ဥတ္တရ ယဉ်စွန်းတန်းက ခွပ်ဒေါင်းတို့ရဲ့ မာန်ဟုန်ဝင့်သံ 1

Saturday, December 27, 2008


အချိန်ကား ၁၉၉၂ သြဂုတ်လ (၈)ရက်နေ့၊ ၈လေးလုံး ပြည်လုံးကျွတ် အုံကြွမှုကြီး အပြီး လေးနှစ်မြောက်ပေါ့၊ ကျောင်းသားတပ်မတော် မြောက်ပိုင်းဗဟိုဌာနချုပ် ရှိရာ ပါဂျောင်ဒေသ၊ လိုင်စင်ဘွန်း၊ ဒေါင်းမိခင် ခမ်းမမှာ (၈)လေးလုံး နှစ်ပါတ်လည် အခမ်းအနားကျင်းပ နေချိန်မှာ။

ကျနော်သည် ထိုအခမ်းအနား ကျင်းပရာ ဒေါင်းမိခင် ခမ်းမ၏ ထေါင့်တနေရာတွင် မလှုပ်မယှက် ငုတ်တုတ်ထိုင်နေလျှက်။ တော်လှန်ရေး အဖွဲ့အသီးသီးမှ ဧည့်သည်တော်များ နေရာယူပြီးကြသော အခါ အခမ်းနားမှူးမှ ခွပ်ဒေါင်း အလံတော် အလေးပြုရန် အားလုံး မတ်တတ်ရပ်ပေးကြပါ ခင်ဗျားဟု စကားသံ ထွက်ပေါ်လာသည်နှင့် ခမ်းမထဲတွင်ရှိနေသော သူများအားလုံး ကမန်းကတန်း မတ်တတ်ထရပ်ကြသည်။ ထိုအစဉ် အခန်းနားမှူးမှ “ အားလုံးးးးးးးးးးးးးးးးသတိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော် အား အလေးးးးးးးးးပြု။ နေမြဲ……။ ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား ဦးညွှတ်အလေးးးးးးးးးးးးးပြု” ။ ဟုကြားရသည်နှင့် ကျနော့်ရင်ထဲ၌ ခံစားမှု တစုံတရာ ဖြစ်ပေါ်လာပြီး အတွေးပုံရိပ် အပိုင်းအစများသည် ဟိုအဝေး တနေရာဆီသို့ ခေါ်ဆောင်သွားသည့် နှယ် စိတ်လေတံခွန် လွှင့်လျက်…..လွင့်လျက်။



၁၉၉၂ခုနှစ်က ကျောင်းသားတပ်မတော်(မြောက်ပိုင်း -ဗဟို) မှ ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား

သဘာဝတရားမှာ အရုဏ်အလင်း ရောက်ယင် တောရဲ့ သဘာဝအတိုင်း ကျေးငှက်တို့လည်း အိပ်တန်းမှ နိုးးထ ပြည့်ဝတဲ့ အင်အားတွေနဲ့ အနာဂါတ်တခုအတွက် မနက်ဖြန်များစွာကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့  မြည်တွန်မြူးတူး အားဖြည့်နေကြလေပြီ ။


လက်ရေတပြင်တည်း

ကျနော်သည် ခရီးပမ်းလာ၍လား မသိအိပ်ပျော်သွားသည်မှာ တုန်းကနဲ အသိချပ်တဲ့ အချိန်မတော့ ကျေးငှက်တွေရဲ့ အသံများသည် သံစဉ်မျိုးစုံဖြင့် ကျနော်အား ကလူဤသို့ မြူဤသို့ နိုးထရန် လာရောက် အချက်ပြနေလေပြီ။ ကျနော်မျက်လုံး အစုံကို ဖွင့်ကြည့်လိုက်တော့ စိမ်းလန်းတဲ့တောအုပ် ကြီးထဲ ကျေးငှက်တို့ လှုပ်ရှားနေကြသလို ကျနော်တို့ ရဲဘော်တွေလည်း လှုပ်ရှားနေကြရသည်။ ကျနော့်မျက်စိရှေ့ တည့်တည့်က ရဲဘော်တယောက်သည် သစ်ရွက်များပေါ်တွင် ခင်းထားသော ထမင်းစား မိုးကာ (၂ပေ ၃ပေခန့် ဖြန့်ခင်းထား သောမိုးကားငယ်) ပေါ်သို့ ဟန်းကောထဲမှ ထမင်းများကိုခူး၍ ပုံနေသည်။ ထမင်းကို ဘယ်အချိန်က ချက်လိုက်သည် ကျနော်မသိ ထို့ကြောင့် သိလိုဇောနဲ့ “ အငယ်လေး ထမင်း ဘယ်တုန်းက ချက်လိုက်တာလဲ ” " မနက်လေးနာရီက ထချက်တာ၊ မိုလင်းလာယင် မီးခိုး ရန်သူ မြင်မှာစိုးလို့ ” ဟု ကျနော့်အား ရှင်းပြပြီး ဟန်းကော(စစ်သုံး ထမင်းဘူး) အလွတ်များကို ဆေးကြောရန် ကျောက်ချောင်းလေးရှိရာသို့ ဆင်းသွားလိုက်တော့သည်။ ခဏအကြာတွင် ဟန်ကောအလွတ်များတွင် ရေခတ်လာပြီးသူတို့ တပ်စိတ်ထမင်းစားရန် လှမ်းခေါ်၍ ကျနော့်အား ထမင်းစားရန် လာခေါ်သည်။ ကျနော်လည်းမျက်နှာကို မြန်မြန်သစ်ပြီး ထမင်းစားဝိုင်းထဲသို့ ၀င်လိုက်သည်၊ ထမင်း၏ အလယ်တွင် ဟန်းကောအဖုံးများနှင့် ထည့်ထားသော ဟင်းနှစ်မျိုးကိုသာ တွေ့လိုက်ရသည် ဟင်းပျင်းလှော် နဲ့ ဟင်းပျင်း ဟင်းချိုရည်(ဟင်းပျင်း ဆိုသည်မှာ ကချင်ပြည်နယ်မှာသာ ရှိသော ဟင်းရွက်တမျိုးသာ) သူတို့ တပ်စိတ်တွင်(၆)ယောက်သာရှိသည် ရှေ့တန်းတပ်စိတ်များကို များသောအားဖြင့်(၅ယောက်၊၆ယောက်) သာ စုဖွဲ့ကြသည်။ တိုက်ပွဲက များသည်ဖြစ်လျှင် တနိုင်တပိုင် စီမံကွတ်ကဲနိုင်သည်။ ကင်းစောင့်နေသော ရဲဘော်တယောက်အတွက် ထမင်းနဲ့ ဟင်းကိုခွဲထားပေး၍ ကျနော်နှင့် ကျနှ်(၆)ယောက် ထမင်းဆက်စားကြသည် ။ လက်ရေ တပြင်တည်း ဆိုသော ရှေးထုံးစကားသည် ကျနော်တို့ တော်လှန်ရေးသမားတွေ အတွက် ရေးထားလေသလား မသိခဲ့ပါချေ။

ထမင်းစား မိုးကာနဲနဲမြင့်တဲ့ နေရာမှာ ရဲဘော်က ဟင်းရည်ကို လောင်းချလိုက်ရင် မိုးကာအနိမ့်ပိုင်းတွင် စားနေသောရဲဘော်များမှာ ဟင်းချိုရည်ကို ထပ်ထည့်စရာ မလိုတော့ပဲ စီးလာသော ဟင်းချိုရည်ကို ရွံရှာမှု အလျဉ်းမရှိဘဲ လက်ရည်တပြင်ထဲ စားသောက်ကြရသည်။ ကျောင်းသားရဲဘော်များသည် ဖြူစင်တဲ့ စိတ်ဓါတ်၊ ရိုးသားမှု အရင်းခံ ၊အာဏာရှင်ကို တော်လှန်လိုသော စိတ်တို့ကို အခြေတည်ကာ ညီရင်းအကိုပမာ အသက်ကိုပေး၍ ချစ်ကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ဟင်းပျင်းလှော်ထဲတွင် ကျောက်ချောင်းမှ ကျောက်ပုဇွန်လုံးလေးတွေ ပါနေသဖြင့် ဟင်းပျင်း၏ အချိုဓါတ် ပုဇွန်လုံးများရဲ့ အချိုဓါတ်တွေ ပေါင်းစပ်လိုက်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးဟင်းလျာသည် ကြယ်ငါးပွင့်ဟော်တယ်တွင် မှာစားရသည့် (၁၂)မျိုးဟင်းချိုအလား အရသာရှိရှိနှင့် မြိန်ရည်ရှက်ရည် စားလိုက်ကြသည်။ (၅)မိနစ်အတွင်း အလယ်တွင် ပုံထားသော ထမင်းပုံကြီးမှာ ကျနော့်မျက်စိရှေ့အောက်က ပျောက်ကွယ် သွားတော့သည်။ ထမင်းစားပြီးသော် အခါတွင် ရဲဘော်များသည် သူ့နေရာကိုယ့်နေရာတွင် ပစ္စည်းများကို သိမ်းထုပ်ပြီး ကျောပိုးအိတ်ကို မှီကာခွဲတမ်းကျ ဝေထားသော ဆေးမှုန့်ထုပ် (သတင်းစာနှင့် လိပ်သောက်ရသော ဗာဂျီးနီးယားဆေး)ကို ထုတ်၍ လိပ်သောက်ကာ ထမင်းလုံးစီကြသည်။ ဤသည်ကား စနစ်ဆိုးတခုကို တော်လှန်နေတဲ့ တော်လှန်ရေးသမားတို့၏ လောကစည်းစိမ် မဟုတ်ပါလား။ တောထဲတွင် ခြင်ကိုက် ဖြုတ်ကိုက် ဒဏ်ခံနိုင်အောင် သောက်ရင်း ဆေးလိပ် မသောက်တတ်သော ရဲဘော်လည်း ဆေးလိပ်စွဲသွားတတ်ကြသည်။ ထမင်းစားပြီး ဆေးလိပ်တလိပ်ကို သောက်ရင်း ကျနော် စဉ်းစားနေမိသည် ဖိနှိပ်မှုတိုင်းကို တွန်းလှန်ဘို့ ကျနော်တို့ ကျောင်းသားတွေ နိုင်ငံအတွက် ဓါးစာခံ ဖြစ်ပေါ်လာ ရသလားမသိxxx ပေးဆပ်မှုတွေက မကုန်နိုင်သေး စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကလည်း ဒုနဲ့ဒေး များလှသည်။ ပထမတော့ ……

မိသားစုကိုစွန့် xxxxxx
စာသင်ခန်းကိုစွန့် xxxxxx
မြို့ပြကိုစွန့် xxxxxx
မိဘကိုစွန့် xxxxxx
ချစ်သူကိုစွန့် xxxxxxx
လ္ဘက်ရည်ဆိုင်ကိုစွန့် xxxxxxxx
အားလုံးကိုစွန့်လွှတ်ပြီး

ကြမ်းတမ်းတဲ့
ခရီးကြမ်းမှာ
သေနတ်ကိုကိုင်
ဦးတည်ချက်ကို
မယိုင်လဲရအောင်
ငှက်ဖျားနဲ့စစ်ခင်း
သေမင်းကိုစိန်ခေါ်
အစားဆင်းရဲ
အနေဆင်းရဲ
စိတ်ဆင်းရဲ
ဆင်းရဲမှုတွေ အစုစုနဲ့
ပြည်သူလူထု အာဏာရှင်လက်အောက်မှ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေ သူတွေပါလားဟု စဉ်းစားနေမိသည်။

ဆေးလိပ်တလိပ်ခန့် အကုန်တွင် ရဲဘော်တယောက်ရောက် လာကာ ကျနော့်အား အတွင်းရေးမှူး ကိုမျိုးဝင်း ခေါ်ခိုင်းသည်ဟု သတိဆွဲ၍ သတင်းလာပို့သည်။ ကျနော်လည်းထလိုက်သွားကာ အမ် (၂၀) သေနတ်အတိုကို အပ်ပြီး သေနတ်အရှည်တလက် ပြန်ထုတ်ပေးသည် ပြီးတော့မှ ကိုမျိုးဝင်းက “ ငါတို့ ခရီးဆက်ထွက်ရမယ် အစည်းဝေးတခု လုပ်ဘို့ ရှိတယ် စစ်တပ်ကတော့ ညစ်ပတ်ပြန်ပြီဟေ့ ! ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲတဲ့ အပြင် လွှတ်တော် ကိုယ်စာလှယ်တချို့ကို လိုက်ဖမ်းလို့ တချိုလည်း တောခိုကုန်ပြီ။ အခုရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ ငါတို့ ဘာတွေ ဆက်လုပ်မယ်ဆိုတာ အစည်းဝေးဆက်ထိုင်မယ် ဟုရှင်းပြသည် ” ပြီးတော့မှ သူ့လက်ကို သူစိုက်ကြည့်ပြီး “ ငါ့လက်က သွေးစွန်းသွားပြီ အဖွဲ့စည်းကို မင်းတို့ပဲဆက် ဦးဆောင်ကြပါဟု ” လေးပင်းစွာ ငြီးတွားသလိုမျိုး ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တော့ ကျနော်သည် သူဘာကို ဆိုလိုနေသည်ကို နားမလည် သူဘာများဆက် ပြောမည်ဟု ငံ့လင့် နားစွင့်နေမိသည်။ စကားတခွန်းမှ ထပ်မထွက်လာတော့ သောကြောင့် သဘောမပေါက်သည့် အလျှောက် ကိုယ့်နေရာကိုယ် ပြန်လာခဲ့တော့သည်။

၎နှစ်မြောက် ၈လေးလုံး အခမ်းအနားသို့ တက်ရောက်လာသော KIA မှ ဗိုလ်မှူးပန်းအောင် နှင့် မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ဥက္ကဋ္ဌ ကိုအောင်နိုင်

သေကံမရောက်အသက်မပျောက်
ထိုစခန်းလေးတွင် ကျနော်တို့ တပါတ်ခန့် နေခဲ့ရသည်။ ကျနော်ရောက်ပြီး နောက်တရက်တွင် ကိုမျိုးဝင်းက ပြန့် (ခေါ်) နမ္မားသို့ ဆင်းသွားသည် သူ့ပြန်အလာကို စောင့်ရင်နဲ့ သေကံမရောက်တဲ့ အကြောင်းလေးတခုကို သွားသတိရမိသည်။ သုံးရက်မြောက်နေ့တွင် စားစရာ ဆန်နည်းလာ၍ ရွာမှဝယ်ထား သောဆန်များကို သွားထမ်းသောအခါ ကျနော်လိုက်သွားသည်၊ လမ်းတွင်ကျနော်တို့၏ ဆလန်ကဘာ (စည်းရုံးရေးမှူး) ဦးစက်အောင်နဲ့ လမ်းတွင်ဆုံကြသည်၊ သူသည် နမ္မားဖက်မှ တက်လာသည် သူ့တွင် နမ္မားတွင် နာမည်ကြီးသည့် မက်စီကျို့(သစ်သီးစိမ်အရက်) ရဲဘော်များ သောက်ရအောင် ပါလာသည်။ ကျနော်လည်း နာမည်ကြီးတဲ့ မက်စိကျို့ကို တခွက်ြမည်းကြည့်လိုက်သည် အရသာတွေ့သွား၍ နောက်တခွက် ထပ်ချလိုက်ပြန်သည်။ အပြန်ခရီးတွင် မက်စီကျို့ အရှိန်လေးနဲ့ ဆန်လေးပြည်အပါအ၀င် သေနတ်ကို ထမ်းခဲ့သည်မှာ ပါလို့ပါမှန်းတောင် မသိ ပေါ့ပါးသွက်လက်၍ လေပေါ်တွင်မြှောက်ကာ မိုက်ကယ်ဂျက်ဆင်ရဲ့ မွန်းဝေါ့ခ် အကထဲကလိုမျိုး ပေါ့ပါးလျှက်ရှိနေသည်။ စခန်းအ၀င်လမ်းကို ကျနော်မမှတ်မိတော့ သတိရလို့ ကြည့်လိုက်သောအခါ အရှေ့ကရဲဘော်တွေလဲ မတွေ့ရ နောက်က ရဲဘော်တွေလည်း မတွေ့တော့ပါ။ ကျနော် လမ်းမှားလာသည်ဟု ချက်ချင်းသိလိုက်သည် လမ်းပြန်ရှာသည် မတွေ့တော့ပါ စခန်းနဲ့ သိပ်မဝေးသေးမှန်းတော့ သိသည်။ တနာရီခန့် ကြိုးစားရှာကြည့်သည် မတွေ့ ဆက်ရှာလျှင် စခန်းနဲ့ ဝေးတော့မည်။ ရောက်တဲ့နေရာမှ သေနတ်တချက် ဖေါက်လိုက်သည်။ (၁၀)မိနစ်ခန့် အကြာတွင် ရဲဘော်နှစ်ယောက် စိုးရိမ်ကြီးစွာဖြင့် လာကြို၍ စခန်းကို ပြန်ရောက်ခဲ့သည်။ စခန်းပါတ်လည်တွင် မိုင်များထောင်ထားကြောင်း ပြောပြီး မိုင်းတာဝန်ယူထားသော ရဲဘော်မှမိုင်းများကို သွားရောက်စစ်ဆေးကြည့်ရာ ကျနော်မိုင်းကြိုးများကို တိုက်ဖြတ်ထားသည်ကို တွေ့ရပြီး မိုင်းခလုပ်နေရာ လျှပ်စီးလိုက်မဲ့ နေရာတွင် ခြတွေ တောင်ဘို့ တည်ထားသောကြောင့် မိုင်းမကွဲဘဲ ကျနော် အသက်ချမ်းသာရာ ရခဲ့ကြောင်း ပြန်ပြောင်းတွေးမိတော့ ကြက်သီးမွေးညင်းများ ထောင်းလမောင်း ထဆဲ။ ခြတွေကယ်လို့ ကျနော်သေကံမရောက် အသက်မပျောက်ခဲ့ရသည်။ သုံးရက်ခန့် စောင့်ပြီးသောအခါ ကိုမျိုးဝင်းနဲ့ ရဲဘော်သုံးယောက် ပြန်ရောက်လာကြသည်။

နောက်တနေ့ မနက်စောစော မြေနုပို့(စ်)တွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စိတ်တစိတ် ချန်၍ ကျနော်တို့ ခရီးဆက်ထွက် ခဲ့ကြသည်။ တနေကုန် ဒေါင်းတောက်အောင် လျှောက်ခဲ့သည် ညနေစောင်းတော့ ကျနော်တို့ ခရီးတထောက်နားမည့် ဟိုပင်ပို့(စ်)ကို ရောက်ခဲ့ကြသည်။

မပစ်သေနတ်နဲ့အမတ်ကြီးများ
ထိုပို့(စ်)တွင် ကျနော်တို့ကို အသင့်စောင့်နေသော ကျနော်တို့ရဲဘော်များနဲ့ မိုးညှင်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မောင်နဲ့ မိုးညှင်းမြို့နယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကြာမြတို့ ကိုပါတွေ့ရသည်။ ဟိုပင်ပို့(စ်)က မြေနုပို့(စ်)နဲ့မတူတဲ့ ဟာတွေကတော့ စခမ်းကို အခိုင်အခန့် ဆောက်ထားသည်ကို တွေ့ရသည်၊ မြေနုပို့(စ်)ကတော့ မြို့နဲ့ နီးလွန်းသောကြောင့် မိုးကာတဲများသာ ထိုး၍နေကြသည်။ နယ်မြေခံရဲဘော်များ နေရာချထားရာတွင် အထုပ်အပိုး များချကာ နားကြသည်။ နောက်တနေ့တွင် ခရီးဆက်မထွက်ပါ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အကြမ်းဖျင်း ဆွေးနွေးကြသည်။ ကေအိုင်အေမှ ပေးထားသော နိုင်းမမ ပစ္စတိုကို ခါးတွင်ချိတ်၍ လွှတ်တော်ကိုယ်စားလှယ်ဦးကြာမြ တက်ကြွနေသည်ကို တွေ့တော့ ရဲဘော်တယောက်က ကျနော့်ကိုလာပြောသည်။ “ ဆရာမပစ် သေနတ် မြင်ဘူးလားတဲ့ ” ကျနော်က “ တို့ ကချင်ပြည်နယ်မှာ မခုတ်ဒါးနဲ့ မထိုးလှံပဲ ကြားဖူးပါတယ် အဲဒါက ကချင်တွေ မိန်းမတောင်းရင် လိုတယ်လေလို့ ” ပြောတယ်၊ မပစ်သေနတ်ကို မြင်ဘူးချင်ရင် ဟောမှာ ကြည့်ဟုဆိုကာ ဦးကြာမြခါးက သေနတ်ကို လက်ညှိုးထိုးပြသည်။ သူ့သေနတ် ပစ်ရင်မထွက်ဘူး ခါးမှာချိတ်ထားတဲ့ သေနတ်ဆိုပြီး ဦးကြာမြ မကြားအောင် ပြောပြီး ကြိတ်ရယ်ကြသည်။ ရဲဘော်များသည် တောထဲတွင် ပျော်စရာဆိုတာ မရှိ၍ ကြံဖန်ပြီးပျော်ကြရသည်။ အပျော်အပျက်အဖြစ်သာ နောက် ကြသည် ပြည်သူက တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်တွေကို အသက်ပေး ကာကွယ်ရမည်ဆိုတာ ပြည်သူ့အတွက် တော်လှန်ရေးလုပ်နေသော ကျောင်းသားရဲဘော်တိုင်း၏ စိတ်ထဲတွင် နှလုံးသွင်းပြီးသား ဖြစ်သည်။
ကျနော်သည် တနေ့တာရဲ့ အချိန်တွေကို မတွေ့တာကြာ ပြီဖြစ်တဲ့ ရဲဘော်တချို့နဲ့ ရောက်တတ်ရာရာ စကားပြောခြင်းဖြင့် အချိန်ကာလက နိုင်င်ငံရေးအရ ကြီးမားသောကာလဟု ပြောလျှင်ရနိုင်သည်။ ပြည်သူ လူထု၏ နိုင်ငံရေးရေချိန် အမြင့်ဆုံးကိုရောက်နေသည်။ အာဏာရူးတဲ့ စစ်အုပ်စုက လူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားနေပြီ။ ကျနော်တို့ တော်လှန်ရေးသမား တွေကလည်း အာဏာရှင် သက်ဆိုးမရှည်ရအောင် နိုင်ငံရေး/စစ်ရေး ထိုးစစ်များ ကိုပြင်ဆင်ကြရန် ဖြစ်ပေတော့သည်။

ခရီးစပြီ
နောက်ရက်တွင်ကျနော်တို့အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များလူစုခွဲ၊ စစ်ကြောင်းများခွဲ၍ ကေအိုင်အေနည်းဗျူဟာအမှတ်(၄)သို့ စတင်ချီတက်ကြသည်။ နိုင်ငံရေး/စစ်ရေး ထိုးစစ်များပြင်ရန် ကျနော်တို့ကျောင်းသား (ABSDF) ၊ အန်အယ်ဒီ(NLD)၊ ကေအိုင်အေ(KIA) သုံးဖွဲ့ပေါင်းကာ သုံးပွင့်ပူးပေါင်း စစ်ဆင်ရေးကို စတင်နေပြီ(သ.ပ.စ.က) ထိုအစည်းဝေးလုပ်ရန် ရှေ့တန်းအသီးသီးတွင် ရောက်နေကြသော သုံးဖွဲ့စလုံး၏ စည်းရုံးရေးမှုများ၊ တပ်တွေကို ကေအိုင်အေ နည်းဗျူဟာ အမှတ်(၄)တွင် လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကြရန်ဖြစ်သည်။ ထိုအစည်းဝေးသို့( ABSDF) နိုင်ငံရေးမှုနဲ့ စည်းရုံးရေးမှုများသာ တက်ရောက်ရန်နှင့် တိုက်ခိုက်ရေး တပ်တွေကိုတော့မြို့နဲ့ အနီးဆုံးတွင် ကပ်ထားရန် ကိုမျိုးဝင်းမှ ညွှန်ကြား ချက်ပေးထားသည်။



မောင်မောင်ခင်(ရမ်ဘို) လဲ စစ်သားကြီးလုံးလုံး ပေမဲ့ ဘုရား၊ တရားတော့ မမေ့ပါ

ငှက်တွေကကျီစယ်လေသလား
ကျနော်တို့တွင် တိုက်ခိုက်ရေးတပ် အင်အားများများစားစား မပါလာပါ။ အတွင်းရေးမှူးကိုမျိုးဝင်းရဲ့ လုံခြုံရေးတပ်စိတ် တစိတ်နဲ့ ရဲဘော်နိုင်ဦးနဲ့ ရဲဘော်ခွက်ကြီးတို့ ဦးဆောင်တဲ့ရဲဘော်သစ် တပ်စိတ်တစိတ် စုစုပေါင်းဖွဲ့စည်းပုံ မပြည့်တဲ့တပ်စိတ် နှစ်စိတ်သာဖြစ်သည်။ ထိုလမ်းကြောင်းများမှာ ရန်သူ၏ထိုးစစ်ဆင်သည့် စစ်ကြောင်းများ မရှိသဖြင့် လုံခြုံရေးတပ်များကို မခေါ်လာခြင်းဖြစ်သည်။ ရန်သူရဲ့ ထိုးစစ်မရှိပေမဲ့ ကျနော်တို့ကို တိုက်ခိုက်နေတဲ့ အမြဲတမ်း ရန်သူကတော့ရှိနေသည်။ ဒေသတခုတခုတွင် တမင်းတမူ ကြီးစိုးနေကြတဲ့ ငှက်ဖျားဖြစ်သည်။ ငှက်ဖျားသည် ဒေသတခုနဲ့ တခုမတူကြပါ။ သံလမ်းရိုးငှက်ဖျားသည် ကျနော့်အတွက် အသစ်အဆန်း မဟုတ်ပေးမဲ့ ဖားကန့်ဒေသတွင် တနှစ်ကျော်ကျော် နေလာသောကြောင့် သံလမ်းရိုးငှက်က သူစိမ်းဆန်ဆန်ဖြစ်ခဲ့ ရပြီပေါ့။ အခုတော့ သံလမ်းရိုးငှက်က ကျနော့်ကိုလာ ကျီစယ်နေကြပြီ ။ နားနားနေနေ လျှောက်ခဲ့ကြသော်လည်း ညကင်းစောင့်ကတော့ စောင့်ရသည် မည်မျှပင် အေးဆေးတယ်ပြောပြော တော်လှန်ရေး သတိဆိုတာ ကျနော်တို့မှာ အမြဲရှိကြရသည်၊ ညကင်းစောင့်၍ အိပ်ရေးပျက်လျှင် ငှက်ဖျားက၀င် သည်။ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲနေကြတဲ့ တော်လှန်ရေးသမားတွေမှာ ငှက်ဖျားဆိုတာ အထူအဆန်းမဟုတ်ပါ။ ဆေးရှိလျှင် ဆေးကိုသောက် ဆေးမရှိလျှင် မက္ကလောင်ခြစ် (ဒေသကုထုံးတမျိုး)့ ဆေးမရှိလို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်း မှတ်တမ်းတင်လို့ပင် မနိုင်။ ဒီလို့နဲ့ပဲ ဖျားလိုက်၊ နားလိုက်၊ သွားလိုက်နဲ့ အာဏာရှင်ကို တော်လှန်နေကြရသည်။ ကျနော်တို့အဖွဲ့ နှစ်ရက်ကျော်ကျော် လျှောက်ပြီးသောအခါ တောင်ယာတခုသို့ ရောက်ခဲ့ကြသည်။

တောင်ယာပန်းနဲ့ထမင်းဝိုင်း
ထိုတောင်ယာသည် ရင်း(၅)ဂွင်နဲ့ ရင်း(၁၁) ဂွင်ကြားတွင်ရှိသည်။ မိုးညှင်းမြို့နယ်ကို ရင်း(၅)ဂွင် ဟု သတ်မှတ်ထားပြီး မိုးကောင်းမြို့နယ်ကို ရင်း(၁၁)ဂွင်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ကျနော်တို့ရည်မှန်းချက်ကို ရောက်ရန် သိပ်မဝေးတော့ပါ။ ထိုတောင်ယာတွင် မုဆိုးတယောက် ပြောင်သားခြောက်လာရောင်း သောကြောင့် (၁)နာရီခန့် နားပြီး ထမင်းချက်စားကြသည်။ ကချင်တောပုန်း ရွာများ၊ တောင်ယာများသည် ဟင်းသီးဟင်းရွက်များကို စုံလင်အောင် စိုက်ထားတတ်ကြသည်။ ထို့ကြောင့်ဟင်းကောင်းကောင်း စားရသောနေရာများ ဖြစ်သဖြင့် ရဲဘော်များမှာ တောင်ယာများတွင် နားချင်ကြသည်။ ထိုနေ့ နေ့လည်စာကိုတော့ ပြောင်းသားခြောက်မီးဖုတ်၊ ဟင်းချိုတမျိုးနဲ့ ခရမ်းသီးထောင်းထဲတွင် တောင်ယာပန်း ( ကချင်ပြည်နယ် တောင်ယာများတွင် စိုက်သည့် ဟင်းခတ်အမွေးအကြိုင် ) ထည့်ထောင်းထားသဖြင့် မြိန်ရည်ယှက်ရည် စားသောက်လိုက်ကြသည်။ စားသောက်ပြီးသောအခါ ရဲဘော်တယောက်သည် ဟန်ကောများကို ရေပန်းကျနေသော နေရာသို့ဆေး ကြောရန် ယူသွားရင်း သီးချင်းတပိုင်းတစ ဆိုသွားသည်ကို ကျနော်ကြားလိုက်ရသည်။ “ငါသည်တော်လှန်ရေး xxx လုပ်ရမယ်လေ xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရှိရမယ် xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရသင့်ပါတယ်” …. ကျနော်တို့ ရဲဘော်များသည် အသားထုတ်ပေးသောနေ့ ဟင်းကောင်းသောနေ့များတွင် တက်ကြွ၍ အထက်ပါ သီချင်းမျိုးကို ဆိုတတ်ကြပြီး ပင်ပမ်းပြီး ဟင်းမကောင်းရင်တော့ စိုင်းထီးဆိုင်ရဲ့….စိတ်ဓါတ်ကျတယ် ဆိုတဲ့ သီချင်းကို… ဆိုတတ်ကြတယ်လေ။

ထိုတောင်ယာမှ တညအိပ်နှစ်ရက် ဆက်လျှောက်ပြီးသောအခါ ကေအိုင်အေ နည်းဗျုဟာ (၄) တပ်စခန်းကို ရောက်ခဲ့ကြသည်။ ထိုစခန်းသည် ဆားမှော်ရဲ့ အရှေ့မြောက်၊ ထိုပူးအရပ်ရဲ့ အရှေ့တည့်တည့်၊ မိုးကောင်းအရှေ့မြောက်အရပ်တွင် တည်ရှိပြီး စခန်း၏သုံးဖက်တွင် ဆက်စပ်နေသော တောင်ကုန်းများဖြင့် ကာရန်ထားသည် ကျန်တဖက်သည် မြေပြန့်ဖြစ်ပြီး ရွာဟောင်းဖြစ်သည်။ ကျနော်တို့ရောက်ပြီး နောက်နှစ်ရက်အတွင်းမှာ မိုးညှင်းဖက်မှ ခရိုင်မှူး ကိုစိန်အေးအဖွဲ့၊ ဆားမှော်ဖက်မှ ဆလန်ကဘာ ဦးထွန်းဖေ အဖွဲ့နှင့် NLD(L.A)အဖွဲ့၊ KIAမှလည်း အမှတ်(၅)(၁၁)(၁၅) တပ်ရင်းများနှင့် တပ်းရင်းအမှတ်(၂၅၁) (၂၅၄)အစရှိတဲ့ ဒေသအသီးသီးမှ တပ်များ နိုင်ငံရေး/စည်းရုံးရေးမှူးများ ရောက်လာကြသည်။ ကျနော်နဲ့အတူ ရဲဘော်သစ်များ တပ်စိတ်တစိတ်သည် ချောင်းကလေး၏ တဖက်ကမ်း ရွာဟောင်းလမ်းတွင် ရှေ့ကင်းအဖြစ် တာဝန်ယူနေရပေသည်။

အစည်းဝေးစပြီ
နည်းဗျူဟာ(၄) ကွတ်ကဲမှုဒေသ အသီးသီးမှ တပ်များစုံပြီး ဖြစ်သဖြင့် ၁၉၉၂ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ရန်သူကို မည်သို့နိုင်ငံရေး/စစ်ရေးများ ထိုးစစ်ကို ဘယ်လို မြှင့်တင်ဆောင်ရွက်မလဲ ဆိုတာကို စတင်ဆွေးနွေးကြသည်။ ကရင်ပြည်နယ် ကေအန်ယူ ထိမ်းချုပ်ရာ မာနယ်ပလောတွင် နိုင်ငံရေးအရ အားကောင်းသော တပ်ပေါင်းစုကြီးကိုဖွဲ့ပြီး ဒီအေဘီ စစ်ကြောင်းများဖြင့် စတင်ထိုးစစ် ဆင်နေသော အချိန်လည်းဖြစ်သည်။ မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင် ကိုသံချောင်း၊ ကိုလဆိုင်းတို့ အဖွဲ့သည် မြစ်ကြီးနားမြို့ လေဆိပ်အနီး တဖက်ကမ်းရှိ စန်းကားဖက်သို့ ထိုးစစ်ဆင်ရာ အပြန်တွင် ရန်သူ့လက်နက် (၅)လက်ရခဲ့သည်ဟု စက်သတင်းဝင်လာသည်။ ထိုသတင်းကို ကြားတော့မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းရေးမှူးကိုမျိုးဝင်းသည် အားကျမခံ “ ငါတို့ဘက်ကလည်း အနည်းဆုံး (၆)လက်ရမှ ပြန်လာမည် ”ဟု ပြန်ပြောသည်။ ထိုစဉ်က တပြည်လုံးတော်လှန်မှ တပြည်လုံး အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း ဖြတ်ကနဲ တွေးမိနေသေးသည်။

ထမင်းရှာရန်သူတွေ့
၁၉၉၂ ဇူလိုင် (၁၂) အစည်းဝေး ဒုတိယနေ့အဖြစ် စတင်ကျင်းပနေသည်။ အစည်းဝေးကို နံနက်(၉)နာရီတွင် စနေကြပြီ ကျနော်တို့ ရှေ့ထွက်အဖွဲ့သည်လည်း နံနက်စာစားပြီး၍ မိမိအိမ်ပြန် ရောက်သည့်အလား စားပြီးဟန်းကောများကိုပင် မသိမ်းသေး အိပ်ယာခြင်ထောင်များလည်း ဖရိုဖရဲနဲ့ စိတ်အေးလက်အေး ဆေးလိပ်လိပ်သောက် စကားဖေါင်ဖွဲ့နေကြသည်။ ထိုအချိန်မှာပဲ ရုတ်တရက် “ ဝုန်း ”ဆိုတဲ့ အသံနက်ကြီးတခု ကြားလိုက်သည်။ ကျနော့ လက်ပါတ်နာရီကို တချက်ဖြတ်ကနဲ ကြည့်မိလိုက်သည်မှာ နာရီလက်တန်သည် မနက်(၁၀)နာရီကို (၁၀)မိနစ်စွန်းစပြု နေပြီဖြစ်သည်။

ရဲဘော်တယောက်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောနေသေးသည် “ ဒါတောကောင် တကောင် ကောင် မိုင်းနင်းမိတာပဲ ဖြစ်ရမယ် ညနေစာကိုတော့ အသားဟင်းစားရအုံးမယ် ထင်တယ် ” ကျနော်ကတော့ ရဲဘော်တွေကိုလှမ်း သတိပေးလိုက်သည်။ “ အိပ်ယာတွေတော့ သိမ်းထားကြဟေ့ ဘာမှန်းမသိဘူး ” ဟုပြောပြောဆိုဆို နောက်(၅)မိနစ်အကြာတွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျနော်လည်း အဲဒီအခါကြမှ စကားပြောစက် ကမှန်းကတမ်း ကောက်ဖွင့်သည်။ ရဲဘော်တွေကို ပစ္စည်းများ အမြန်သိမ်းရန် လှမ်းပြောလိုက်သည်။ သိပ်မကြာပါ လက်နက်ကြီးအသံများ ဆက်တိုက်ကြားနေရသည်။ ဘယ်ကို ကျနေမှန်း ကျနော်တို့မသိ ကျနော်၏ စကားပြောစက်မှ ညွန်ကြားချက်ပေးသံ ထွက်ပေါ်လာသည်။ ကျနော်၏ တပ်စိတ်ကို သူ့နေရာသို့ အမြန်လာရောက် ပူးပေါင်းရန်ပြောနေသည်။ ကျနော်ရဲဘော်များ မကျန်အောင်စောင့်ခေါ် နေရသည်။ ကျနော်၏ စကားပြောစက်ထဲတွင် ကိုမျိုးဝင်းဆဲသံများ ဆက်တိုက်ထွက်လာသည် “ ဟေ့ကောင် မင်းသေနေပြီလား မြန်မြန်လာပါဆို ” ကျနော်နဲနဲ စိတ်တိုသွားသည်။ ကျနော် ရေချောင်းလေး ဖြတ်အကူးတွင် လက်နက်ကြီးအသံနဲ့အတူ လဲကြသွားသည် ရွံနဲ့ချော်၍ လဲကျသွားခြင်း ဖြစ်သည်။ ကျနော်ပြန်ထပြီး ပါတ်ဝန်းကျင်ကို အကဲခတ်လိုက်သည် ကျနော်တို့ တဲဖက်က ဝါးရုံများ ရန်သူရဲ့ လက်နက်ကြီးဒါဏ်ကြောင့် မြေကြီးတွင် ပြားပြားဝပ်ကာ ခံစားနေကြလေပြီ။

ကျနော်၏ တပ်စိတ်သည် ခဏအတွင်းမှာပင် အတွင်းရေးမှူး ကိုမျိုးဝင်း ဆီသို့ရောက်သွားကြသည်။ ထိုအခါတွင် ကိုမျိုးဝင်းသည် စောစောက သူမဆဲထားတဲ့ မျက်နှာမျိုးနဲ့ ကျနော့်ကို အပြုံးနှင့်ကြိုဆို၍ “ မင်းတို့ဖက်က လက်နက်ကြီးကျည်တွေ တအားကျနေတော့ ငါက စိုးရိမ်နေတာ ” ဟု မှတ်ချက်ပြု ပြောသည်။ နောက် ဆားမှော်ဖက် တာဝန်ယူရသည့် စစ်မြေပြင်ထောက်လှမ်းရေး ရဲဘော်ဗညားမှ ကျနော့်အား လှမ်းနုတ်ဆက်၍ ပလပ်စတစ်ခွက်ထဲမှ အရက်တခွက်ကို လှမ်းပေးသည်။ ကျနော်လည်း လှုပ်ရှားနေတဲ့ စိတ်တွေငြိမ်သွားအောင် အဖြေမပေးပဲ တချိုးထဲ မော့ချလိုက်သည်။ ပြီးမှ အခြေအနေ မေးကြည့်သည်။

“ စခန်းလုံခြုံရေးအတွက် ကေအိုင်အေ တပ်စိတ် တစိတ်တင်ထားတဲ့ ကုန်းဖက်ကို ရန်သူဝင်လာလို့ မိုင်းအရင် ထကွဲတယ် ကင်းစောင့်နေတဲ့ ရဲဘော်တယောက်က လွဲလို့ ကျန်တဲ့ရဲဘော်တွေမရှိ ကြဘူးတဲ့ ကင်းစောင့်တဲ့ ရဲဘော်လည်း အောက်ကိုပြေးဆင်းရော ရန်သူက အဲဒီကုန်ကိုယူပြီး အပေါ်စီးက ပစ်နေတာ လက်နက်ကြီးက ဒီကိုကျော်ပြီး မင်းတို့ဖက်သွား ကျနေလို့ အတွင်းရေးမှူးက စိတ်ပူနေတာ ”ဟု ရဲဘော်ဗညားမှရှင်းပြသည်။ အဲဒီအချိန်အထိ ကျနော်တို့ဖက်က သေနတ်သံ တချက်မျှ မထွက်သေးပါ။ ရန်သူစီးထားသော ကုန်းကိုပြန်တက်ထိုးဖို့ ပြင်ဆင်နေကြသည်။ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့လည်း တိုက်ခိုက်ရေး အင်အားကို ထုတ်နုတ် ပြန်လည်စုဖွဲ့သည်။




ရဲဘော်မြအောင်နဲ့ ရဲဘော်တာတီး ဦးဆောင်တဲ့ တပ်စိတ်တစိတ်။ ကျနော်နဲ့ ရဲဘော်ဗညား ဦးဆောင်တဲ့ တပ်စိတ်တစိတ် စုစုပေါင်းတိုက်ခိုက်ရေး တပ်စိတ်(၂)စိတ်သာ ထုတ်နုတ်နိုင်သည်၊ ရဲဘော်နိုင်ဦးကိုတော့ ရဲဘော်သစ်များကို အုပ်ချုပ်ရန် NLD(L.A) အဖွဲ့နဲ့ ထားခဲ့ရသည်။ ကေအိုင်အေ တပ်တွေတော့ ကုန်းကိုဝိုင်း၍ စတင်တက်ထိုးနေပြီ ဖြစ်သည်။ ကေအိုင်အေမှ တဖွဲ့ လန်၍ဆင်းလာသည်ဟု သတင်းကြားသောအခါ ကိုမျိုးဝင်းသည် ဗျူဟာမှူးထံ ကျနော်တို့အဖွဲ့ တက်ထိုးမည်ဟု ခွင့်သွားတောင်းသည်။ အဲဒီအချိန်တုန်းက ဗျူဟာမှူးက ဗိုလ်မှူးလဇိန်ဘောက်နော် (လိုင်ဇာတွင် ဗုံးခွဲလုပ်ကြံခံရ၍ သေဆုံးသွားသူ)၊ ဒုတိယ ဗျူဟာမှူးက ဗိုလ်မှူးလဆမ်အောင်ဝါ(ယခု ကေအိုင်အေ ခွဲထွက်)။ ဗိုလ်မှူးလဇိန်ဘောက်၏ ခွင့်ပြုချက် ရသည်ဆိုရင် အတွင်း ရေမှူးမျိုးဝင်းသည် သူစိတ်ကြိုက်ရဲဘော်များနှင့် စိတ်ကြိုက်လက်နက် တပ်ဆင်ကာ တက်ထိုးရန် ထွက်သွားသည်။ ကျနော်နဲ့ ဗညားဦးဆောင်တဲ့ တပ်စိတ်က ပွိုင့်(5) လုံခြုံရေးအတွက် လက်နက်ကြီး ကုန်းတွင် နေရာယူရသည်။ ညနေပိုင်းရောက်မှ အပြင်းအထန်ပြန်လည်း တိုက်ခိုက်တော့ ရန်သူက ခံစစ်အနေအထားကို ပြန်ရောက်သွားသည်။ တတောလုံး တတောင်လုံး ကာဗိုက်ယမ်းငွေ့များနဲ့ ဖုံးလွှမ်းနေသည် ရန်သူဖက်မှ အော်သံ/ဆဲဆိုသံများ ထွက်ပေါ်နေဆဲ။ ညပိုင်းကို ၀င်ရောက်လာ သောကြောင့် အမှောင်ထုက တဖြေးဖြေး ဖုံးလွှမ်းစပြုလာသည်။


ကျနော်တို့ရဲ့ ပွိုင့်(5)စက်ကြီး ပစ်လျှင် မီးရောင်များ ပါတ်ဝန်းကျင် တ၀ိုက်လင်းလျက် သွားစေသည်။ စက်ကြီးသေနတ်ကို တာဝန်ယူ ပစ်ခတ်ရသော ကချင်ရဲဘော်မှာ လက်နက်ကြီးဆူညံသံကြောင့် နားအုံကွဲကာ နားမကြားရတော့ပါ့….ပြင်းထန်သည့် စက်ကြီးသေနတ်သံများကို ကာကွယ်ရန် နားကျပ်တို့ ဦးထုတ်တို့ စသည့် အကာအကွယ်များ မရှိမှုကြောင့် ထိုရဲဘော်၏ နားစည်သို့ပြင်းထန်တဲ့ စက်ကြီး သေနတ်သံများက ဖျက်စီးပြစ်လိုက်ပြီ ဖြစ်သည်၊ ရန်သူ၏(၆၀)မော်တာ ကျည်ဆံများလည်း တခါတရံ ကျနော်တို့ဖက်သို့ ရစ်ဝဲလာနေခြေပြီ။ ထို့ကြောင့် စက်ကြီးသေနတ်ကို နေရာရွေ့ရန် ညွန်ကြားချက်ဝင်လာသည်။ ပွိုင့်(5)သေနတ် ရွေ့ရန်သာ ညွန်ကြားချက်ပါပြီး ကျနော်တို့ တပ်စိတ်နေရာရွှေ့ရန် ညွန်ကြားချက်ပါမလာ။ ပွိုင့်(5)စက်ကြီးအဖွဲ့ ရွေ့သွားသောကြောင့် ကျနော်တို့ တပ်စိတ် ထိုနေရာတွင် ကျန်နေကြသည်။ တိုက်ပွဲကြားထဲတွင် နေရာယူ၍ စကားပြော ဖြစ်နေကြသည်။ ထိုတပ်စိတ်တွင်ကျနော်ရယ် ရဲဘော်ဗညား၊ ရဲဘော်ဝင်းရွှေ၊ ရဲဘော်ခွက်ကြီး၊ ရဲဘော်မြင့်ဝင်း၊ ရဲဘော်အငယ်လေး စုစုပေါင်း (၆)ယောက်ဖြစ်သည်။ မိုးချုပ်လာ၍ သေနတ်သံများက မစဲသေး ယမ်းငွေ့များကြားတွင် ယမ်းနံ့များကြောင့် ရဲဘော်တိုင်း ထမင်းစားချင်စိတ် သိပ်မရှိကြပါ။ သို့သော်လည်း ဗိုက်ထဲမှ အစာအိမ်ရဲ့ အချက်ပေးမှုကြောင့် ထမင်းစားရန် သိလာရပြန်သည်။

တွေ့ပြီထမင်း
တိုက်ပွဲဖြစ်လျှင် အနီးစပ်ဆုံးရွာများမှ ထမင်းဟင်းချက်၍ ထမင်းထုပ်များ ပို့ပေးကြသည်။ ရွာနဲ့က မနီး ထမင်းလည်း မချက်နိုင်သော တိုက်ပွဲများတွင် ရိက္ခာခြောက်ရှိလျှင်ရှိ မရှိလျှင် ဆန်ကိုဝါးစားပြီး တိုက်ကြရသည်။ ယခုတိုက်ပွဲတွင် ထမင်းထုပ်များ တိုက်ပွဲကြားထဲ လိုက်ဝေနေသည်။ ကျနော်တို့ဖက် မရောက်လာ၍ တောင်ကြောအတိုင်း သွားပြီး ထမင်းထုပ်နေသော နေရာလိုက်ရှာကြသည်။ လက်ပါတ်နာရီကို ကြည့်လိုက်တော့ ည(၈)နာရီ(၄၅)မိနစ် ရှိနေချေပြီ၊ သစ်ပင်ခြေရင်းတွင် ၀ပ်နေသော ကချင်ရဲဘော်များကို ကျနော်တို့ ကချင်လို မေးကြည့်သည် “ အေ့ခေါင် ရှပ်ဂရာကော့ ငါအီး ” (ယောက်ဖ ထမင်းက ဘယ်မှာလဲ )ဟု ရဲဘော်ဗညားမှ မေးလိုက်သည် “ရှောင်းတဲ့” (အရှေ့မှာ)ဟု ကချင်ရဲဘော်မှ ပြန်ဖြေသည်။ ကျနော်တို့ ရှေ့ကိုဆက်သွားပြီး မေးတော့ စောစောက အတိုင်းသာဖြေသည်။ တောင်ကြောအတိုင်း ကေအိုင်အေ ရဲဘော်များ ၀ပ်၍ နေရာယူနေကြသည် ကျနော်တို့(၆)ယောက်ကတော့ လမ်း လျှာက်ပြီး ထမင်းထုပ်သာ လိုက်မေးနေတော့သည်။ ဆက်မေး၍သာ လာခဲ့ရာ အရှေ့နားတွင် ထမင်းထုပ်ခြင်းတောင်ကြီးကို တွေ့သဖြင့် တယောက်ကို နှစ်ထုပ်စီ ယူပြီးသောအခါ အရှေ့ကို ဆက်သွားခိုင်းသောကြောင့် ကျနော်မေးလိုက်သည် “အရှေ့မှာ ဘာရှိလဲ ယောက်ဖ” ကချင်တပ်မှူးတယောက်က “အရှေ့မှာရန်သူပဲရှိတော့တယ်”ကျနော်ကြောင်
သွားသည်။ ငါတို့ကို ဘာလို့သွားခိုင်းတာလဲလို့ မေးတော့ “မင်းတို့ တက်ထိုးမလို့ လာတာ မဟုတ်ဘူးလား ”“ မဟုတ်ဘူး၊ ငါတို့ ထမင်းထုပ်လာယူတာ” မင်းတို့ တက်ထိုးပါဟု ပြောလာသည်။ အဲဒီအခါကြမှ ကျနော် သေသေချာချာ သိလိုက်သည်မှာ ကုန်းပေါ်ကို တက်ထိုးလိုက် ပြန်လန်ကျလာလိုက် ဖြစ်နေသောကြောင့် ကချင်ရဲဘော်များ တက်ထိုးရန် တုန့်ဆိုင်းနေကြသည် ဖြစ်သောကြောင့် ကျနော်တို့ကို တက်ထိုးခိုင်းခြင်း ဖြစ်သည်။

ထိုစဉ် လကလဲ မိုက်မိုက်၊ ဗိုက်ကလဲ ဆာဆာ၊ ဥတ္တရ ယဉ်စွန်းတန်း တနေရာဆီ မတော့ ညဦးယံကို ကာဗိုက်ယမ်း ရနံ့တွေနဲ့ သုတ်လူးထားလို့ နေတယ်။

မောင်မောင်ခင် (ရမ်ဘို)


ဗိုလ်ချုပ်အောင်ဆန်းချပေးသော အခြေခံမူ(၄)ချက်

Monday, December 22, 2008

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ်ချုပ်ဆိုကြပြီး ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံထူထောင်ရန် ရည်မှန်းချက်အဖြစ်ထားရှိကြသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇-ခုနှစ်-ဇွန်လ-၁၆-ရက်နေ့တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံတွင် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာမှာ ထားရှိရမည့်အခြေခံအချက်(၄)ချက်ကို အဆိုတင်သွင်းကြောင်းတွေ့ ရသည်။
(၁)လွတ်လပ်တဲ့နိုင်င့ဖြစ်ရမည်(Independence)
(၂)အချုပ်အခြာအာဏာပိုင်ရမည်(Sovereignty)
(၃)ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်ရမည်(Republic)
(၄)ပြည်ထောင်စုနိုင်ငံဖြစ်ရမည်(Union State) ဟုရှင်းလင်းအဆိုတင်သွင်းပြီး ၄င်အဆိုအပေါ် တညီတညွတ် တည်းသြဘာပေးပြီးထောက်ခံကြကြောင်းတွေ့ရသည်။
ထို့အပြင်ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ အခြေခံလမ်းညွှန် ချက်(၇)ချက်ကိုလည်းချမှတ်ထားသည်။
ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်ချက်(၇)ချက်
လွတ်လပ်သည့်အချုပ်အခြာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ် သက်သည့် လမ်းညွှန်ချက်(၇)ချက်ကို တင်သွင်းခဲ့ပါသည်။
တောင်တန်းဒေသများနှင့် ကရင်နီဒေသများ အပါအ၀င်ဖြစ်သော မြန်မာနိုင်ငံတော်သူ/မြန်မာနိုင်ငံတော်သားတို့ ၏ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏အာသီသဆန္ဒနှင့်လျှော်ညီစွာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေကို စီစဉ်ရေးဆွဲရန်အလို့ငှါ စုံညီစုဝေးလျှက် အောက်ပါပြဋ္ဌာန်းချက်များကို ချမှတ်ကြကြောင်း၊
(၁)နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသောလွတ် လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ရမည်၊ထို့အပြင်
(၂)ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိရမည်၊ထို့အပြင်
(၃)အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ် များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာအဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက် စေရမည်၊ထို့အပြင်
(၄)ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊စီးပွားရေးရာ ၌လည်းကောင်း၊နိုင်ငံရေးရာ၌လည်းကောင်း၊တရားမျှတမှုရှိစေလျှက် ၊အဆင့်အတန်းအခွင့်အရေးနှင့် ဥပဒေ သက်သေခံမှုတို့တွင်ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင် ၊တရားဥပဒေနှင့်သော်လည်းကောင်း၊အများ ပြည်သူတို့စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊မဆန့်ကျင်သမျှလွတ်လပ်စွာကြံစည်ပိုင် ခွင့်၊လွတ်လပ်စွာဖေါ်ထုတ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊၀တ်ပြုပိုင်ခွင့်၊ ပရိယေ သနရှာမှီးပိုင်ခွင့်၊စည်းရုံးပိုင်ခွင့်၊ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပ ဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိစေရမည်၊ထို့အပြင်
(၅)ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့လုံလောက်သောကာကွယ်ချက်များ ထည့်သွင်းပြ ဋ္ဌာန်းထားရှိစေရမည်၊ထို့အပြင်
(၆)လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ ခိုင်မြဲရေးကိုလည်းကောင်း၊နိုင်ငံတော်၏ ကြည်း၊ရေ၊လေ တို့ကိုအချုပ်အခြာစိုးမိုးပိုင်ခွင့်ကိုလည်းကောင်း၊တရားဓ မ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရထိန်းစောင့်ထားရှိရမည်၊ထို့အပြင်
(၇)ရာဇ၀င်ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင်ဂုဏ်ကျကိသရေနှင့် လျှော်ညီစွာရသင့်ရ ထိုက်သောအဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တ၀ါတို့၏တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျှောက်စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်း ဆိုင်ရာတရားဓမ္မနှင့်ကျင့်ဝတ်သိက္ခာကိုအခြေပြု၍၊ကမ္ဘာ့ငြိမ်းချမ်းရေးကိုရှေ့ရှုလျှက်၊နိုင်ငံတကာတို့နှင့်မိတ်ဝတ် မပျက်ပဲ တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသောအဓိဋ္ဌာန်ဖြင့် စောင့်ထိမ်းတော့အံ့။

ဖွံ့ဖြိုးတိုးတက်မှုနှင့် အသိတရားနိုးကြားမှု

Saturday, December 13, 2008

၂၀၀၇-ခုနှစ်ဇန္န၀ါရီလ(၁၄)ရက်ဘန်ကောက်ပို့စ်သတင်းစာပါ အယ်ဒီတာအာဘော်ကိုဖတ်ရှုပြီး ဤဆောင်းပါး ရေးရန်စိတ်ကူးပေါ်လာသည်၊ထိုနေ့ထုတ်သတင်းစာကမီးမောင်း ထိုးပြထားသည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုကြား အင်မတန်ဆုံးဖြတ်ရခက်ခဲလှသည့် အစိုးရနှင့်မူဝါဒချမှတ်သူများ၏ ပြဿနာဖြစ်သည်၊ဆောင်းပါးတွင်ထိုင်းနှိုင်ငံတွင်ကြုံတွေ့နေရသော ရေထုညစ်ညမ်းမှု၊ မြစ်ချောင်းအင်းအိုင်များ တွင် ငါးအမြောက်အများသေကြေပျက်စီးမှုနှင့် မြစ်ရိုးတလျှောက်တည်ရှိနေသော စက္ကူစက်များမှစွန့်ပစ်သည့် အညစ်အကြေးများ၊ ဓာတုပစ္စည်းများဆက်စပ်နေပုံကို ဖေါ်ပြထားသည်။
ဤကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများသည် ပညာအမျှော်အမြင် ရှိရန်နှင့်အတ္တအစွဲကင်းစင်ကြရန် အလွန်အရေးကြီးကြောင်းမီးမောင်းထိုးပြထားသည်၊မြန်မာပြည်တွင်ကြုံတွေ့ နေရသော ပြဿများမှာ ရေတွက်၍မဆုံးနိုင်၊ တွင်းထွက်သတ္တုနှင့်ကျောက်မျက်ရတနာများကို မဆင်မခြင်တူး ကြောင့်သဘာဝပတ်ဝန်းကျင် ဆုံးရှုံးရခြင်း၊ လူနေအိမ်ခြေများအတင်းအဓမ္မပြောင်းရွှေ့ခံရခြင်း၊ အိုးအိမ်မြေရာ များမတရားသိမ်းဆည်းခံရခြင်းနှင့် ကျန်လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများမှာ ပြောပြ၍မကုန်နိုင်ပါ။
သစ်တောကဏ္ဍကိုပြန်ကြည့်လျှင်လည်း ထို့နည်းတူပင်ဖြသ်ပါသည်၊ လက်နက်ကိုင်ငြိမ်းချမ်းရေး(သို့) အပစ်အ ခတ်ရပ်စဲရေးသဘောတူထားသော အုပ်စုများမှမဆင်မခြင်စီးပွားရေးသောင်းကျန်းမှု အိမ်နီးချင်းနိုင်ငံများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကြား လက်သိမ့်ထိုးပြီးနိုင်ငံပိုင် သယံဇာတနှင့်သစ်တောများ ခုတ်လှဲထုတ်ယူ ရောင်းချမှု၊ ကမ်းရိုးတန်းတလျှောက်ပင်လယ်များအတွင်း နိုင်ငံခြားသားကုမ္မဏီများအား ငါးဖမ်းခွင့်လိုင်စင်များ ထုတ်ပေးပြီး ပင်လယ်ထွက်သယံဇာတပစ္စည်းများကို ထုတ်ယူရောင်းစားခြင်းကြောင့် ဒေသခံတိုင်းရင်းသားပြည် သူများ လုပ်စားစရာမရှိတော့ပဲ တိုင်းတပါးသို့ထွက်ခွာပြီး ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်နေကြရသည်။
ဤအခြေအနေများကို စီးပွားရေးဝိသမလောဘသားများ ဖက်မှကြည့်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်သည်ဟုယူ ဆသော်လည်း ဒေသခံဆင်းရဲသားပြည်သူများအတွက် လူ့အခွင့်အရေးချိုးဖေါက်ခံနေရခြင်းဖြစ်သည်၊ဤနေရာ တွင် ကျနော်တို့စဉ်းစားရမှာက ယခုလိုအိမ်နီးနားချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ပြီးလွတ်မြောက်ရုံဖြင့် ပြ ဿနာအေးသွားပြီလားဆိုသည့် ကိစ္စပင်၊တိုင်းတပါးတွင်လည်း မြန်မာလူမျိုးများအတွက် ပြဿနာများကကြို စောင့်ဆိုင်းနေသည်၊မိမိတိုင်းပြည်တွင်ကြုံတွေ့ရသလောက် အခြေအနေမဆိုးဝါးသော်ငြားလည်း အတော်အ တန်ဆိုးဝါးမှုများနှင့်အတူ လူ့အခွင့်အရေးများလည်း ချိုးဖေါက်ခံနေရဦးမည်ဖြစ်သည်။
သို့ဖြစ်လျှင် ဤပြဿနာဤကိစ္စများအတွက် တိုက်ရိုက်ပါဝင်ပတ်သက်နေသော ကာယကံရှင်များအနေနှင့်ဘာ လုပ်သင့်ပါသနည်း၊ ဘာများလုပ်နိုင်ပါမည်နည်း၊ ကျန်လူ့အဖွဲ့အစည်းများအနေနှင့်လည်း ဘာလုပ်သင့်ပါသနည်း အများအကျိုးအတွက် တာဝန်သိသိ စွန့်လွှတ်အနစ်နာခံပြီး ကြိုးစားလုပ်ဆောင်မည့်သူကော ပေါ်ပေါက်လာနိုင် ဦးမည်လော၊ ဤမေးခွန်းများအတွက် အဖြေတစုံတရာ ကျနော်တို့ထံမှာ ရှိနေပြီဆိုပါက ကျနော်တို့သည်အသိ တရားနိုးကြားသူများဟု ပြောနိုင်ခေါ်ဆိုနိုင်ပါသည်၊အဖြေတစုံတရာမရှိသေးပါက အသိတရားနိုးကြားရန်လိုအပ် ပါလိမ့်ဦးမည်၊ အသိတရားနိုးကြားလာအောင် (သက်ဆိုင်သူများအားလုံး)ကျနော်တို့ဘာလုပ်ကြမည်နည်း၊ မည်သူတွေမှာတာဝန်ရှိပါသနည်း၊တခုတော့ထပ်လောင်းပြောကြား လိုပါသည်၊ အသိတရားနိုးကြား ရုံမျှဖြင့်ပြ ဿနာပြေလည်သွားခြင်းမဟုတ်သေးပါ၊ နိုးကြားသည့်အသိတရားအတိုင်း ပြဿနာကိုတက်ညီလက်ညီပူးပေါင်း အဖြေရှာကြရန်နှင့် သတ္တိလည်းလိုအပ်ပါသည်၊ထိုထက်မကအရေးကြီးသည်က ဦးဆောင်သူလည်းလိုပါလိမ့်ဦး
လှုပ်ရှားမှုများမှ ပူပူနွေးနွေးသင်ခန်းစာက သက်သေပြနေသည်၊မိမိတို့နိုင်ငံ မိမိတို့တိုင်းပြည် အခြားသောနိုင်ငံ များနည်းတူ ဖွံ့ဖြိုးတိုးတက်စေလိုလျှင် တည်ငြိမ်အေးချမ်းစေလိုလျှင် ပထမခြေလှမ်းအဖြစ် ကျနော်တို့တဦးတ ယောက်မကျန် အသိတရားနိုးကြားရန်လိုအပ်နေပြီဖြစ်ကြောင်းနှင့်ထိုအသိတရား နိုးကြားလာရေးကို မည်သို့ ကြိုးပမ်းဆောင်ရွက်နိုင်မည်ကို လူငယ်များအနေဖြင့် နိုးကြားကြရန်တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ပေါလ်ပရသီ-(ငွေတောင်ပြည်)

သူတပါးအားသိက္ခာမချပါနှင့်

Thursday, December 11, 2008

အချို့သောပုဂ္ဂိုလ်အကြီးအကဲတို့သည် မည်သည့်အတွက်ကြောင့် အခြားသူများအား သိက္ခာချလေ့ရှိသည်ကို စဉ်းစား၍မရပါ၊ တဖက်သားလုပ်သမျှကို တခုမှအကောင်းမပြောပဲ ရှုံ့ချဝေဖန်၍သာ နေတတ်ကြ၏၊အလုပ်ကို ဂရုတစိုက်ပိုကောင်းအောင် လုပ်စေလို၍ပြစ်တင်စကားဆိုခြင်းဖြစ်ပါမူတော်ပါသေး၏၊သို့သော်ထိုသဘောမျိုး ဖြစ်ပြစ်တင်ခြင်းလည်း ဟုတ်ကောင်းမျဟုတ်ပါမည်၊ အလုပ်ကိုပို၍ုစိုက်ပြီးလုပ်စေလိုခြင်းထက် မိမမကျေနပ်မှုကို ဖွင့်ချလိုက်ရလျှင် ရင်တွင်းပေါ့သွားမည်ဟု ထင်သောကြောင့်လည်းဖြစ်နိုင်ပါသည်၊ မိမိစိတ်ချမ်းသာမှုအတွက် တခြားသူစိတ်မကောင်းဖြစ်အောင် ပြုလုပ်ခြင်းမှာမသင့်တော်ပါ၊ဤကိစ္စမျိုးမှာအကြီးအကဲအတော်များများအဖို့ လေးနက်စွာ စဉ်းစားသင့်သောကိစ္စဖြစ်ပါသည်၊အဘယ်ကြောင့်ဆိုသော် အကြီးအကဲပုဂ္ဂိလ်များအနေနှင့် သဘောပေါက်သည်ဖြစ်စေသဘောမဘောမပေါက်သည်ဖြစ်စေ လူအများအား သိက္ခာချခြင်းကြောင့် အန္တရာယ် ကြီးမားနိုင်ပါသည်၊

Half Full Idea နှင့်အတိုက်အခံတို့လုပ်ဆောင်သင့်သည်များ

အလုပ်ကြမ်းနှင့်ထောင်ဒါဏ် စုစုပေါင်း ၄၅ နှစ်၊ ၅၄နှစ်၊ ၆၅ နှစ် စသည်ဖြင့် ပါတီနိုင်ငံရေးသမားတွေ၊
၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဘလော့ဂါတွေ၊ နှစ်ရှည် လများ ထောင်ထဲထား အကျဉ်းချဘို့ နအဖနဲ့
သူ့တရားစီရင်ရေးအဖွဲ့က (အမှန်မှာတော့ မတရားစီရင်ရေးပါ) ဥပဒေကဲ့သို့
အာဏာတည်သောအမိန့် ကိုချခဲ့ပါတယ်။ ဒီလိုမျိုး အဓိပ္ပါယ်မဲ့ စီရင်ချက်ကိုကြားရတာနဲ့ နအဖရဲ့
မတရားမှု၊ ပြည်သူ ကျောင်းသား နိုင်ငံရေးသမားတွေကို ရန်သူသဖွယ် ဆက်ဆံနေမှုတို့ကို
ထင်သာမြင်သာ ရှင်းလင်းစွာ တွေ့ရမှာပါ။
ကျွန်ုပ်အနေနဲ့ အဆိုးထဲက အကောင်းကိုရှာကြည့်နေမိပါတယ်။ နအဖလုပ်ရပ်ကို အကောင်းဘက်က
နေပြီး မြင်ကြည့်တယ်။ နအဖ ဟာ နောက်ထပ်နှစ် ၆၀၊ ၆၅ှနှစ် ဆက်လက်ပြီး ပြည်သူတွေကို မတရား
ဆက်လက်အုပ်ချုပ်၊ နှိပ်စက်နေအုံးမယ်ဆိုပြီးတော့ သွယ်ဝိုက်သောနည်းနဲ့ အားလုံးကို
ပြောလိုက်တာပါဘဲ။ ဒီလိုသိရပြီဆိုရင် သတိရှိကြဘို့ အသိတရားရကြဘို့ လိုနေပါတယ်။
နအဖကတော့ ဒီခြေလှမ်းကို လှမ်းလိုက်ပါပြီ၊ ငါတို့က သူလှမ်းတဲ့နောက်ကိုလိုက်မလား၊
သူတို့လှမ်းလို့မရအောင်တိုက်မလား ဆိုတာ အမြန်ရွေးချယ်ပြီး လက်တွေ့ အကောင်အထည်ဖေါ်ဘို့
လုပ်ကြရပါမယ်။
လူ့သက်တမ်းတခုစာလောက် ထောင်ဒါဏ်တွေကိုချပြီး နိုင်ငံရေးလုပ်လိုသော နအဖ
စစ်ဗိုလ်ချုပ်တွေကို အတုလိုသော မတရားမှုတွေကိုဖေါ်ထုတ်လိုသော ကျောင်းသား၊ လူငယ်များကို
နောင်ဤကဲ့သို့ မလုပ်ရဲအောင်၊ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်သော်လည်း
တက်ကြွ၍အသိတရားရှိသော ပြည်သူတို့၏ခံစားနေရသော ဒုက္ခဆင်းရဲကို စာနာတတ်သော
လူငယ်မျိုးဆက်သစ်များနားလည်သည်မှာ အမှန်တရားအတွက် မည်သည့်ပေးဆပ်မှုမျိုးကိုမဆို
ပေးဆပ်ပြီး တိုက်ပွဲဝင်သွားမည်ဟု ကျွန်ုပ်ယုံကြည်သည်။
အကယ်၍ အကြောင်းမလှ၍ သူရဲဘောကြောင်သော စစ်ဗိုလ်ချုပ်များက အောက်လမ်းနည်းသုံးပြီး
ဖမ်းသောကြောင့် အဖမ်းခံရလျှင်တောင် သူတို့ပြောသလို ၄၅၊ ၅၅၊ ၆၅ နှစ်
ထောင်ထဲတွင်နေစရာမလိုပေ။ ဤသို့အဘယ်ကြောင့်ဆိုရသလည်းဟု မေးစရာရှိသည်၊
နိုင်ငံတနိုင်ငံတွင် စနစ်တခုမှတခုသို့ပြောင်းရန်အတွက်သော်လည်းကောင်း အခြေနေတခုမှတခုသို့
ပြောင်းရန်အလို့ငှာသော်လည်းကောင်း နိုင်ငံအတွင်းရှိလူအများစည်းလုံးရန်လိုအပ်ပေသည်။ ထို့အတူ
စည်းရုံးရန်လည်းလိုအပ်ပေသည်။ ထို့ကြောင့် အကျဉ်းထောင်အတွင်း
နည်းမျိုးစုံဖြင့်ကျရောက်နေသော အကျဉ်သားများကို ပြန်လည်လွှတ်ပေးရန် လိုအပ်ပေသည်။
တနည်းဆိုသော် လွတ်ငြိမ်းချမ်းသာခွင့်ပေးရမည်မှာ ဧကန်မလွဲပါ။ ထိုအထဲတွင်
နိုင်ငံရေးနှင့်ပါတ်သက်သော ထောင်ကျခံနေရသည့်သူများမှာ ရှေ့ဆုံးမှနေပြီး
လွတ်ငြိမ်းချမ်းသာခွင့်ကိုခံစားရပေမည်။ ထိုနိုင်ငံရေးသမားများ ၎င်း
အခွင့်အရေးကိုမခံစားရလျှင်သော်လည်းကောင်း တမင်တကာ နိုင်ငံရေးသမားများကို
ချန်လှပ်ထားခ့လျှဲင်သော်လည်းကောင်း ၎င်းအပြောင်းအလဲသည် စစ်မှန်သော
ရိုးသားသောအပြောင်းအလဲ ဖြစ်မည်မဟုတ်။ ထိုအချိန်သည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဖြစ်ရမည်။
ထို့ကြောင့် အမျိုး၊ ဘာသာ၊ သာသနာ နှင့် နိုင်ငံကို ချစ်မြတ်နိုးသူတိုင်းသည် နိုင်ငံ့အရေး
ပြည်သူ့အရေး တို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်တိုက်ပွဲဝင်သင့်သည်။ သင်သည် ၂၀၁၀
ရွေးကောက်ပွဲမတိုင်မီ ပြန်လည်လွတ်မြောက်လာပါမည်။
နအဖ ၏ အခြားရက်စက်မှု၊ လူမဆန်မှုတခုကား နိုင်ငံရေးသမား၊ ကျောင်းသား များကိုဖမ်းဆီးပြီး
နေရပ်နှင့်ဝေးကွာသော အရပ်ဒေသများတွင်ရှိသော ၎င်းတို့၏နှိပ်စက်ရေးစခန်းဖြစ်သော
အကျဉ်းထောင်များ ၂ ဦးတစု၊ ၃ ဦးတစုသို့ပို့ဆောင်နေသည်။ အကျဉ်းကျခံ တိုက်ပွဲဝင် ကျောင်းသား
နိုင်ငံရေးသမားများသည် ထိုအခြေအနေကို ကောင်းစွာအသုံးချကြရမည်၊ မိမိတို့သည်
ပြင်ပတွင်နေစဉ်ကလွတ်လပ်စွာ သွားလာ၊ စည်းရုံးခွင့်မရကြသောကြောင့်
နယ်စွန်နယ်ဖျားသို့သွားရောက်ရန်အခွင့်မသာကြသလို စည်းရုံးခွင့်လည်းမရကြ။ ယခု
နအဖတို့မိုက်မဲစွာ ပို့ဆောင်ခြင်းကြောင့် ထိုဒေသသို့ ရောက်ကြပေပြီ၊ နိုင်ငံရေး လုပ်သောသူတို့၏
လုပ်ဆောင်ရမည့်ဝတ္တရားအတိုင်း ထိုအကျဉ်းစခန်းများရှိ အကျဉ်းကျများ ဝန်ထမ်းများကို
ဉာဏ်စွမ်းရှိသရွေ့ စည်းရုံးရမည်။ နအဖတို့၏ မိုက်မဲမှုကို အခွင့်ကောင်းယူပြီး မြန်မာပြည် အနယ်နယ်
အရပ်ရပ်ရှိ အကျဉ်းထောင်များမှ အကျဉ်းကျများ ဝန်ထမ်းများကို စည်းရုံးကြပါလေ။ ရန်သူကို
မိတ်ဆွေ မလုပ်နိုင်စေကာမူ ရန်သူမဟုတ်သူများ ရန်သူမဖြစ်သွားရေးနှင့် မဟာမိတ်များ
ကူညီထောက်ခံသူများ များပြားလာအောင် စွမ်းဆောင်ကြရပေမည်။
ဤကဲ့သို့စည်းရုံးရေးတာဝန်များကို နိုင်ငံရေးသမားဟုမိမိကိုယ်မိမိ ခံယူထားသူများ အားလုံး
ရောက်ရာနေရာ ကျရာဒေသတွင် မဖြစ်မနေလုပ်ဆောင်နေရန်လိုအပ်ပေသည်။ လူထု လူတန်းစား
အလွှာပေါင်းစုံ (ထိုအထဲတွင် လူဆိုး၊ သူခိုး၊ ဓါးမြ တို့လည်းအပါအဝင်ဖြစ်သည်၊ထိုသူတို့ ကို စည်းရုံးရပေမည်။
နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ ဘလော့ဂါတွေ ရဟန်းသံဃာတွေကို
ထောင်တသက်နီးပါး နအဖက ထောင်ဒါဏ်နှစ်ရှည်တွေချနေတယ်။ ဝေးလံ ခေါင်သီပြီး ရာသီဥတု
ဆိုးရွားတဲ့ သွားလာရခက်ခဲတဲ့ အကျဉ်းစခန်းတွေဆီ ပို့နေတယ်။ တချိန်တည်းမှာဘဲ ရွေးကောက်ပွဲကို
နအဖက လုပ်ပေးမယ်ပြောနေတယ်။ ဒီတော့ နအဖက လုပ်ပေးမယ့် ရွေးကောက်ပွဲဟာ
တရားမျှတပါ့မလား။ သူတို့အနိုင်မရဘဲ NLD လို တခြားသော အတိုက်အခံပါတီတခုခုက
အနိုင်ရရင်ကော အာဏာလွှဲပေးမှာလား။ ကျွန်ုပ်တော့ မထင်ပါ။
စစ်ဗိုလ် လေးပုံတပုံပါပြီး စစ်ဗိုလ်တွေသာ နိုင်ငံခေါင်းဆောင်ဖြစ်စေဘို့ အလေးထားရေးသားထားတဲ့
နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရော လက်ခံသင့်သလား။ မတရား၊ မမျှတမှုတွေကို
နိုင်ငံရေးသမားတွေ ပါတီနိုင်ငံရေးလုပ်နေသူတွေ လိုလားတောင်းတနေလိမ့်မယ်လို့ မထင်ပါဘူး။
ဒီတော့ နအဖက လုပ်ပေးမယ့် ၂၀၁၀ရွေးကောက်ပွဲ ကတဆင့် ပြည်သူတို့လိုလားနေတဲ့
ဒီမိုကရေစီနိုင်ငံတော်ကို တဖြည်းဖြည်းနဲ့ ချီတက်သွားမယ်လို့ ယူဆနေကြသော ယိမ်းနွဲ့ပါး သာရာစား
နိုင်ငံရေးသမားများကိုလည်း အိမ်မက်ထဲက နိုးထကြဘို့ အသိပေးပါတယ်။
စစ်ဗိုလ်တစ်မတ်သားပါသော ဒီမိုကရေစီရယ်လို့ ရှိသင့်ပါသလား။ ဒီမိုကရေစီဆိုတာ
ပြည်သူ့ထံကဆင်းသက်ရစမြဲပါ။ ညီမျှ မျှတရစမြဲပါ။ (စစ်မှန်သော) ပြည်သူ့ကိုယ်စားလှယ်တွေ
ရေးဆွဲသော အခြေခံဥပဒေကို နိုင်ငံသားတွေက လွတ်လပ်စွာ ဆန္ဒမဲပေးအတည်ပြုမှသာ ဒီမိုကရေစီ
ကျသော တရားမျှတသော အခြေခံဥပဒေကို ရရှိပြီး ၎င်းအခြေခံဥပဒေနှင့်အညီ
ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်ပြီး တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်စေရမည်။
ပြည်သူ့ကိုယ်စားလှယ်များသာရှိပြီး အခြေခံဥပဒေမရှိသေးလျှင် ၎င်းပြည်သူ့ကိုယ်စားလှယ်များသည်
အခြေခံဥပဒေကို ရေးဆွဲခြင်းနှင့် တိုင်းပြည်ကိုအုပ်ချုပ်ခြင်းအမှုကို တပြိုင်တည်းပြုလုပ်စေရမည်။
အမှန်စင်စစ်ကတော့ နအဖက ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရထားသော NLD ပါတီကို
အာဏာလွဲပေးရမှာဖြစ်ပါတယ်။ NLD ပါတီအနေနဲ့လည်း မိမိတို့ရပိုင်ခွင့်ကို အစဉ်အမြဲ
နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုတိုက်ပွဲဝင်နေရမှာဖြစ်ပါတယ်။ NLD က ၂၀၁၀ ရွေးကောက်ပွဲ
ဝင်ဘို့အတွက် အခြေခံဥပဒေကို ပြင်ဆင်ပေးသင့်တယ်လို့တော့ မတောင်းဆိုသင့်ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ ၁၈ နှစ်လုံးလုံး ကျားကုတ်ကျားခဲ ကိုင်စွဲလာတဲ့ ၉၀ ရလဒ်ကို ပြည်သူ့ဆန္ဒကို
မျက်ကွယ်ပြုရာ ခြေနဲ့ဖျက်ရာ ကျလို့ပါဘဲ။
ကျွန်ုပ်သာ NLD မှ ပြောရေးဆိုခွင့်ရှိသူဖြစ်လျှင် နအဖကို ဤသို့ ကမ်းလှမ်းမည်…
ဗိုလ်ချုပ်ကြီးများခင်ဗျား လူကြီးမင်းတို့၏ ကြောက်ရွံ့စိုးထိတ်နေမှုများကို လူကြီးမင်းတို့ တဖက်သတ်
အတည်ပြုထားသော အခြေခံဥပဒေကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။ ဗိုလ်ချုပ်ကြီးများသည်
စစ်သားများဖြစ်သည်နှင့်အညီ ဆုတ်လမ်းမရှိက လွန်စွာကြောက်တတ်သော
အမျိုးအစားထဲမှဖြစ်သောကြောင့်မိမိတို့ ကျူးလွန်ထားသော ပြစ်မှုများကို နောက်ကြောင်းပြန်
တရားစွဲဆိုခြင်းမရှိစေရန် နှင့် အနာဂါတ်မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှုရရှိစေရန် တို့အတွက်
အခြေခံဥပဒေတွင် ထည့်သွင်းစေချင်ကြသည်။ ယောကျာင်္းများသည် ကိုယ်လုပ်သောအမှုကို
ကိုယ်တာဝန်ခံတတ်ရသည် စစ်သားဆိုသည်မှာ ယောကျာင်္းကောင်းများဖြစ်သည်ဟု
အသင်ဗိုလ်ချုပ်များ ပြောဆိုကြသည် သို့ပါသော်လည်း မိမိလုပ်သော ပြစ်မှုကို တာဝန်မခံလိုသော
စစ်သားစစ်ဗိုလ်များ ရှိသည်ကို ကျွန်ုပ်တို့မယုံကြည်နိုင်အောင်ပင်ဖြစ်ရသည်။ စစ်ဗိုလ်စစ်သားများသည်
တရားမျှတမှုကို လက်ကိုင်ထားသည်ဟု မှတ်သားခဲ့ဘူးသော်လည်း တရားမျှတစွာ
တန်းတူရည်တူမယှဉ်ပြိုင်ဘဲ ငါတို့ကတော့ အားလုံး၏ လေးပုံ ပုံ တစ်ပုံ ပါဝင်သင့်တယ်လို့ မညီမျှစွာ
အပိုတောင်း အခွင့်အရေးယူတတ်တာကိုလည်း အံ့သြရပါတယ်။ သို့ပါသော်လည်း
မြန်မာပြည်သူပြည်သားအားလုံးနှင့်တကွ အမျိုးဘာသာ သာသနာ အဓွန့်ရှည် တည်တန့်နိုင်ရေး
အကျိုးကိုရှေးရှုပြီး သူရဲကောင်းမပီသစွာဖြင့် သူရဲဘောနည်းသော ဗိုလ်ချုပ်ကြီးများ နှင့်
စစ်ဗိုလ်စစ်သားများကို အသင်တို့ ကြောက်ရွံ့ထိတ်လန့်စွာ တောင်းတနေသော အချက်များဖြစ်သည့်
ကျူးလွန်ထားသော ပြစ်မှုများကို တရားစွဲဆိုခြင်း မပြုရေး။ စစ်ဗိုလ်စစ်သား လေးပုံတစ်ပုံ ပါဝင်ရေး။
တို့ကို အခြေခံဥပဒေတွင် ပြည်သူတို့၏ဆန္ဒကို ဆန့်ကျင်ပြီး ကျွန်ုပ်တို့အနေဖြင့် ထည့်သွင်းခြင်း
မပြုနိုင်သော်လည်း ကျွန်ုပ်တို့ NLD ပါတီကို အာဏာလွှဲပြောင်းပေးမည်ဆိုပါက
အတုံ့အလှည့်အနေဖြင့် ၎င်းချက်များကို ရက်ရောစွာလိုက်လျောပေးမည်။ ကိုယ်စားလှယ် ၄၈၉ တွင်
နောက်ထပ် စစ်သားစစ်ဗိုလ် ၁၂၂ ယောက်ထပ်ပေါင်းပြီး ပါလီမန် ထဲတွင်ပါဝင်ခွင့်ပြုမည်။ ထို့ကြောင့်
တစည ပါတီမှ အနိုင်ရထားသော လွှတ်တော်အမတ်များ၏ လေးပုံ သုံးပုံကိုထုတ်ပယ် ပြီး NLD ပါတီမှ
ကိုယ်စားလှယ်လောင်းများနှင့် အစားထိုးခြင်းကို p.alert(သဘောတူညီရမည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး ရာထူးကိုရယူလိုလျှင်တောင် လိုက်လျောပေးမည်
အပြန်အလှန်အားဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် လွှတ်တော်၏ဆုံးဖြတ်ချက်များ မဲခွဲမဲပေးရာတွင်
မဲပေးပိုင်ခွင့်မရှိစေရ။
အချုပ်ဆိုရသော် စစ်ဗိုလ်ကြီးများတောင်းဆိုထားသော
၁။ တရားစွဲဆိုခြင်း မရှိရေး။
၂။ စစ်သားစစ်ဗိုလ် လေးပုံ တစ်ပုံပါဝင်ရေး။
၃။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အားနိုင်ငံတော်၏အဆင့်မြင့်ဆုံးရာထူးပေးရး။ (အပိုဆု)
တို့အား မိမိတို့ NLD မှသဘောတူလိုက်လျောပေးပါမည်။
နအဖ စစ်ဗိုလ်ချုပ်များဖက်မှ လိုက်လျောရမည့် အချက်များမှာ
၁။ မိမိတို့ NLD ပါတီအား ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ အာဏာလွဲပေးရန်။
၂။ တစည ပါတီမှ အနိုင်ရအမတ်များ၏ လေးပုံသုံးပုံအား ထုတ်ပယ်ပြီး NLD ပါတီမှ
ကိုယ်စားလှယ်လောင်းများနှင့် အစားထိုးရန်။
၃။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မဲပေးပိုင်ခွင့်ကို စွန့်လွှတ်ရန်။ (အပိုဆု ကိုလက်ခံလျှင်)
အထက်ပါကမ်းလှမ်းချက်များကို နအဖ နှင့် စစ်ဗိုလ်ချုပ်များက ခရစ်သက္ကရာဇ် ၂၀၀၉ ခု ဇန္နဝါရီလ ၎
ရက် နေ့မတိုင်မီ အကြောင်းပြန်ကြားစေလိုပါသည်။
ကမ်းလှမ်းချက်များထဲမှတစုံတရာကို သဘောမတူညီခြင်း၊ သတ်မှတ်ထားသော အထက်ပါ
နေ့စွဲမတိုင်မီ အေုကာင်းမပြန်ကြားခြင်း တို့ကိုတွေ့ရှိခဲ့ပါက ကျွနုပ်တို့ကိုNLD ပါတီမှဦီးဆောင်ပြီး အသင်တို့
နအဖနှင့် စစ်ဗိုလ်ချုပ်များကို ရရာလက်နက်စွဲကိုင်ပြီး အာဏာ ရရှိသည့်တိုင်အောင် ကျွန်ုပ်တို့ NLD
CEC များမှ ပြည်သူများနှင့်လက်တွဲပြီး ပြည်သူ့ရှေ့မှ အသက်စွန့် တိုက်ပွဲဝင်သွားမည်။
… ဖြစ်ကြောင်း။
ထိုအချိန်တွင် ပြည်သူတရပ်လုံးကလည်း NLD ကိုဝိုင်းရံကြရမည်။ ဝိုင်းရံကြမည်မှာ
ဧကန်ပင်ဖြစ်သည်။ NLD ကဘာမှလုပ်ဘဲ NLD ၀ိုင်းရံသည်ဆိုသည်မှာသဘာဝကျပါ၏လော ဟု
NLD မှလူကြီးမင်းများ စဉ်းစားကြစေလိုပါသည်။
ကြောက်လျှင်လွဲ၍ ရဲလျှင် မင်းဖြစ်မည်။
No Pain, No Gain.
အိမ်လွမ်းသူ။ ၁၂။ ၂၀၀၈
__