျနော်၏ စကားပြောစက်ထဲတွင် ကိုမျိုးဝင်းဆဲသံများ ဆက်တိုက်ထွက်လာသည် “ ဟေ့ကောင် မင်းသေနေပြီလား မြန်မြန်လာပါဆို ” ကျနော်နဲနဲ စိတ်တိုသွားသည်။ ကျနော် ရေချောင်းလေး ဖြတ်အကူးတွင် လက်နက်ကြီးအသံနဲ့အတူ လဲကြသွားသည် ရွံနဲ့ချော်၍ လဲကျသွားခြင်း ဖြစ်သည်။ ကျနော်ပြန်ထပြီး ပါတ်ဝန်းကျင်ကို အကဲခတ်လိုက်သည် ကျနော်တို့ တဲဖက်က ဝါးရုံများ ရန်သူရဲ့ လက်နက်ကြီးဒါဏ်ကြောင့် မြေကြီးတွင် ပြားပြားဝပ်ကာ ခံစားနေကြလေပြီ။

ကျနော်၏ တပ်စိတ်သည် ခဏအတွင်းမှာပင် အတွင်းရေးမှူး ကိုမျိုးဝင်း ဆီသို့ရောက်သွားကြသည်။ ထိုအခါတွင် ကိုမျိုးဝင်းသည် စောစောက သူမဆဲထားတဲ့ မျက်နှာမျိုးနဲ့ ကျနော့်ကို အပြုံးနှင့်ကြိုဆို၍ “ မင်းတို့ဖက်က လက်နက်ကြီးကျည်တွေ တအားကျနေတော့ ငါက စိုးရိမ်နေတာ ” ဟု မှတ်ချက်ပြု ပြောသည်။ နောက် ဆားမှော်ဖက် တာဝန်ယူရသည့် စစ်မြေပြင်ထောက်လှမ်းရေး ရဲဘော်ဗညားမှ ကျနော့်အား လှမ်းနုတ်ဆက်၍ ပလပ်စတစ်ခွက်ထဲမှ အရက်တခွက်ကို လှမ်းပေးသည်။ ကျနော်လည်း လှုပ်ရှားနေတဲ့ စိတ်တွေငြိမ်သွားအောင် အဖြေမပေးပဲ တချိုးထဲ မော့ချလိုက်သည်။ ပြီးမှ အခြေအနေ မေးကြည့်သည်။

“ စခန်းလုံခြုံရေးအတွက် ကေအိုင်အေ တပ်စိတ် တစိတ်တင်ထားတဲ့ ကုန်းဖက်ကို ရန်သူဝင်လာလို့ မိုင်းအရင် ထကွဲတယ် ကင်းစောင့်နေတဲ့ ရဲဘော်တယောက်က လွဲလို့ ကျန်တဲ့ရဲဘော်တွေမရှိ ကြဘူးတဲ့ ကင်းစောင့်တဲ့ ရဲဘော်လည်း အောက်ကိုပြေးဆင်းရော ရန်သူက အဲဒီကုန်ကိုယူပြီး အပေါ်စီးက ပစ်နေတာ လက်နက်ကြီးက ဒီကိုကျော်ပြီး မင်းတို့ဖက်သွား ကျနေလို့ အတွင်းရေးမှူးက စိတ်ပူနေတာ ”ဟု ရဲဘော်ဗညားမှရှင်းပြသည်။ အဲဒီအချိန်အထိ ကျနော်တို့ဖက်က သေနတ်သံ တချက်မျှ မထွက်သေးပါ။ ရန်သူစီးထားသော ကုန်းကိုပြန်တက်ထိုးဖို့ ပြင်ဆင်နေကြသည်။ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့လည်း တိုက်ခိုက်ရေး အင်အားကို ထုတ်နုတ် ပြန်လည်စုဖွဲ့သည်။




ရဲဘော်မြအောင်နဲ့ ရဲဘော်တာတီး ဦးဆောင်တဲ့ တပ်စိတ်တစိတ်။ ကျနော်နဲ့ ရဲဘော်ဗညား ဦးဆောင်တဲ့ တပ်စိတ်တစိတ် စုစုပေါင်းတိုက်ခိုက်ရေး တပ်စိတ်(၂)စိတ်သာ ထုတ်နုတ်နိုင်သည်၊ ရဲဘော်နိုင်ဦးကိုတော့ ရဲဘော်သစ်များကို အုပ်ချုပ်ရန် NLD(L.A) အဖွဲ့နဲ့ ထားခဲ့ရသည်။ ကေအိုင်အေ တပ်တွေတော့ ကုန်းကိုဝိုင်း၍ စတင်တက်ထိုးနေပြီ ဖြစ်သည်။ ကေအိုင်အေမှ တဖွဲ့ လန်၍ဆင်းလာသည်ဟု သတင်းကြားသောအခါ ကိုမျိုးဝင်းသည် ဗျူဟာမှူးထံ ကျနော်တို့အဖွဲ့ တက်ထိုးမည်ဟု ခွင့်သွားတောင်းသည်။ အဲဒီအချိန်တုန်းက ဗျူဟာမှူးက ဗိုလ်မှူးလဇိန်ဘောက်နော် (လိုင်ဇာတွင် ဗုံးခွဲလုပ်ကြံခံရ၍ သေဆုံးသွားသူ)၊ ဒုတိယ ဗျူဟာမှူးက ဗိုလ်မှူးလဆမ်အောင်ဝါ(ယခု ကေအိုင်အေ ခွဲထွက်)။ ဗိုလ်မှူးလဇိန်ဘောက်၏ ခွင့်ပြုချက် ရသည်ဆိုရင် အတွင်း ရေမှူးမျိုးဝင်းသည် သူစိတ်ကြိုက်ရဲဘော်များနှင့် စိတ်ကြိုက်လက်နက် တပ်ဆင်ကာ တက်ထိုးရန် ထွက်သွားသည်။ ကျနော်နဲ့ ဗညားဦးဆောင်တဲ့ တပ်စိတ်က ပွိုင့်(5) လုံခြုံရေးအတွက် လက်နက်ကြီး ကုန်းတွင် နေရာယူရသည်။ ညနေပိုင်းရောက်မှ အပြင်းအထန်ပြန်လည်း တိုက်ခိုက်တော့ ရန်သူက ခံစစ်အနေအထားကို ပြန်ရောက်သွားသည်။ တတောလုံး တတောင်လုံး ကာဗိုက်ယမ်းငွေ့များနဲ့ ဖုံးလွှမ်းနေသည် ရန်သူဖက်မှ အော်သံ/ဆဲဆိုသံများ ထွက်ပေါ်နေဆဲ။ ညပိုင်းကို ၀င်ရောက်လာ သောကြောင့် အမှောင်ထုက တဖြေးဖြေး ဖုံးလွှမ်းစပြုလာသည်။


ကျနော်တို့ရဲ့ ပွိုင့်(5)စက်ကြီး ပစ်လျှင် မီးရောင်များ ပါတ်ဝန်းကျင် တ၀ိုက်လင်းလျက် သွားစေသည်။ စက်ကြီးသေနတ်ကို တာဝန်ယူ ပစ်ခတ်ရသော ကချင်ရဲဘော်မှာ လက်နက်ကြီးဆူညံသံကြောင့် နားအုံကွဲကာ နားမကြားရတော့ပါ့….ပြင်းထန်သည့် စက်ကြီးသေနတ်သံများကို ကာကွယ်ရန် နားကျပ်တို့ ဦးထုတ်တို့ စသည့် အကာအကွယ်များ မရှိမှုကြောင့် ထိုရဲဘော်၏ နားစည်သို့ပြင်းထန်တဲ့ စက်ကြီး သေနတ်သံများက ဖျက်စီးပြစ်လိုက်ပြီ ဖြစ်သည်၊ ရန်သူ၏(၆၀)မော်တာ ကျည်ဆံများလည်း တခါတရံ ကျနော်တို့ဖက်သို့ ရစ်ဝဲလာနေခြေပြီ။ ထို့ကြောင့် စက်ကြီးသေနတ်ကို နေရာရွေ့ရန် ညွန်ကြားချက်ဝင်လာသည်။ ပွိုင့်(5)သေနတ် ရွေ့ရန်သာ ညွန်ကြားချက်ပါပြီး ကျနော်တို့ တပ်စိတ်နေရာရွှေ့ရန် ညွန်ကြားချက်ပါမလာ။ ပွိုင့်(5)စက်ကြီးအဖွဲ့ ရွေ့သွားသောကြောင့် ကျနော်တို့ တပ်စိတ် ထိုနေရာတွင် ကျန်နေကြသည်။ တိုက်ပွဲကြားထဲတွင် နေရာယူ၍ စကားပြော ဖြစ်နေကြသည်။ ထိုတပ်စိတ်တွင်ကျနော်ရယ် ရဲဘော်ဗညား၊ ရဲဘော်ဝင်းရွှေ၊ ရဲဘော်ခွက်ကြီး၊ ရဲဘော်မြင့်ဝင်း၊ ရဲဘော်အငယ်လေး စုစုပေါင်း (၆)ယောက်ဖြစ်သည်။ မိုးချုပ်လာ၍ သေနတ်သံများက မစဲသေး ယမ်းငွေ့များကြားတွင် ယမ်းနံ့များကြောင့် ရဲဘော်တိုင်း ထမင်းစားချင်စိတ် သိပ်မရှိကြပါ။ သို့သော်လည်း ဗိုက်ထဲမှ အစာအိမ်ရဲ့ အချက်ပေးမှုကြောင့် ထမင်းစားရန် သိလာရပြန်သည်။

တွေ့ပြီထမင်း
တိုက်ပွဲဖြစ်လျှင် အနီးစပ်ဆုံးရွာများမှ ထမင်းဟင်းချက်၍ ထမင်းထုပ်များ ပို့ပေးကြသည်။ ရွာနဲ့က မနီး ထမင်းလည်း မချက်နိုင်သော တိုက်ပွဲများတွင် ရိက္ခာခြောက်ရှိလျှင်ရှိ မရှိလျှင် ဆန်ကိုဝါးစားပြီး တိုက်ကြရသည်။ ယခုတိုက်ပွဲတွင် ထမင်းထုပ်များ တိုက်ပွဲကြားထဲ လိုက်ဝေနေသည်။ ကျနော်တို့ဖက် မရောက်လာ၍ တောင်ကြောအတိုင်း သွားပြီး ထမင်းထုပ်နေသော နေရာလိုက်ရှာကြသည်။ လက်ပါတ်နာရီကို ကြည့်လိုက်တော့ ည(၈)နာရီ(၄၅)မိနစ် ရှိနေချေပြီ၊ သစ်ပင်ခြေရင်းတွင် ၀ပ်နေသော ကချင်ရဲဘော်များကို ကျနော်တို့ ကချင်လို မေးကြည့်သည် “ အေ့ခေါင် ရှပ်ဂရာကော့ ငါအီး ” (ယောက်ဖ ထမင်းက ဘယ်မှာလဲ )ဟု ရဲဘော်ဗညားမှ မေးလိုက်သည် “ရှောင်းတဲ့” (အရှေ့မှာ)ဟု ကချင်ရဲဘော်မှ ပြန်ဖြေသည်။ ကျနော်တို့ ရှေ့ကိုဆက်သွားပြီး မေးတော့ စောစောက အတိုင်းသာဖြေသည်။ တောင်ကြောအတိုင်း ကေအိုင်အေ ရဲဘော်များ ၀ပ်၍ နေရာယူနေကြသည် ကျနော်တို့(၆)ယောက်ကတော့ လမ်း လျှာက်ပြီး ထမင်းထုပ်သာ လိုက်မေးနေတော့သည်။ ဆက်မေး၍သာ လာခဲ့ရာ အရှေ့နားတွင် ထမင်းထုပ်ခြင်းတောင်ကြီးကို တွေ့သဖြင့် တယောက်ကို နှစ်ထုပ်စီ ယူပြီးသောအခါ အရှေ့ကို ဆက်သွားခိုင်းသောကြောင့် ကျနော်မေးလိုက်သည် “အရှေ့မှာ ဘာရှိလဲ ယောက်ဖ” ကချင်တပ်မှူးတယောက်က “အရှေ့မှာရန်သူပဲရှိတော့တယ်”ကျနော်ကြောင်
သွားသည်။ ငါတို့ကို ဘာလို့သွားခိုင်းတာလဲလို့ မေးတော့ “မင်းတို့ တက်ထိုးမလို့ လာတာ မဟုတ်ဘူးလား ”“ မဟုတ်ဘူး၊ ငါတို့ ထမင်းထုပ်လာယူတာ” မင်းတို့ တက်ထိုးပါဟု ပြောလာသည်။ အဲဒီအခါကြမှ ကျနော် သေသေချာချာ သိလိုက်သည်မှာ ကုန်းပေါ်ကို တက်ထိုးလိုက် ပြန်လန်ကျလာလိုက် ဖြစ်နေသောကြောင့် ကချင်ရဲဘော်များ တက်ထိုးရန် တုန့်ဆိုင်းနေကြသည် ဖြစ်သောကြောင့် ကျနော်တို့ကို တက်ထိုးခိုင်းခြင်း ဖြစ်သည်။

ထိုစဉ် လကလဲ မိုက်မိုက်၊ ဗိုက်ကလဲ ဆာဆာ၊ ဥတ္တရ ယဉ်စွန်းတန်း တနေရာဆီ မတော့ ညဦးယံကို ကာဗိုက်ယမ်း ရနံ့တွေနဲ့ သုတ်လူးထားလို့ နေတယ်။

မောင်မောင်ခင် (ရမ္ဘို)