လွန်ခဲ့တဲ့ အနှစ်၂၀က မြန်မာ့သမိုင်းရဲ့ အထင်ကရ ရှစ်လေးလုံးမုန်တိုင်းဟာ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ ဗဟိုပြုလို့ အာဏာရှင် သဘောက်ဘ၀ လွတ်မြောက်ရေး အတွက် ကျောင်းသားများ မာန်ဟုန်ဝင့်ပြတာကို စစ်အာဏာရှင်တစုက တပြည်လုံးကို သွေးနဲ့ဖြန်းပြီး နိုင်ငံတော်အာဏာကို ကျဉ်ဆံတွေနဲ့ တံတိုင်းခတ် ကာရံထိမ်းချုပ်လိုက်တော့ နိုင်ငံရဲ့ အနာဂါတ်တွေဟာ စာသင်ခန်းကို စွန့်ပြီး ကာဘိုက်ယမ်း ရနံ့စွဲနေတဲ့ လက်များနဲ့ အာဏာရှင်တွေကို တိုင်းပြည်ရဲ့ နယ်ခြားဒေသ တွေကနေ ပြုပြင်ပြောင်းလဲရေး ရာဇသံပေးတဲ့ အထဲမှာ ကျုပ်လဲ ထဲထဲလူလူ ပါလာပါတော့တယ်။
အချိန်ကာလက နွေရာသီကုန်လို့ မိုးဦးကို ရောက်တော့မယ် စပ်ပူစပ်လောင် ရာသီက မိုးကို စောင့်မျှော်နေတဲ့ ပုဇဉ်းရင်ကွဲ အသံတွေနဲ့ ဆူညံနေကြတယ်လေ၊ မိုးကိုခေါ်နေတဲ့ ဖားလေးတွေရဲ့ တကွပ် ကွပ် အော်မြည်သံများကလည်း ကချင်ထောင်ကာလို နရီစည်းချက် ကျလွန်းလှတယ်။
ဒီနေ့တော့ ဗဟိုနဲ့ စက်စကားပြောရန် ချိန်းထားလို့ ရဲဘော်နှစ်ယောက်နဲ့ ဆိုင်းဂျာဘွန့် တောင်ထိပ်ကို ကျနော်တို့ တက်လာခဲ့ကြတယ်။ တောင်ထိပ်ရောက်ပြီး နာရီဝက်ခန့် အကြာမှာတော့ ဗဟိုက စက်ဝင်လာလို့ လက်ထဲက လမ်းလျှောက်စကားပြောစက်မှ “ဟီးနိုး ကြားလား” “ဟီးနိုး ကြားလား” အိုကေ “ကြားတယ်” အစပြု ပြန်ဖြေလိုက်တော့ အတွင်းရေးမှုး ရဲဘော်မျိုးဝင်းနဲ့ တဆင့်ခံ စကားပြောဖြစ်ကြသည်။ သူက ဗဟိုကို ပြန်ခေါက်လာရန် ညွန်ကြားချက်ပေးတော့၊ ကျနော့စိတ်မှာတော့ ဒီတော့လည်း ပြန်ရသေးတာပေါ့ ဟု မရိုးမရွ ဖြစ်နေမိသည်၊ ကျောင်းသားတပ်မတော် မြောက်ပိုင်းသည်အမိန့် နာခံမှုရှိအောင် တပ်စတည် ကတည်းက လေ့ကျင့်ထားသောတပ်ဖြစ်လို့ အထက်အမိန့်ကို နာခံယုံမှလွဲလို့ မှတပါးအခြားမရှိ။
ဥတ္တရ ရပ်ဝန်းဆီသို့
ပြက္ခဒိန်စာမျက်နှာ ပြေးမြင်ကြည့်တော့ ခရစ်သက္ကရာဇ် ၁၉၉၂ခုနှစ်၊ ကျနော်တာဝန်ကျရာ ဖားကန့်ဒေသ ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရာဒေသကို စွန့်ခွာ၍ ဌာနချုပ်ရှိရာ တရုတ် - မြန်မာနယ်စပ် ပါဂျောင်ဒေသသို့ ပြန်ရတော့မည်။ ဖားကန့်ဒေသတွင် ကျနော်တနှစ်ကျော် လူထုစည်းရုံးရေးနဲ့ ဘဏ္ဍာငွေရှာဖွေရေး အတွက် တာဝန်ကျခဲ့ခြင်းဖြစ်သည်။ ကျနော်နဲ့ ရဲဘော်တချို့ တိုင်ပင်ကာ ပြန်ရန်လမ်းကြောင်းများကို စီစဉ်ရတော့သည်။ ကျနော်တို့အဖွဲ့ ပြန်ရန်၊ ယခုကျနော်တို့ တာဝန်ကျနေသော ဖားကန့်ဒေသမှာ ကျောင်းသားတပ်မတော် မြောက်ပိုင်းဗဟို၏ အနောက်တောင်ဖက် ယွန်းယွန်းတွင် ရှိနေသည် ခရီးစဉ်၏အလယ်တွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းနှင့် ဧရာဝတီမြစ်ကြီးက ကန့်လန့်ဖြတ်ခံနေပြီး ခရီးက အရှေ့နှင့်အနောက် ရှည်လျားလွန်းလှသည်၊ တောလမ်းကဆိုလျှင် အဆင်မပြေနိုင် လိုက်ပါပို့ဆောင်ပေးမည့် လုံခြုံရေးတပ်မရှိ၊ မဟာမိတ်၏ အကူညီလည်းမရနိုင်၊ ကျနော့်မှာ ရွေးစရာ လမ်းတလမ်းပဲရှိတော့သည်၊ ခရီးသည်တွေနှင့် ရောလိုက်သွားတဲ့လမ်းပေါ့ ဒီလမ်းသည် အန္တရာယ်ကများ၏။ ရဲဘော်တူးတူး(မြစ်ကြီးနား) ရဲဘော်နိုင်ဦး(ကောလင်း)၊ ရဲဘော်ခွက်ကြီး(ကသာ) တို့ဦးဆောင်ပြီး ရဲဘော်သစ်များနှင့် ဟောင်ပါးလမ်း၊ ကျနော်နှင့် ရဲဘော်ဝင်းရွှေအပါအ၀င် ကျနော်တို့ကို အကူညီပေးနေသည့် အမျိုးသမီး(၂)ဦးနှင့် ဝေခါလမ်းကို ရွေးချယ်ပြီး၊ ရဲဘော်အချို့ကို ဖားကန့်ဒေသတွင် တာဝန်ပြန်ချထားပေးခဲ့သည်။ ထိုမိန်းကလေး(၂)ယောက်ကို အကူညီတောင်းခံခဲ့ရခြင်း အကြောင်းမှာ ကျနော်တွင်ပါလာသော တရုတ်လုပ် အမ်(၂၀)သေနတ် အတိုတလက်၊ စကားပြောစက်တလုံးနှင့် တီအမ်တီ(ယမ်းဘီလူး) တချောင်းကို ၀ှက်ပြီး သယ်ဆောင်ခဲ့ခြင်း တို့ကြောင့်ဖြစ်သည်။
ခရီးနှင်ကြပြီ
ဆိုင်းတောင်ရွာ(ဆိတ်မူရွာ)က နံနက်စောစော ခပ်သုတ်သုတ် ခြေလျှင်ခရီး စထွက်ခဲ့ကြသည်၊ ဆိုင်းတောင်ကျော်ပြီး ရေချောင်းလမ်းကလေး အတိုင်း လိုက်လာလိုက်လျှင် ကုန်းကလေးများ တောင်ကမူလေးများကို ကျော်လိုက် ရေချောင်းကို ပြန်တွေ့လိုက်နဲ့ လာခဲ့ကြသည်။ ဒီလိုနဲ့ ရေကြည်ရွာတော့ ရောက်ပြီးခဏ ခရီးဆက်ထွက်ခဲ့ကြသည် နေ့လည် (၁၂)နာရီ မွန်းတည်းချိန်လောက်တော့ မှော်ဂလုံအရပ်ကို ရောက်ပြီး နေ့လည်စာစားကြသည်။ ဆိုင်ရှင်က ကျနော်တို့ကို အမောပြေဆိုပြီး တွံတေးသိန်းတန်သီချင်း ဖွင့်ပြတော့ကျနော်တို့ လေးယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး ရီပြုံးမိကြသည်။ ထိုနေ့တွင် နေက သိသိသာသာအတော်ပူ၍ နေ့လည်စာစားပြီး ကျနော်တို့ လေးယောက် ရီရီမောမောဖြင့် ခရီးပြန် ဆက်ခဲ့ကြသည်။
 ရဲဘော်၊ရဲမေတွေလည်း  အမှန်တရားအတွက် ဒီလိုစိမ်ခေါ်ခဲ့ဖူးတယ်
ရဲဘော်၊ရဲမေတွေလည်း  အမှန်တရားအတွက် ဒီလိုစိမ်ခေါ်ခဲ့ဖူးတယ် အဓမ္မ တောင်းရမ်းသူများနှင့်  တွေ့ဆုံခြင်း
 ကျနော်တို့လေးယောက်  မှော်ဂလုံ အရပ်မှ ထွက်လာ၍  တနာရီခန့် လျှောက်ပြီးနောက်  လမ်းအကွေ့လေးအတိုင်း ဖြတ်လျှောက်လိုက်သည်နှင့်  စစ်ယူနီဖောင်းဝတ် စစ်သားများ  တပ်စိတ် တစိတ်ခန့် တွေ့လိုက်ရပြီး  နောက်ကြောင်းပြန်ခေါက်ဖို့  ဆိုတာလဲမဖြစ်နိုင် သူတို့က  ကျနော်တို့ကို မြင်သွားပြီး  ဒုန်းဆို …. ကျနော် ရင်ခုန်သံတွေ  မြန်နေသည် စိတ်တွေလှုပ်ရှားနေပြီး  “ဘာလုပ်သင့်သလဲ အပြန်ပြန်အလှန်လှန်  မေးခွန်းတွေထုတ်နေမိသည်”  ဆုံးဖြတ်ချက်ချလိုက်သည် လာမဲ့ဘေးပြေးတွေယုံပေါ့  ကျနော်တို့ ဆက်လျှောက်သွားတော့  လက်မောင်းမှာ နှစ်ရစ်ကပ်ထားတဲ့  ဆံပင်ကောက်ကောက်နဲ့ သူက ကျနော့်ကိုခေါ်ပြီး  လမ်းဘေးတွင် ငုတ်တုတ် ထိုင်ခိုင်းထားသည်။  ကျနော်က စပြီးမေးလိုက်သည်  “ဆရာတို့ ဘာအလိုရှိပါသလဲလို့  မေးလိုက်သည်” မင်းတို့ ရှေ့ခရီးသွားလို့  မရဘူးတဲ့ ဆရာတို့ ချောဝန်ထမ်း(အဓမ္မလုပ်အားပေး/  ပေါ်တာ) လိုလို့ လားဟု ကျနော်မေးလိုက်တဲ့  အခါ “မင်းကိုပေါ်တာဆွဲထားတာကွ”တဲ့  ကျနော်နဲ့ပါလာတဲ့ အမျိုးသမီးတယောက်က  ၀င်ရှင်းသည် “ဆရာတို့အတွက်  ဒီမှာ ငါးခြောက်ကြော်တွေ  ပါတယ်လို့” ၀င်ပြောတော့ “မင်းတို့  အဆိပ်ခတ်ထားသလား အရင်စားပြ”  လို့ပြောတော့ ကျနော်တို့  စားပြရသေးတယ်။ ပြည်သူတွေရဲ့  အသက်အိုးအိမ် စည်းစိမ်ကို  ကာကွယ်ပေးမဲ့ တပ်မတော်ဆိုတာ  ဒါမျိုးလားဟု ကျနော့်စိတ်ထဲတွင်  အော့နှလုံး နာလာသည်။ ကျနော်တို့  ငါးခြောက်ဗူးကိုပေးပြီး သူတို့နှင့်  ဆက်ညှိကြသည်။ နောက်ဆုံးမတော့  ကျပ် နှစ်ထောင်ပေး၍ ဖြေရှင်းခဲ့သည်။  ကျန်တဲ့ ခရီးသည်တွေလည်း ကျနော့်နည်းတူ  မရှိ ရှိတာလေးတွေ ပေးပြီးသွားကြရသည်  ရှိတာတွေအကုန် တရားဝင် အမိန့်တော်ရသဖွယ်  ဓါးပြတိုက်ကြသည်။ 
တနေရာထဲ  ဓါးပြနှစ်ခါ တိုက်ခံရခြင်း
 ကျန်တဲ့သုံးယောက်က  အရှေ့က သွားနှင့်သည် ကျနော်နောက်ချန်  ၍ အသာလေးမျှော လိုက်ကာ ခြေလှမ်းသုံးဆယ်ပင်မလျှောက်ရသေး  ရှေ့က နောက်တချုံထဲမှ စစ်သား  နှစ်ယောက်ထွက်လာပြန်ပြီး  ကျနော်ကို လမ်းနဘေးဆင်းခိုင်းကာ  ချုံထဲသို့ခေါ်ပြီး ထိုင်ခိုင်းပြန်သည်၊  ရှေ့လူတွေတော့ လွှတ်ပေးလိုက်ပုံရသည်  ရစ်ချင်ပြန်တော့ ကျနော်တယောက်ထဲ။  ကျနော်က အကျိုးသင့်အကြောင်းသင့်  ပြောပြသော်လည်းမရ မကြာဝံ့မနာသာ  စကားများဖြင့် ရိုင်းစိုင်းစွာ  ပြောဆိုဆက်ဆံသည်၊ ကျနော့်အိတ်ကိုဖွင့်ရှာမည်ပြောတော့  ကျနော်က အဆင်ပြေအောင်ညှိပါဟူပြောတော့  ပျက်ရယ်ပြု၍ စကားပင် ကောင်းကောင်းပင်  ပြောဆို၍လည်းမရ ထိုစဉ် ကျနော်စဉ်းစားမိသည်မှာ  ဒီကောင်တွေ “လူမှဟုတ်ရဲ့လား”  သူတို့ စစ်သင်တန်းတွေမှာ  လူထုကိုဗိုလ်ကျဖို့တို့ ဘာတို့  သင်ပေးထားလားမသိတော့ အတွေးထဲစဉ်းစားနေမိသည်  လူနဲ့မတူ၊ အရိုင်းစိုင်းတွေ  ဖြစ်လို့နေသည်။ ထိုစဉ် အကြံတခုရလာ၍  “ကျနော့်မိန်းမ မီးဖွားတော့မှာမို့  ကျနော့်ကို လွှတ်ပေးပါရန်”  တောင်းပန်ပြောတော့ သူတို့သေနတ်  ဂျီသရီးကို ကျနော့်နားထင်မှာ  လာထောက်ထားသဖြင့် ကျနော်က  အိတ်ထဲမှ ငါးသုံးလုံးစီကရက်ကို  ထုတ်ပေးတော့ မသောက် ၊သူတို့ဆီက  ရွှေရောင်ဘင်ဆင် အန် ဟက်ဂျက်(စ်)  စီကရက်ဗူးကိုထုတ်ပြီး ကျနော့်ရှေ့ပစ်ချပြီး  “ဟေ့ကောင်မင်းက ငါတို့ကို  ဘာကောင်တွေမှတ်လဲ မင်းကို  ငွေနဲ့ အခုပေါက်သတ်လို့ရတယ်”  ဆိုပြီး ဟောက်ငမ်းကာ သူတို့အိတ်ထဲမှ  ပိုက်ဆံအထပ်လိုက် ပစ်ချပြသည်  လူထုဆီက ငွေကိုဓါးပြတိုက်ကာ  မသထာရေစာ ရထားသည်ကို ပီတိဖြစ်ကာပြောနေ  ခြင်းဖြစ်သည်။ ကျနော်တော်တော်စိတ်တို၍  ထောင်းကနဲဖြစ်ကာ ဘေးနားတွင်  ထောင်ထားသောသူတို့ သေနတ်ကိုဆွဲလုပြီး  အသေခံ ပစ်လိုက်ရမလားလို့  စဉ်းစားမိလိုက်သည်။  
မဖြစ်သေးဘူး  ဒီလိုတန်းဖိုးမရှိတဲ့ ကောင်တွေနဲ့တော့  မိမိကိုမလဲနိုင်ပါ၊ ဒေါသကို  ထိမ်းမှ ဖြစ်မည်၊ ကျနော့်ရည်မှန်းချက်  မရောက်သေး၊ ထိုကြောင့်အချိုသတ်၍  ဆက်လက်ညှိုနိုင်းတော့ ကျပ်  ခုနှစ်ထောင် တောင်းသည် နောက်တော့  ကျပ်လေးထောင်နဲ့ အဆင်ပြေအောင်  ညှိုနိုင်းရသည်။ ထိုအရိုင်းအစိုင်း  နှစ်ကောင်မှာ ပိုက်ဆံရသွားသောအခါ  မတော်လောဘပြုံးပြုံးပြပြီး  မဲမှောင်တဲ့ သူတို့ အသားအပေါ်မှ  ၀င်းဝါနေတဲ့ တကျပ်သားခန့်  ရွှေဆွဲကြိုး နှစ်ကုံးစီနဲ့  လက်ကနဲတွေ့လိုက်ရပြီး မင်းကို  နောက်ထပ်တပ်နဲ့ တွေ့ယင် မှော်ဂလုံတပ်က  ဗိုလ်ကြီးမင်းမင်းမြတ်နဲ့  တွေ့ပြီးပြီလို့ ပြောကြားလား  သွားတော့တဲ့ “ကျနော် အချိန်၂ခါကုန်  ငွေ၂ခါ ပေးလိုက်ရသည်။ ကျနော်တယောက်ထဲ  ဆက်ထွက်တော့ အရှေ့နားမှာ  စိတ်ပူစွာစောင့်နေတဲ့ ကျနော်တို့အဖွဲ့ကို  တွေ့လိုက်ရတော့ သူတို့ဝမ်းသာသွားကြသည်။  ကျနော်ကတော့ ဒေါသကိုချုပ်တည်းခဲ့သမျှ  ယခုထိစိတ်တိုမပြေဆဲ …..။ ကျနော်တို့  ရှေ့ဆက်သွားမည့် လမ်းကြောင်းကို  ပြန်ပြင်သည်။ ဒီတိုင်းဆက်သွားရင်  မဖြစ်နိုင်တော့၍ “မပြင်ရွာ”ဘက်ကို  ဖောက်ထွက်မည် ရွာရောက်မှ  သတင်းစုံစမ်းပြီးမှ ဆက်သွားမည်ဟု  ဆုံးဖြတ်ခါ ခရီးထွက်ခဲ့သည်။  လူထုကိုနှိပ်စက် ကလူပြုနေသော  စစ်တပ်ကို ကျနော်တခုခု တုန့်ပြန်ချင်နေသည်  ကျနော်တို့ လေးယောက်အတွေး  ကိုယ်စီဖြင့် ခရီးဆက်ခဲ့ကြသည်၊  တယောက်နဲ့တယောက် စကားမပြောဖြစ်ကြ  သူတို့ရင်ထဲလည်း တခုခုတော့  ရှိမှာနေမှာပါ၊ ရောက်ချင်ဇောနဲ့သာ  သဲသဲမဲမဲလျှောက်ခဲ့ကြသည့်လမ်း  ဘယ်သူမှလည်း အတိအကျမသိ။ ညနေလဲစောင်းခဲ့ပြီ…..။  ခရီးကတော့ တော်တော်ပေါက်သည်ဟု  ယူဆနိုင်သည်။ သို့သော် ကျနော်တို့  သွားချင်သော “မပြင်ရွာ” ကိုအခုထိတော့  အရိပ်အယောင်တောင် မတွေ့ရသေးချေ။  
 မြောက်ပိုင်းကျောင်းသားတပ်မတော်  ( ဗဟို)
မြောက်ပိုင်းကျောင်းသားတပ်မတော်  ( ဗဟို) မပြင်ရွာသို့  ခရီးနှင်ခြင်း
 အမှောင်ထုက  ကျနော်တို့လေးယောက်ကို စတင်စိန်ခေါ်နေပြီ၊  မိုးကလည်း ချုပ်လာပြီး ဓါတ်မီးတလက်နဲ့  လူလေးယောက် လမ်းဆုံးရင်တော့  ရွာရောက်မှာဘဲဟု အတွေးနဲ့ဆက်သာ  လျှောက်နေကြသည်။ လမ်းကမြေကြီးလမ်းဟောင်း  အမှောင်ထုက ဖုံးကွယ်ထားသော်လည်း  မှိတ်တုတ်မှိတ်တုတ်နှင့်  ကျနော်တို့ကို ကူညီနေကြတဲ့  ကြယ်ရောင်တွေက ကျနော်တိုလေးယောက်ကိုလဲ  ခွန်အားပေးနေ သယောင်ယောင်၊  အမှောင်ထဲမှာ ဇွတ်တိုးပြီး  မိနစ်(၂၀)လောက် ဆက်လျှောက်ပြီးသောအခါ  အဝေးမှ မီးရောင်ကို လှမ်းမြင်ရပြီ  ကျနော်တို့ထဲက မိန်းကလေးတယောက်က  ဦး … ရွာရောက်တော့မယ်လို့  အသိချပ်ယင်း လှမ်းပြောသည်။  ကျနော့်ကို တလေးတစား ဦး …  တတ်၍သာ ခေါ်ကြသည်။ အသက်အရွယ်သိပ်ပြီးတော့  ကွာသည်မဟုတ်ပါ။ ရွာထဲကိုကျနော်တို့  ၀င်လာပြီး ဈေးဆိုင်ရှိရာသို့  ဦးတည်ပြီး လာခဲ့ကြသည်။ ဈေးဆိုင်တွင်  စားစရာများကို ၀ယ်ပြီး သေချာအောင်  “ ဒါ … မပြင်ရွာလားလို့ ” မေးတော့  မဟုတ်ဘူးတဲ့ “မပြင်ရွာ” နောက်မှာကျန်ခဲ့ပြီးတဲ့  “ဒီရွာက နားလတ္တံရွာတဲ့” ကျနော်တို့  မကြားဖူးတဲ့ရွာ ဖြစ်နေသည်  ဘာဖြစ်ဖြစ် ဒီညတော့ ဒီရွာမှာ  အိပ်မှရတော့မည်။ တည်းခိုရန်ဘုန်းကြီးကျောင်းကိုမေးတော့  ဈေးဝယ်လာသူတဦးက သူ့အိမ်မှာဘယ်သူမှမရှိဘူး  သူ့အိမ်တွင် လိုက်တည်းခိုရန်ပြောသဖြင့်  ကျနော့်တို့ ပျော်သွားသည်။  အိမ်ရှင်က လေးယောက်စာ ထမင်းချက်ပေးသည်  ကျနော်တို့ ၀ယ်လာသော စားစရာများနှင့်  ထမင်းစားကြပြီး အိမ်ရှင်ကို  သွယ်ဝိုက်ကာမေးပြီး ချောင်းဝကိုသွားလို့ရမည့်  လမ်းကြောင်းမသိမသာ မေးရသည်။  ကျနော်တို့ထဲတွင် ပါလာသော  မိန်းကလေးနှစ်ယောက်ထဲက တယောက်က  ချောင်းဝတွင် အမျိုးတွေရှိသောကြောင့်  ထိုမှတဆင့် ခရီးဆက်ရန် စီစဉ်ရပြန်သည်။  စားသောက်ပြီးသောအခါ ခရီးပမ်းလာသောကြောင့်  မိန်းကလေးနှစ်ယောက်မှာ အိပ်ပျော်၍  ဟောက်ပင်ဟောက်နေကြပြီး။ ကျနော်တို့လည်း  အိမ်ရှင်ကို လမ်းကြောင်းမေးပြီး  တရေးတမော အိပ်လိုက်တော့သည်။ 
 အင်းတော်ကြီးအိုင်  ချောင်းဝရွာသို့
 မနက်(၆)နာရီခန့်တွင်  ကျနော်အိပ်ယာနိုးလာသည် နံနက်စောစော  လတ်ဆတ်နေသော လေနုအေးလေးကို  ရှုသွင်းလိုက်ပြီး ပါတ်ဝန်းကျင်ကို  တင်ကြို လေ့လာလိုက်သည် အေးအေးချမ်းချမ်းနေလိုပြီး  ရောင့်ရဲ တင်းတိမ်ကြတဲ့  ရှမ်းနီရွာကလေး ဖြစ်သည်။  ရွာသူရွာသားများမှာ ရိုသားဖြူစင်ကြသည်  ကူညီရိုင်းပင်းလို စိတ်ရှိသူများဖြစ်ကြသည်။  ပစ္စည်းတွေပြင်ပြီး နံနက်စာ  ရှမ်းခေါက်ဆွဲကို ဘရာကြော်နှင့်  စားပြီး ချောင်းဝဖက် ဆက်ထွက်မလို့  ပြင်နေတုန်း ရွာက အမျိုးသမီးကြီးတယောက်  လာပြောသည် “ချောင်းဝကိုမသွားနဲ့  စစ်တပ်တွေမဲနေတာပဲ ခရီးသွားတွေကို  ပါသမျှချွတ်ယူနေတယ် နာရီပါရင်  နာရီ ဘာမှမရရင် အကျီင်္ပါ မချန်ဘူး  မသွားနဲ့တဲ့” ချောင်းဝဆိုတာ  မိုးကောင်းချောင်း အစပြုရာ  အင်းတော်ကြီးအိုင် ကနေမြစ်ဖျားခံ  ပြီးစီးဆင်းတဲ့နေရာတွင် တည်ထားသောရွာဖြစ်သည်။  အမျိုးးသမီးကြီးရဲ့ သတင်းစကားကြောင့်  ကျနော်တို့ အိမ်ရှင်နှင့်  ပြန်တိုင်ပင်ကြပြန်သည် အိမ်ရှင်က  ရွှေတောင် လမ်းက သွားလို့ရကြောင်း  ရွှေတောင်ကမှ စက်လှေစောင့်စီးပြီး  လုံတုံးစက်လှေဆိပ်ကို သွားလို့ရကြောင်း  ရှင်းပြသည်။ ဒါကြောင့် ရွှေတောင်ကို  လိုက်ပို့ပေးဖို့ လမ်းပြရှာကြသည်  ရှာ၍မရ။ နောက်ဆုံးတော့ အိမ်ရှင်က  သူကိုယ်တိုင်လိုက်ပို့ပေးတာမို့  အရှေ့မှဦးဆောင်ကာသွားသည်  နာရီဝက် လျှောက်ပြီးသောအခါ  မြူတွေအုံဆိုင်း နေတဲ့ကြားက  ထိုးဖေါက်ထွက်နေတဲ့ ရွာလေးကို  တွေ့လိုက်ရသည်။ ဒါ… ရွှေတောင်ရွာပဲတဲ့  အင်းတော်ကြီးအိုင် ဘေးနားတွင်  တည်ရှိနေသော ရွာကလေးဖြစ်သည်။  နံနက်စောစော ဖြစ်တာကြောင့်  စက်လှေတစီးမျှ မလာသေးပါ။  ကျနော်တို့ (၁၅)မိနစ်ခန့် ထိုင်စောင့်အပြီးတွင်  စက်လှေ တစီးရောက်လာသည် လက်တားသောကြောင့်  အရှိန်ကိုလျော့ပြီး ကပ်လာသည်။  ချောင်းဝက ထွက်လာသော လှေဖြစ်သည်  ချောင်းဝအခြေနေ မေးကြည့်တော့  လှေထဲတွင်ပါလာသော ခရီးသည်တွေက  ရှိတာတွေ အကုန်ပေးခဲ့ရပြီတဲ့  မပေးရင်နိုင်လို့ အရိုက်ခံရတဲ့  သူတောင်ရှိကြောင်း ပြောပြတော့  ရင်မောတာ သာအဖတ်တင်ပြီး အကူအညီမပေးနိုင်ခဲ့။  သြော်… ပြည်သူလူထု အသက်အိုးအိမ်စည်စိမ်ကို  ကာကွယ်မယ် ဆိုတဲ့စစ်သားတွေ….  သံမှုန်စား .. ယောကျာ်းကြီး  လုံးလုံးတွေဟာ အခုတော့ ပြည်သူကို  ညှင်းပမ်းလုယက် နေပါလျော့လား။ 
 ရွှေမြဉ္ဇူ  ဘုရားဖူး
 ပန်ချာပီ  သာမက လူမျိုးစုံပါဝင်တဲ့  ကျောင်းသားတပ်မတော်
ပန်ချာပီ  သာမက လူမျိုးစုံပါဝင်တဲ့  ကျောင်းသားတပ်မတော် ကျနော်တို့  စက်လှေခရီးဆက်လာခဲ့ရာ နံနက်(၁၀)နာရီလောက်တွင်  လုံးတုံ စက်လှေဆိပ်သို့ ဆိုက်ကပ်လာသည်။  ကျနော်တို့အဖွဲ့ ကားဖြင့်  ခရီးဆက်ဦးမည် ကားဂိတ်တွင်  သွားရောက်စုံစမ်းရာ ကားထွက်ဖို့  နာရီဝက်ခန့် အချိန်ရှိသေးသည်  ပစ္စည်းများကို ကားပေါ်တွင်တင်ပြီး၊  ကျနော်တို့ ရွာထဲသို့ ၀င်လည်ရန်  လေးယောက်သား ထွက်လာခဲ့ကြသည်။  ရွာထဲတွင်လူတယောက် မောင်းတီး၍  အော်နေသည် “ဟော့ဒီဖက်က… ဟော့ဒီဖက်က  မကြားမရှိနဲ့ လုံးတုံတပ်စခန်းကို  … လုံးတုံတပ်စခန်းကို တအိမ်တရာ  ညှောင့်….? ? နှစ်မိနစ်ခန့်ကြာပြီးမှ  မနက်ဖြန် အရောက်ပို့ပေးရမည်တဲ့”  ကျနော်တို့ တယောက်ကို တယောက်ကြည့်ပြီး  အားရပါးရရီ ဖြစ်ကြသည်။ ထိုဒေသတွင်  စစ်တပ်မှ ရွာကို လုပ်အားပေး  ခိုင်းစေမှုများ အမြဲရှိသော  ဒေသများဖြစ်သည် လုံးတုံစစ်တပ်မှ  သူတို့ တပ်ဝန်းခြံကာရန် ၀ါးဖြင့်လုပ်ထားသော  ၀ါးငြှောင့် များကို ရွာမှလုပ်ပေးရန်  ဆင့်ခေါ်ခြင်း ဖြစ်သည်။ ကျနော်လမ်းလျှောက်ရင်း  နာရီကိုကြည့်လိုက်သည် ကားထွက်(၇)မိနစ်ခန့်  လိုတော့သည်။ ထိုကြောင့်ကျနော်တို့  ကားဂိတ်သို့ ပြန်လာခဲ့ ကြတော့သည်။
  ကားဖြင့်  ခရီးဆက်ကြပြီ
  ကားဆိုတာ  အမိုးဖွင့် ဒုတိယကမ္ဘာစစ်လက်ကျန်  ဂျစ်ကားတွေ လိုင်းပြေးနေကြခြင်း  ဖြစ်သည်၊ မြေကြီးလမ်းအတိုင်း  ကားသွားလျှင် ဖုံလုံးကြီးတွေက  လှိုင်းလုံသဖွယ် ကားကိုဖုံးလွှမ်းကာ  လိုက်ပါလာသော ခရီးသည်များ  အချင်းချင်းကြည့် လိုက်တော့  တကိုယ်လုံး ဖြူဖွေးပြီး မျောက်ဖြူများကဲ့သို့  ဖြစ်နေကြသည်။ ကျနော်တို့  စီးလာသောကားသည် နမ့်မွန်း  သို့ဦးတည်သွားနေသည်။ ညနေ(၃)နာရီလောက်တွင်  ကျနော်တို့ ကားလေးနတ်မွန်း  သို့ရောက်သည်နှင့် ခရီးသည်တချို့  ဆင်းပြီး ကားလေးသည် ကွေ့ပတ်နေသော  နမ့်မွန်းတောင်တက်လမ်းကို  ဒုတိယကမ္ဘာစစ် လက်ကျန်အားဖြင့်  ကျိုးစားပြီးရုန်းတက်ခဲ့သည်။  နမ့်မွန်းတောင်ထိပ် ရောက်သည်ဆိုရင်ပဲ  ဟိုပင်မြို့လေးကို လှမ်းမြင်ရပြီ  ကားဆရာသည် ကွေ့ပတ်နေသောလမ်းကို  ဂရုစိုက်မောင်းနေသည် ဤလမ်းသည်  အန္တရာယ်များသောလမ်းဖြစ်သည်  ကားခဏခဏ မှောက်သောလမ်းဖြစ်သည်  ကျနော်တို့ကားသည် ဟိုပင်  အဝင် ခလရ(၄၀) ဂိတ်မရောက်ခင်  ခရီးသည်နှစ်ဦးဆင်းသွားသည်၊  ဂိတ်ရောက်တော့ ကားဆရာကို  တပ်ကြပ်ကြီးကဆီးဟောက်သည်  “မင်းတို့ ခရီးသည်တွေကိုဂိတ်မှာပဲ  ဆင်းခိုင်းလို့ ပြောထားတာ  မသိဘူးလား ဟိုတခါလည်း ဆံပင်ရှည်ရှည်နဲ့  ကောင်တွေဆင်းသွားလို့ သူပုန်တွေဆိုပြီး  ငါတို့ လိုက်ရှင်းရပြီးပြီတဲ့”  ဩော် … သူပုန်ဆိုတာ ဆံရှည်ရှည်နဲ့  တဲ့လား ကျနော်ကြိတ်၍ ရီနေမိသည်။  ကျနော်တို့သည် ဟိုပင်ရောက်တော့  မိုးကချူပ် နေပြီဖြစ်သည်။  မိန်းကလေးနှစ်ယောက်သည် သူတို့တည်းခိုးမည့်  အိမ်ကိုပြောသွားသည်။ ကျနော်တို့လည်းတည်းမည့်  အိမ်ရောက်တာနှင့် မိန်းကလေးနှစ်ယောက်  တည်းသည်နေရာသို့ လိုက်သွားပြီး  ကျနော်တို့ ပစ္စည်းတွေသွားယူကြသည်(အမ်  ၂၀)သေနတ်နဲ့ စကားပြောစက်တလုံး၊  တီအမ်တီယမ်း တချောင်းသူတို့  နှစ်ယောက်နောက်ရက်ဆို မိုးညှင်းကို  ဆက်သွားမည် သူတို့က မိုးညှင်းသူများဖြစ်ကြသည်။  ကျနော်တို့ ပစ္စည်းများကိုယူပြီး  တည်းမည့်အိမ်တွင် အပ်နှံ၍  ထိုညက စိတ်ချလက်ချ အိပ်လိုက်ပါတော့သည်။
 အချိတ်အဆက်မိပြီ
  မိုးလင်းတော့  ကျနော်တို့ မြို့ထဲရှိ အထိုင်ရဲဘော်တယောက်  ရောက်လာသည် ရဲဘော်တူးတူးတို့အဖွဲ့  လည်းရောက် နေကြပြီဖြစ်သည်  ကျနော်ရဲဘော်နိုင်ဦး၊ ရဲဘော်တူးတူးတို့နှင့်  သွားတွေ့သည် သူတို့ကိုအရင်  တက်နိုင်အောင်စီစဉ်သည် သူတို့အဖွဲ့  လူများသည်။ နောက်တရက်မှာ  ရဲဘော်တူးတူးတို့ ဟိုပင်ပို့(စ်)  သို့စထွက်ပြီး အတွင်းရေးမှူးရဲဘော်မျိုးဝင်းတိုအဖွဲ့  လာကြိုသွားသည်ဟု သတင်းကြားလိုက်သည်။  နောက်တရက် သတင်းတခုထပ်ကြားပြန်သည်  အတွင်းရေးမှူးမျိုးဝင်းတို့အဖွဲ့  ရောက်တာကြားလို့ န.၀.တ စစ်ကြောင်းလိုက်  ပိတ်နေပြီးတဲ့ ကျနော်တို့  ဟိုပင်ပို့(စ်)ကို တက်မရတော့။  နမ္မားဖက်မှ ရဲဘော်တယောက်  ရောက်လာသည် နမ္မားပို့(စ်)ကိုတက်လာဖို့ညွှန်ကြားချက်  ပါလာသည်။ မိုးညှင်းပို့(စ်)မှာ  ရဲဘော်အောင်ရဲစိုး ဦးဆောင်တဲ့  တပ်ခွဲတခွဲရှိသည်။ မြေနုတွင်  ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့  တပ်စုတစုရှိသည်။ မြို့တွေရဲ့ပါတ်ပါတ်လည်မှာ  ကျနော်တို့ ကျောင်းသားတပ်မတော်တွေ  ရှိနေကြပြီ။ နမ္မားကိုတော့  ကိုယ့်နည်းကိုယ့်ဟန်နဲ့ လာဖို့  စကားပြောစက်ကိုတော့ ယူသွားရသည်။  ရဲဘော်ဝင်းရွှေကို လူလွတ်  ရထားနဲ့သွားစေပြီး။ ကျနော်ကတော့  သူငယ်ချင်းတယောက်အား အကူညီတောင်း၍  မော်တော်ဆိုင်ကယ်နှင့် နမ္မားကို  သွားရန်စီစဉ်သည်။ ကျနော့်ရဲ့စွန်မှုတွေကမပြီးသေးပါ  ဟိုပင်၊ နမ္မားကားလမ်း တလျှောက်ဖြတ်သွားရမည့်  စစ်တပ်ဂိတ်တွေက နည်းနည်းနောနောတော့  မဟုတ် ပျားပန်းခပ်မျှလို့  နေမလားပင် “ကျနော်မကြောက်ပါ”  ပါတ်ပါတ်လည်တွင်လည်း ကျနော်တို့  ကျောင်းသားတပ်မတော် တွေရှိနေသည်  မဟုတ်ပါလား။ 
 ဟိုပင်မှ  နမ္မားဆီသို့
 လိင်မခွဲခြားပဲ  တန်းတူရည်တူ နိုင်ငံအတွက်  ကျိုးပမ်းကြတယ်
လိင်မခွဲခြားပဲ  တန်းတူရည်တူ နိုင်ငံအတွက်  ကျိုးပမ်းကြတယ် ရောက်သည်နှင့်  ကျနော့်သူငယ်ချင်းမှာ ဟိုပင်သို့  ပြန်ခေါက်သွားသည်။ ကျနော်တို့  အထိုင်လူများက ကျနော်ကို  နေရာချထားသည်။ ရထားနဲ့ လာသောရဲဘော်ဝင်းရွှေလည်း  ရောက်နှင့်နေပြီ သုံးရက်မြောက်ညတွင်  ကျနော်တို့ကို လာကြိုမည့်သူ  ရောက်လာသည် ညတွင်းချင်းထွက်ကြသည်။  ကျနော်တို့နှင့် အတူ “မနှောင်း”(ယခု  အမျိုးသမီးမျာအဖွဲ့ချုပ်  အထွေထွေအတွင်းရေးမှူး မနန်းယဉ်)တို့  သူငယ်ချင်းသုံးယောက်ပါ လိုက်လာသည်  သူတို့က အတွင်းပိုင်း မြေအောက်လုပ်ငန်းများအတွက်  တာဝန်ယူထားသူများ ဖြစ်သည်။  အတွင်းရေးမှူး ကိုမျိုးဝင်းနှင့်  လုပ်ငန်းတချို့ ညှိနိုင်းရန်ဖြစ်သည်။  နမ္မား နမ့်စလော် ရွာကိုဖြတ်ပြီး  တောစပ်ကို တဟုန်ထိုးတိုးဝင်ခဲ့ကြသလို  ကုန်းလေးနဲနဲ ဦးမော့တက်ပြီးသည်နှင့်  ရဲဘော်ထွန်းလွင်ဦးဆောင်သော  ရှေ့ထွက်ကင်းကို ရောက်ခဲ့ကြသည်။  အခုကျနော်တို့ ရောက်နေတာ  မြေနု ပို့(စ်)တဲ့။ အဲဒီအချိန်ကြမှ  တယောက်နဲ့ တယောက် ဖက်လှဲတကင်း  စကားတွေပြောပြီး လက်ဆွဲနှုတ်ဆက်ကြသည်။  ကျနော်စိတ်များ လန်းဆန်း  ပေါ့ပါးသွားသည်။ ကျနော်တို့  ဂွင်ထဲရောက်နေပြီကိုး၊ ကျနော်၏  ရန်သူကြားတွင် စွန့်စားရသောခရီးစဉ်သည်  အခုတော့ပြီးဆုံးသွားလေပြီ။
 ဒါပေမဲ့  ခရီးတော့ဆက်ကြရဦးမည်… ဌာနချုပ်ရှိရာသို့၊  သို့ပေမဲ့ တိုင်းပြည်ကံကြမ္မာကတော့  “လ” ငပုတ်ဖမ်းနေတာ ဆယ်စုနှစ်  နှစ်ခုတိုင် ရှိခဲ့လည်း မြောက်ပြန်လေနှင့်  အတူသယ်ဆောင်လာမဲ့ လွတ်မြောက်မှုအစုစုကို  တို့ပြည်သူတွေ ငံ့လင့်လို့  နေကြတော့မယ်လေ …. အို…အသင်  သန်းခေါင်ယံမှ နိုးထလို့  အရုဏ်ဦးဆီ တို့အတူ လာသွားကြစို့။