ပါရမီဖြည့်ဖက်သို့

Saturday, April 11, 2009

တင်မြာရေ
ပြောပြမတတ်အောင် ၊ပွေရတယ်
ကုရာနတ္ထိ ဆေးမရှိတဲ့အနာ
ဦးခေါင်းခွံ အတွင်းမှ ပြင်းပြတဲ့ဝေဒနာ
အသက်နဲ့ခန္ဒာ ၊စိတ်ဓါတ်မာန်ချဉ်း
အမျှင်တင်းတဲ့၊သံယောဇဉ်
သမ်ီးနဲ့သား၊မိခင်ပီသသောမေတ္တာများက
အနန္တစွမ်းအင်၊ ဆက်လက်ရှင်သန်ရစ်မယ်။
တင်မြာရေ
အမြင်အကြား၊သောတအာရုံများ
ချို့တဲ့နေတဲ့ကြားက
မျှော်လင့်စောင့်စား၊၀တ္တရားမကျေတဲ့ယောင်္ကျား
အဖေမပီသတဲ့ ဖခင်ချစ်လင်ရဲ့ဂတိစကား
ပြောသူကပြောခဲ့ငြား၊
မကြားနိုင်ခဲ့ပါလား။
တင်မြာရေ
ကြားနိုင်မယ်ဆို၊ ရင်မှာရှိသမျှ
ရှင်းပြလိုက်ချင်တယ်၊
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ရက်တရက်
တခုသော မနက်မှာ ၊ထွက်သွားခဲ့ရခြင်းဟာ
မင်းတို့ကိုမချစ်လို့..........ငါ
ခွဲခွာခဲ့တာမဟုတ်။
လူတိုင်းက
လူလို...ပီပီသသ
လူလိုနေရဖို့အတွက်
အုတ်တချပ် (ဒါမှမဟုတ်)သဲတပွင့်ပမာ
ဖြစ်ချင်တဲ့အတ္တနောက်(ဒီမိုကရေစီနှင့်လူ့အခွင့်အရေး)
တကောက်ကောက် လိုက်ရင်း......ငါ
မင်းတို့ကို စွန့်သွား....ခဲ့ရတာပဲ။
တင်မြာရေ
တို့နှစ်ယောက်ကြားမှာ ကမ္ဘာတခုတော့
ခြားနေခဲ့တာ အမှန်ပဲ၊
မင်းသိလား၊ သမီးနဲ့သားငါတို့ကြားမှာ
များခဲ့တယ်။
တင်မြာရေ
မင်းတို့ရှိရာ နှစ်ပေါင်းနှစ်ဆယ်ကြာ၊ ငါပြန်မလာခဲ့ဖူး။
တင်မြာရေ
အတ္တဆိုတာ..ငါ့မှာမရှိ
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဟာ......ငါတို့အရေးမို့
မင်းလဲသိတယ် ငါလည်းသိ၊ရှိသင့်ရှိထိုက်တယ်လို့ငါထင်တယ်.....တင်မြာ၊
ငါလုပ်တဲ့လုပ်ရပ် မင်းအထင်ကအမြတ်လို့....
ငပိစားနေတာလဲ မင်းသိတယ်
မျှစ်ချိုးနေတာလဲ မင်းမြင်တယ်
မင်းလေ.....မင်း..တင်မြာ
တင်မြာရယ်လို့ ခေါ်သံလေးကတပါး
ငါ...ဘာလုပ်လို့ရမတဲ့တုန်း။
တင်မြာရေ
အားတင်းထား ငါအတ္တမဆန်တာ..နင်သိတယ်
ငါက.......ငါလျှောက်လိုတဲ့ငါ့ခရီး ငါလှေစီးနေတာ...ငါ့အတွက်မဟုတ်
ဟေ့တင်မြာ...နင်ဂုဏ်ယူလိုက်စမ်းပါ
နင့်ဝိညာဉ်ကတောင် ငါ့ကိုဂုဏ်ယူ...ချီးကြူးလို့မဆုံး
ငါသိနေတယ်တင်မြာ.....နင်လေနင်၊ငါ့ကိုအဲဒီလောက်ထိချစ်ရလား။
စိတ်ချ...တင်မြာ
သမီးနဲ့...သားအတွက်..မင်းဆက်ရှင်သန်ရစ်ရမယ်
ဟေ့......တင်မြာ
နင်..အားတင်းထားစမ်း၊ငါတို့နိုင်ငံ ဒီမိုကရေစီမရသေးဖူး
နင်သေလို့မရသေးဖူး.....တင်မြာ
နင့်မှာ...သားတွေသမီးတွေ.....အများကြီးရှိနေသေးတယ်
တင်မြာ...ရဲ့။
စိတ်ဓါတ်နဲ့ကု၊ရှေ့ဆက်ရမဲ့ဘ၀နှစ်ခုအတွက်
ဝေဒနာကို...သညာလို့သာမှတ်လိုက်တင်မြာ...နင်သေလို့မရသေးဖူး
နင်ရှိမှ.......ဖြစ်မယ်။
(ယုံကြည်ချက်အတွက် ခရီးကြမ်းထွက်နေသူများအပေါ်...အနစ်နာခံ၊ဖခင်ရဲ့လစ်ဟင်းခဲ့သမျှတာဝန်များကို
သားသမီးများအပေါ်...တာဝန်ကျေခဲ့သည့်မိခင်
နောက်ဆုံးထွက်သက်အထိ ..တာဝန်ကျေမှုတွေကိုစွမ်းဆောင်နေရှာတဲ့.......အမိနှင့်တူသော.....ချစ်ဇနီးသို့)
သောသီခို(ငွေတောင်ပြည်.....အလင်းတိုက်..khukdaungnee groups

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံမှ အိမ်ဖေါ်အလုပ်သမများ

Thursday, April 9, 2009

MIGRANT DOMESTIC WORKERS FROM BURMA TO THAILAND-ထိုင်းနိုင်ငံရှိ မြန်မာအိမ်ဖေါ်အလုပ်သမများ စာအုပ်သည် လက်ရှိ
ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခအမျိုးမျိုးနှင့်ကြုံတွေ့နေကြရသော မြန်မာအိမ်ဖေါ်အမျိုးသမီးများ အကြောင်းကို ထိုင်းနိုင်ငံမဟီဒွန်းတက္ကသိုလ်
နှင့်မြန်မာတိုင်းရင်းသားလူ့အခွင့်အရေးအဖွဲ့များ ပူးပေါင်းစာရင်းပြုစုထားသော စာအုပ်ဖြစ်သောကြောင့် ဖတ်ရှုသူများအနေနှင့် များစွား
အကျိုးရှိမည်ဟု ကျနော်ယူဆသည်၊သို့ဖြစ်ပါသောကြောင့် စာအုပ်တွင်ရေးသားထားသော အကြောင်းအရာများအားလုံးကို အစမှအဆုံး
ထိကျနော်အခန်းဆက် ဖေါ်ပြသွားပါမည်၊စာကိုရေးသားနေချိန်တွင်ကျနော်သည် တတိယနိုင်ငံသို့အခြေချရန် ကန်ချနဘူရီခရိုင် စန်ခမြို့
ရှိသောပဒုက္ခသည်စခန်းတွင် ရှိနေပါသောကြောင့် အချို့သော အခန်းဆက်များကြန့်ကြာမှုရှိနေခဲ့လျှင် ဖတ်ရှုသူများအနေနှင့်နားလည်
မှုပေးကြာပါရန် အနူးအညွတ်မေတ္တာရပ်ခံ ကြိုတင်ပြီးတောင်းပန်အပ်ပါသည်။(ခွပ်ဒေါင်းနီ)
လူနည်းစုများကို ညှင်းပန်းနှိပ်ဆက်ခြင်းနှင့် လူမျိုးစုများထကြွပုန်ကန်ခြင်း၊စီးပွားရေးချို့တဲ့အားနည်းခြင်း၊စစ်ပုံစံသွတ်သွင်းခြင်းစသည့်ရာ
စုနှစ်ထက်ဝက်နီးပါးမျှဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်၊မြန်မာနိုင်ငံမှပြည်သူများသန်းချီပြီး မိမိတို့အသက်အိုးအိမ်လုံခြုံစိတ်ချမှုရရန်အ
တွက်နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။လွန်ခဲ့သော(၁၅)နှစ်ကျော်ကာလမှစပြီး မြန်မာပြည်မှတိုးပွားထွက်ခွာလာ
သည့်လူအရေအတွက်မှာ အကြီးမားဆုံးသောရွှေ့ပြောင်းမှုတရပ်ပင်ဖြစ်သည်။လူနည်းစုဒေသများမှ လူမျိုးစုလက်နက်ကိုင်တပ်များနှင့်
၎င်းတို့အား တစုံတရာကူညီခြင်းကို နှိပ်ကွတ်ရန် စစ်အစိုးရ(န၀တ-နအဖ)စီမံချက်များကြောင့် အဓမ္မခိုင်းစေခြင်း၊အတင်းနေရပ်ရွေ့ပြောင်း
ခြင်း၊အခွန်အကောက် လွန်ကဲစွာကောက်ခံခြင်း၊ရက်စက်ဆိုးဝါးစွာ(လူမဆန်စွာ)စေခိုင်းပြုမူခြင်း စသည့်ကမောက်ကမအဖြစ်ဆိုးများကို
မြန်မာပြည်ရှိလူမျိုးစုပြည်သူတို့ အများဆုံးခံကြရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးနှင့်ယဉ်ကျေးမှု သဘောထားကွဲလွဲမှုတို့ကြောင့် ငါးသန်းကျော်မျှသောပြည်သူတို့သည်
အထောက်အထားမှတ်တမ်းမရှိပဲ မြန်မာနိုင်ငံနယ်စပ်ကိုဖြတ်ကာ အိမ်နီးခြင်းတိုင်းပြည်များသို့ ၀င်ရောက်ခဲ့ကြာသည်။နှိပ်စက်ညှင်းပန်းခံ
ရမည်ကိုစိုးသောကြောင့် ၄င်းတို့သည်နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှုနှင့် ဒုက္ခသည်အဖြစ် အသိအမမှတ်ပြုခြင်းမခံရပဲ မြန်မာနိုင်ငံ
မှ ဧရာမရွှေ့ပြောင်းသူအများစုတို့မှာ အသက်ရှင်ရပ်တည်ရန် အများအားဖြင့်တရားမ၀င်ကြုံရာအလုပ်သမားဘ၀သို့ ရောက်ကြရသည်။
မြန်မာနိုင်ငံမှထွက်ပြေးလာကြာသည့် နှစ်သန်းကျော်မျှသောရွှေ့ပြောင်းသူအများစုတို့သည် ရွံရှာဖွယ်နေရာထိုင်ခင်းများတွင်(အန္တရာယ်
များသော၊ညစ်ပတ်သော၊ခက်ခဲသော)သုံး"ဒီ" အလုပ်များလုပ်ကိုင်ပြီးအနည်းဆုံးလစာထက် များစွာနိမ့်သော အခကြေးငွေနှင့်သာ အဆုံး
သတ်ကြရသည်။နှိပ်စက်ညှင်းပန်းခြင်းဘေးမှ ထွက်ပြေးလာကြသူများဖြစ်ပြီး ကာကွယ်စောင့်ရှောက်မှုလိုအပ်နေသူများဖြစ်သည်။ထိုင်း
နိုင်ငံတော်ဝင်အစိုးရမှ ဒုက္ခသည်အဖြစ်ပြင်းပယ်မှုကြောင့် မြန်မာနိုင်ငံရွှေ့ပြောင်းဝင်ရောက်လာသူတို့သည် အများအားဖြင့်၎င်းတို့အခွင့်
အရေးများအတွက်တောင်းဆိုရန်လွန်စွာခက်ခဲပြီး၊ ဖိနှိပ်ချုပ်ချယ်ခြင်းခံကြရသည်။ထိုင်းနိုင်ငံသို့မြန်မာနိုင်ငံမှရွှေ့ပြောင်းဝင်ရောက်လာသူ
တို့သည်၊နေရပ်ပြန်ပို့ခံရမည်ကို အစဉ်အမြဲစိုးရိမ်ကြောင့်ကြနေကြရသဖြင့် ၄င်းတို့ရသင့်သောအခြေခံလူ့အခွင့်ရေးများပင်လျှင် ငြင်းပယ်ခံ
ရပြီး၊စက်ဆုတ်ဖွယ်ရာ လုပ်အားခခေါင်းပုံဖြတ်ခြင်းကိုခံကြရသည်။
ထိုင်းနိုင်ငံတွင်မြန်မာနိုင်ငံမှဝင်ရောက်လာသော အိမ်ဖေါ်အလုပ်သမ (မိန်းကလေး)တသိန်းကျော်ရှိသည်။သို့သော်သုတေသနပြုသူများ
ကထိုကိန်းဂဏန်းထက်ပိုများမည်ဟုခန့်မှန်းကြသည်။အိမ်ဖေါ်အလုပ်သမများတကယ်ရင်ဆိုင်နေရသောအခက်အခဲ အနည်းငယ်မျှကိုသာ
သိရှိကြရသည်။သို့သော်တိုးတက်တွေ့ရှိချက်များအရ ၄င်းတို့သည်လုပ်အားခေါင်းပေါ်ဖြတ်ခံရမှုနှင့် အကြမ်းဖက်ခံရခြင်း၊အထီးကျန်ဘ၀များနှင့်သာနေရပြီး အားနည်းချက်များရှိကြောင်းတွေ့ရှိရသည်။
ယခုအစီရင်ခံစာသည် ၂၀၀၂ ခုနှစ်မှစပြီးအသေးစိတ်လေ့လာတွေ့ရှိချက်များကိုတင်ပြထားပြီးမြန်မာနိုင်ငံမှ ရွှေ့ပြောင်းအိမ်ဖေါ်အလုပ်သမ
များ၏ ဘ၀အတွေ့အကြုံများကိုမှတ်တမ်းပြုစုရန် ပြည်တွင်းပြည်ပရှိအများပြည်သူတို့မှ ပိုမိုသိရှိနားလည်လာစေရန်မျှော်လင့်ချက်ဖြင့် ၄င်း
တို့၏အခြေခံအကျဆုံးသောလူ့အခွင့်အရေးများအား ကာကွယ်ဖို့လိုအပ်ချက်များတုန့်ပြန်နိုင်ရန်ဖြစ်သည်။
နိဒါန်းသည်ရွှေ့ပြောင်းအလုပ်သမများ၏ အသက်အိုးအိမ်ကိုထိခိုက်စေသော ရှုပ်ေထွးသည့်အခြေအနေရပ်များကို ဆန်းစစ်ထားပါသည်။
၎င်းတို့မှာမြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ရွှေ့ပြောင်းလာရသည့်အကြောင်းအရင်း ထိုင်းမြန်မာနှစ်နိုင်ငံ၏မကြာခဏပြောင်းလဲနေသောဆက်
ဆံရေး၊ထိုင်းအစိုးရ၏ရွှေ့ပြောင်းသူများအတွက် မှတ်ပုံတင်ခြင်းနှင့် နေရပ်ပြန်ပို့ရန်ကြိုးပမ်းချက်များ၊ပြောင်းရွှေ့အိမ်ဖေါ်အလုပ်သမများ၏
အားနည်းချက်တို့ဖြစ်သည်။မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ဝင်ရောက်လာသည့် ရွှေ့ပြောင်းသူတို့အားဝိုင်းရံထားသော အကြောင်းအရာတို့ကို
ပိုမိုနက်ရှိုင်းစွာနားလည်သဘောပေါက်ပါက ယခုစာတမ်းအား အဘယ့်ကြောင့်လေ့လာရသည်ကိုသိရှိနိုင်ပါသည်။

သူဠေးဖြစ်နည်း

Wednesday, March 25, 2009

သန်းရွှေနဲ့ပတ်သက်တဲ့ပုံပြင်လေးတပုဒ် ဖေါက်သည်ချရဦးမယ်...
တနေ့သန်းရွှေဟာသူဇာတိချက်ကြွေမွေးရပ်မြေဖြစ်တဲ့..ကျောက်ဆည်ကိုရောက်သွားပါတယ်။အဲဒီမှာသူနဲ့ကစားဖေါ်သူငယ်ချင်းသုံးယောက်
ကိုသွားတွေ့သတဲ့..။သူတို့အားလုံးဟာ အတော်ကိုချို့ငဲ့ကြရှာတယ်။ဒီတော့သန်းရွှေလဲအတော်ကို စိတ်မကောင်းဖြစ်သွားရှာတယ်။ ဒီတော့သန်းရွှေက..သူငယ်ချင်းတို့..ငါကောင်းစားနေရက်နဲ့.မင်းတို့ဒီလိုဖြစ်ရတာ..စိတ်မကောင်းဖူးကွာ..ကဲငါကူညီမယ်.မင်းတို့လိုချင်
တာပြောကြကွာ..လို့ပြောသတဲ့။
ဒီလိုနဲ့တယောက်က."ငါ့ကိုကားပါမစ်ချပေးကွာ.."ဆိုတော့."အောင်မလေး..ဒါများရော့ကွာ"ဟုဆိုကာလက်မှတ်ထိုးပေးလိုက်သတဲ့..။
နောက်တယောက်ကတော့ သစ်ပါမစ်တောင်းသတဲ့..။ဒါကိုလည်းအေးအေးဆေးဆေးလက်မှတ်ထိုးပေးလိုက်တာပဲ..။
နောက်ဆုံးလူကျတော့ဘာတောင်းတယ်မှတ်သလဲ..."ဟေ့ကောင်ရာ..ငါကတော့သူတို့တောင်းတာမျိုးတွေမတောင်းချင်ပါဖူးကွာ.."
"ဒါဆိုမင်းကဘာတောင်းချင်တာလဲကွ..။အားမနာနဲ့ငါတ်နိုင်တုန်းလုပ်ပေးရတာ.."
"အေး..ဒါဆိုလည်းမင်းနဲ့တထေရာထဲတူတဲ့ ရုပ်ထုတခုပေးကွာ.."ဆိုပြီးတောင်းသတဲ့။..သိတဲ့အတိုင်းရုပ်ထုကိုလည်းပေးလိုက်သတဲ့။
ဒီလိုနဲ့လေးငါးနှစ်ကြာသွားတော့ သန်းရွှေဟာ သူ့သူငယ်ချင်းတွေဆီကိုထပ်သွားသတဲ့။ ထူးခြားတာက ကားပါမစ်ချပေးတဲ့သူရော၊သစ်
ပါမစ်ချပေးခဲ့တဲ့သူပါ ဒုံရင်းကဒုံရင်းပဲတွေ့ရသတဲ့။နောက်ဆုံးသူ့ပုံတူရုပ်ထုကိုပေးခဲ့တဲ့ သူငယ်ချင်းဆီလဲရောက်သွားရော သန်းရွှေကိုယ်
တိုင်အံ့အားသင့်သွားသတဲ့။ဘာဖြစ်လို့လဲဆိုတော့ သူကကျိကျိတက်ချမ်းသာနေလို့လေ။
သန်းရွှေလဲဝမ်းသာအားရပေါ့.."ဟာ.သူငယ်ချင်းရာ..မင်းကိုဒီလိုမျိုးတွေ့ရတာ ..၀မ်းသာတယ်ကွာ။ ဟိုနှစ်ကောင်ကတော့ ဒုံရင်း
ဟာဒုံရင်း..မင်းမြင်တဲ့အတိုင်းပဲ.." လို့ပြောပြီး "ဒါထက်မင်းဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်လာတာလဲ..။မဟုတ်မှလွဲရော..ငါရုပ်ထု
ကြီးရှေ့မှာတနေ့ကိုသုံးခါလောက်ရှိခိုးလို့ပဲဖြစ်မှာပါ..။ငါ့စေတနာမေတ္တာကြောင့်ဒီလိုဖြစ်လာတာမဟုတ်လား.."ဆိုပြီးဂုဏ်ဝင့်ကြွားစွာနဲ့
မေးသတဲ့..(ဒီနေရာမှာစာဖတ်သူပရိတ်သတ်တို့ ဘယ်လိုအဖြေပေးမယ်ထင်သလဲ..ဘာ့ကြောင့်မို့ထင်သလဲ..အမှန်အတိုင်းကပဟေ
ဋ္ဌိထားမယ်လို့တော့..စိတ်ကူးထားပါတယ် ဒါပေမဲ့.မထားတော့ပါဖူး ..အဖြေကိုတန်းပေးရမှာပဲ..ကျေနပ်မယ်လို့ထင်ပါတယ်)။
ဒီတော့သူ့သူငယ်ချင်းက..အိမ်နောက်ဖေးက ဂိုဒေါင်လိုလို အဆောက်အဦဆီကိုခေါ်ပြီးပြသတဲ့။အဲဒီထဲမှာနံစော်နေသတဲ့..။
သန်းရွှေရဲ့သူငယ်ချင်းဖြစ်သူက-"တခြားတော့မဟုတ်ပါဖူးကွာ..။မင်းမြင်တဲ့အတိုင်းပဲ..မင်းရုပ်ထုကြီးကို..တံတွေးနဲ့ထွေးရင်ငါးကျပ်၊
ရှူးရှူးနဲ့ပန်းရင်တစ်ဆယ်၊ခြေထောက်နဲ့ကန်၊လက်သီးနဲ့ထိုးရင် ဘယ်လောက်နဲ့ ငါကလူတွေကိုဖိတ်လိုက်တာ..အဲဒီဝင်ကြေးတွေကြောင့် ငါဒီလိုချမ်းသာလာတာပဲမောင်ရေ.."။ဒီနေ့တောင်မင်းလာမယ်ဆိုလို့နား
ထားရတာ.."လို့ဖြေသတဲ့။
ပုံပြင်လေးကတော့ဒါပါပဲ..။ပြည်သူတွေက ဘယ်လောက်ချစ်ကြတယ်ဆိုတာ ခွင့်ပြုရဲရင် ခွင့်ပြုကြည့်ပါလား..။အဲဒီလိုလုပ်စားလိုက်
ရလို့ကတော့ ကမ္ဘာကျော်သူဌေးဘီ(လ်)ဂိတ်ထက်တောင် ချမ်းသာသွားဦးမယ်ဗျ..။
ကျေးဇူးပါခင်ဗျား..
(မောင်ဒိုင်း၏သရော်စာများ)

ဆင်းရဲနွမ်းပါးခြင်းဆိုသည်မှာ

အခြေအမြစ်မရှိသောလူများကို ကြိုးစားပြီးကူညီနေခြင်းသည် မည်သည့်အကျိုးမျှမရှိ၊အသိဥာဏ်ကင်းမဲ့ပြီးညစ်ပတ်စုတ်ပြတ်နေသူများသည် မြောက်မြားလှစွာသော
ကလေးများကို မွေးထုတ်ပေးနေကြသည်၊သူတို့သည်အလုပ်လည်းမလုပ်ကြ၊စည်းကမ်းလည်းမရှိကြပဲ သူတို့ထံတွင်မည်သည့်အတွေးခေါ်မှမရှိ၊သူတို့သည်ရနိုင်သမျှ
အခွင့်အရေးများကိုအလွဲသုံးစားပြုနေကြသည်။ထိုသူတို့လက်ထဲတွင် ငွေကြေးအနည်းငယ်ရှိရုံနှင့် သောက်စားခြင်းနှင့်အတူ အကျိုးမဲ့စွာသုံးဖြုန်းပစ်လိုက်ကြသည်။
သူတို့ကိုကူညီခြင်းသည် သူတို့ပျင်းရိမှုကိုအားပေးရာရောက်သည့်အပြင် နောက်ထပ်ကလေးများမွေးဖွားရန် အားပေးအားမြှေက်ပြုရာကျသည်........ဟုလွန်ခဲ့သော
နှစ်ပေါင်းတရာကျော်ခန့်ကနော်ဝေးနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်သော အင်္ဂလိပ်စက်မှုလုပ်ငန်းရှင်တယောက်က ရေးသားဖေါ်ပြခဲ့သောအချက်ဖြစ်သည်။ထို
အချိန်ကနော်ဝေးနိုင်ငံသည် အလွန်ဆင်းရဲသော နိုင်ငံတနိုင်ငံဖြစ်သည်။သို့သော်လည်းယခုအချိန်တွင် နော်ဝေးနိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတနိုင်ငံဖြစ်
ဖြစ်နေပါပြီ၊အဖြေအနေတော်တော်များများ ပြောင်းလဲခဲ့ပြီဖြစ်သည်။ဆင်းရဲခြင်းဆိုသည်မှာအဘယ်နည်း၊ဆင်းရဲခြင်းရဲ့အရင်းအမြစ်ကားမည်သည့်အကြောင်းတရားများ
နည်း။ကျနော်တွှိုဆင်းရဲခြင်းရဲ့အရင်းအမြစ်ကို ပုံဖေါ်ကြပါစို့။
လူသားတယောက်အတွက် အသက်ရှင်ရပ်တည်နိုင်ရေးသည် သူရဲ့အခြေခံလိုအပ်ချက်ဖြစ်သည်။အခြေခံလိုအပ်ချက်ဆိုသည်မှာ သန့်ရှင်းလတ်ဆတ်သော လေ၊ရေ၊
စားဝတ်နေရေးဖူလှုံမှု၊ သက်တောင့်သက်သာရှိမှုနှင့် ခန္ဒာနှင့်စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတို့ပါဝင်သည်။လူတဦးတယောက်သည် တယောက်ထဲနေထိုင်မရသကဲ့သို့
သူနှင့်ဆက်နွယ်နေသောလူ့အသိုင်းအ၀ိုင်းကြီးတခုလုံးသည်လည်း ရှင်သန်ရပ်တည်နိုင်ဖို့လိုအပ်သည်။လူ့အသိုင်းအ၀ိုင်းထဲတွင် လူသားတရပ်လုံးသည် လူ့အဖွဲ့စည်း
ကြီးရှင်သန်ရပ်တည်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။အခြေခံလိုအပ်ချက်များဖြစ်သော လူသားတို့မျိုးဆက်ပြန့်ပွားမှု၊ဆက်သွယ်မှု၊ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ခြင်းအသိ
တရားများ၊ခေါင်းဆောင်ပိုင်းနှင့် ကျန်းမာရေးဆိုင်အသိတရားတို့အားလုံး တိုးတက်ရှင်သန်နိုင်ရန်လိုအပ်သည်။ဆင်းရဲခြင်းဆိုသည်မှာ တဦးတယောက်(သို့)လူအဖွဲ့စည်း
တခုလုံးအတွက် အခြေခံလိုအပ်ချက်များကို ပြီးပြည့်စုံအောင်ဖြည့်စွမ်းပေးနိုင်ခြင်းမရှိသည့်သဘောကိုဆောင်သည်။နှိုင်းယှဉ်ဆင်းရဲခြင်းသည် ဥသုံဆင်းရဲခြင်းနှင့်မတူ၊
နှိုင်းယှဉ်ဆင်းရဲခြင်းသည် အခြေခံလိုအပ်ချက်များအားလုံး မရှိခြင်းကိုဆောင်သည်။
ဖွံ့ဖြိုးရေးဝန်ထမ်းများသည် ဆင်းရဲသားများကိုကူညီထောက်ပံ့ရန် ပြင်ပအကူအညီများကို ကြိုးစားရှာဖွေကြသည်။၎င်းတို့ရည်ရွယ်ချက်မှာ လုံးဝဥသုံဆင်းရဲခြင်းကိုခံစားနေ
ရသောသူများ ဆက်လက်ရပ်တည်နိုင်ရန် လတ်တလောလိုအပ်ချက်များအတွက် ထောက်ပံ့ပေးနိုင်ရန်ဖြစ်သည်။နှိုင်းယှဉ်ဆင်းရဲခြင်းအတွက် ပြင်ပမှအကူအညီပေးနေခြင်း
များသည် လူတဦးချင်းအရည်အချင်းများကိုမြှင့်တင်ပေးခြင်းဖြင့်ထိုသူတို့လိုအပ်ချက်များကိုကိုယ်တိုင်ဖြည်ွှစွမ်းပေးနိုင်ရန်ဖြစ်သည်။(ဆက်လက်ဖေါ်ပြပါမည်)

Monday, March 16, 2009

မှန်ကန်တဲ့အယူအဆ အတွေးအခေါ်တွေပိုင်ဆိုင်ပြီး၊ကိုယ်ကျိုးကိုစွန့်လို့
အများအကျိုးကိုဆောင်ရွက်တတ်အောင်၊
ငြိမ်းချမ်းသာယာတဲ့ အနာဂတ်ရဲ့ဗိသုကာတွေဖြစ်လာအောင်
ပြုစုယုယမှုတွေ၊ဆုံးမပဲ့ပြင်မှုတွေ၊နည်းပေးလမ်းပြမှုကိုအရင်းပြုလို့...............
ရိုးသားမှု မျှတမှုတွေကို ခါးဝတ်ပုဆိုးကဲ့သို့ နှလုံးအိမ်မှာ စွဲထင်စိုပြေအောင်သွန်သင်ပေးခဲ့သော မိဖဆရာသမားများ၏ ဂုဏ်ကျေးဇူးတွေ
ကြောင့် ဘ၀မှာအမှန်တရားနဲ့ မျှတမှုတွေကိုနားလည်ခဲ့ရသလို ၊ချစ်ခင်ရင်းနှီးမှု အသိအမှတ်ပြုခံရမှုတွေနဲ့ကြီးပြင်းလာခဲ့ရတော့လည်း၊
လောကကြီးသည်နေလို့ကောင်းသောနေရာဟု သိမြင်ခဲ့ရတယ်။ရည်မှန်းချက်ထားခြင်း၏ကောင်းကွက်(သို့မဟုတ်)အိမ်မက်ရသလို ခံစား
တတ်ခဲ့ပါတယ်။
နှလုံးသားဆန္ဒတခု၏တောင်းဆိုမှုတွေကြောင့် စွဲလန်းမှုဖြစ်တည်လာရတာပါ။စွဲလန်းမှုသန္ဒေတည်ပြီး မျှော်လင့်ခြင်းတွေမွေးဖွားပေး
တယ်။အဲဒီမျှော်လင့်ခြင်းတွေနဲ့အနာဂတ်တခုကို ရူးမူးတမ်းတစွာ အိမ်မက်တွေမက်နေကြတယဆိုရင် ဒါဟာအဲဒီလူတွေရဲ့ဘ၀မှာအဓိ
ပါယ်ရှိတဲ့လူ့ဘ၀ကို တည်ဆောက်နေတာပဲလို့ဆိုချင်ပါတယ်။
လူတိုင်းလူတိုင်း အိမ်မက်တွေမက်ကြမှာပါ။ယေဘူယျအားဖြင့် စိတ်ကူးအိမ်မက်၊စွဲလန်းမှုအိမ်မက်ရယ်လို့ရှိကြတယ်ဆိုကြပါစို့၊စိတ်ကူးအိမ်မက်ကတော့ လေသလပ်မခံတဲ့အိမ်မက်မျိုး၊အိမ်မက်တိမ်
တိုက်တွေလို့ပြောလို့ရတယ်၊မကြာခဏပြောင်းပြောင်းလဲလွယ်တယ်၊မှန်တကယ်ဟုတ်မလိုနဲ့ထင်ယောင်ထင်မှားဖြစ်စေတယ်၊ဝေခွဲလို့
မမရတဲ့အဖြစ်အပျက်မျိုးလိုပါပဲ။စွဲလန်းအိမ်မက်ကအမြဲတမ်းစွဲစွဲလန်းလန်း၊တသသနဲ့ကျကျနနမက်ခြင်းမျိုးဖြစ်တယ်၊တည်ကြည်ခိုင်မာ
မှုတွေနဲ့အတူ ဦးတည်ချက်ပန်းတိုင်ရှိတယ်။ယုံကြည်ချက်ကိုလက်ကိုင်ပြုထားတဲ့အတွက်၊စေ့စပ်သေချာမှုတွေဝန်းရံနေတယ်။ပြတ်သားတဲ့
ဆုံးဖြတ်ချက်တွေနဲ့အနာဂတ်နံနက်ခင်းတွေကို တန်ဆာဆင်ပေးမဲ့အိမ်မက်မျိုးဖြစ်တယ်။
ကျနော်လဲမကြာခဏ အိမ်မက်မက်လေ့ရှိတပါတယ်၊ရောင်စုံအိမ်မက်တွေပဲဆိုပါတော့။မသေချာမရေရာတဲ့ အိမ်မက်ပေါင်းများစွာနဲ့ဘဝ
ခရီးကြမ်းကိုစမ်းတ၀ါးဝါးနဲ့ဖြတ်သန်းလာခဲ့ရတာပါ၊ဆန္ဒနဲ့ဆန်းကျင်ဖက်ဖြစ်တဲ့ အိမ်မက်တွေရဲ့နှောင့်ယှက်မှုကို ဖယ်ရှားပစ်ရင်းနောက်
ဆုံးမှာဘ၀အတွက်အကောင်းဆုံးပြုမူဆောင်ရွက်ကျင့်ကြံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့အနာဂတ်ကိုဖန်တီးပေးမဲ့ အဖြူရောင်အိမ်မက်
တခုကိုရွေးချယ်နိုင်ခဲ့တယ်လေ။မေတ္တာကိုအခြေခံတဲ့ချစ်ခြင်းသည် ပူလောင်မှုကင်းသည်ဟု မှတ်သားဖူးပါတယ်၊ထို့အတူမေတ္တာကိုအ
ခြေခံ၊ဂရုဏာအုပ်မိုးလို့ အနာဂတ်ကိုထုဆစ်ကြမဲ့ ရင်သွေးငယ်တွေရဲ့ နှလုံးသားနုနုလေးတွေကို အလှဆင်ပေးသူအဖြစ် ခံယူချက်မြင့်
မြတ်မြဲမြံစွာနဲ့ဘ၀အိမ်မက်ရှည်ကြီးကို စတင်ခဲ့တယ်လေ။
ပန်းကမ္ဘာထဲကပန်းပျိုးခင်းထဲမှာ လန်းဆန်းနေတဲ့ အရိုင်းပန်းကလေးတွေ ရွှင်မြူးတက်ကြွနေတာကိုကြည့်ရင်း ရင်မှာဖြစ်တည်လာသော
ကြည်နူးမှုတွေက နေ့စဉ်နဲ့အမျှပါပဲ။ပွင့်လင်းရိုးသားပြီး မာယာကင်းမဲ့ကြတယ်။ဟန်ဆောင်မှုတွေမရှိကြဖူး။အပြစ်ကင်းစင်ကြတဲ့သူတို့ရဲ့
အရိုးခံစိတ်ထားလေးတွေကိုက ချစ်စရာပါ။စေတနာထားလို့ အကြင်နာစမ်းချောင်းကလေးတွေ သူတို့အပေါ်တထပ်ထပ်ရစ်ခွေဖြတ်သန်း
စီးဆင်းစေခဲ့တာလည်း မမောမပန်းနိုင်အောင်ပါပဲ။
ရိုးသားပြီးပညာထူးချွှန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ အများအကျိုးငှါ၊ကိုယ်ကျိုးစွန့်သူ၊တာဝန်ကျေပြွန်သူ၊ထိုသူတို့ကိုချီးမွန်းရမည်
ဟူသော ပထမတန်းမြန်မာဖတ်စာထဲကလို သူတို့ကလေးတွေကိုဖြစ်စေချင်ခဲ့တယ်။ဖြစ်အောင်လည်းလေ့ကျင့်မျိုးထောင်ပေးနိုင်ခဲ့တယ်။
မှန်ကန်တဲ့အယူအဆ အတွေးအခေါ်တွေကိုပိုင်ဆိုင်ပြီး ကိုယ်ကျိုးစွန့်လို့အများအကျိုးကိုဆောင်ရွက်တတ်အောင်၊ငြိမ်းချမ်းသာယာတဲ့အ
နာဂတ်ရဲ့ဗိသုကာတွေဖြစ်လာအောင် ပြုစုယုယမှုတွေ၊ဆုံးမပဲ့ပြင်မှုတွေ၊နည်းပေးလမ်းပြမှုတွေကိုအရင်းပြုလို့ အိမ်မက်ရဲ့ကြည်နူးရိပ်
မှာခိုလှုံခွင့်ရခဲ့ပါတယ်။တကယ်တော့သူတို့လေးတွေဟာ ကျနော်အတွက်ရင်ငြိမ်းပန်းတွေဖြစ်ခဲ့သလို၊သူတို့လေးတွေကိုမြင်ရသူတိုင်းစိတ်
နှလုံးကို ချမ်းမြေ့စေခဲ့ပါတယ်။ကျနော်ပျိုးထောင်ထားတဲ့ပန်းကလေးတွေ ရောင်သွေးစုံလင်ဖူးပွင့်ကြပြီဆိုရင်ဖြင့်ဝါးမျိုမိခဲ့တဲ့ ပီတိတွေဟာ
လည်းစာတွေစီလို့ချပြီး မရေးတတ်အောင်ဖြစ်ခဲ့မိပါတယ်။
အိမ်မက်ဇာတ်ခုံပေါ်မှာ ကျနော်ပဲဇာတ်ဆရာ၊ကျနော်ပဲမင်းသား၊ပြီးတော့လူကြမ်းအဖြစ်နဲ့မေတ္တာဘွဲ့ကဇာတ်များကို ကပြခဲ့ရသလို ဘ၀နဲ့
အလှအော်ပရာမျိုးတွေကိုလည်း အမျိုးမျိုးကတင်ပြခဲ့ရပြီး အနု၊အကြမ်း၊အလွမ်းပေါင်းစုံနဲ့ သရုပ်ဖေါ်ခဲ့ရတယ်၊အနာဂတ်ပန်းချီကားတချပ်
ကို ဆေးချယ်သဖို့ကျိုးစားရင်း အချိန်ကာလဆိုတဲ့ရေစီးကြောင်းနဲ့အတူ လိုက်ပါမျောကာ ပြက္ခဒိန်ပေါင်းများစွာကို လက်ပြနှုဆက်ခဲ့ရတယ်၊
သက္ကရာဇ်တွေရဲ့တိုက်စားမှု၊ရွေ့လျားမှုတွေကြာလာတာနဲ့အမျှ တည်ငြိမ်ရင့်ကျက်မှုရဲ့သဘောတရားကို အနည်းငယ်နားလည်လာခဲ့ရသ
လို ရင်ငြိမ်းပန်းကလေးတွေအပေါ်ထားခဲ့တဲ့ကျနော်ရဲ့မေတ္တာအတိမ်အနက်ကို စွန်းလွှတ်အနစ်နာခံမှုနဲ့တိုင်းတာခဲ့မိပါတယ်၊ကျနော်အိမ်
မက်ထဲကငွေကြယ်ပွင့်သစ်တို့ အနာဂတ်မှာထွန်းလင်းတောက်ပြောင်ဖို့ရာ ဆယ်စုနှစ် နှစ်စုကျော်ခန့်အားဖြည့်ခွင့်ရပြီးနောက် သမိုင်း
ကြောင်းပြောင်းလဲမှုရဲ့ဆိုးမွေတွေကို ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်၊နိုင်ငံရေးလှိုင်းမုန်တိုင်းမုန်တိုင်းတခုရဲ့ တိုက်ခတ်ခြေဖျက်မှုကြောင့် ကျနော်
မြတ်နိးတွယ်တာခဲ့ရသော အိမ်မက်တံတားကြီးကျိုးပျက်ခဲ့ရတယ်။ခုံခုံမင်မင်ရွေးချယ်ခဲ့တဲ့ အိမ်မက်အနာဂတ်ပျက်သုန်းသွားသည်နှင့်အ
တူ ကျနော်နှလုံးသား အူအသဲတွေကို တစစီထုတ်ယူခံလိုက်ရသလို နင့်နင့်မောမောခံစားခဲ့ရပါတယ်။
မှန်သောစကားတွေကိုသာပြောတတ်ပြီး မှန်သောအလုပ်တွေကိုသာအားထုတ်တတ်အောင်လေ့ကျင့်ခဲ့သော ကျနော်၊စစ်မှန်သောနိုင်ငံရေး
အသိကိုရရှိခဲ့ပြီး အမှန်တရားဖက်ကရပ်တည်နိုင်ခဲ့တဲ့အတွက် ရလာဒ်ကတော့အကျဉ်းသားတွေစံမြန်းရာ ငရဲခန်းတွေဆီကို အကြိမ်ကြိမ်
အလီလီစံမြန်းခဲ့ရတယ်။ရိုင်းစိုင်းတဲ့ဆက်ဆံမှု ကြမ်းတမ်းတဲ့အထိအတွေ့ရဲ့နည်းအမျိုးမျိုးနဲ့နှိပ်စက်မှုအဖုံဖုံကို အလူးအလဲခံခဲ့ရတယ်၊အံ
ကြိတ်လို့တင်းခံခဲ့ရတဲ့ မမေ့နိုင်သောအမှတ်တရနေ့စွဲလေးတွေပဲပေါ့။
ခေတ်နောက်ပြန်ဆွဲပြီး ဆိုးဝါးတဲ့ပဒေသရာဇ်အာဏာရှင်စနစ်ဆိုးကို အသက်သွင်းဖို့ကြိုးစားနေတဲ့အာဏာရူးစစ်ဝါဒီတွေရဲ့ နိုင်ငံရေးအရ
အဖျားခတ်စွတ်စွဲမှုအောက်တွေမှာ ကျနော်အိမ်မက်နဲ့အနာဂတ်တွေဟာ မှုန်ရီဝိုးတ၀ါးဖြစ်ခဲ့ရတယ်၊မသဲကွုတဲ့အိမ်မက်ဆိုးတွေကို အဖေါ်
ပြုရင်းလမ်းပျောက်နေတဲ့ခရီးကြမ်းကို တွေဝေစိတ်နဲ့လျှောက်လှမ်းရသလို ခံစားမိခဲ့တယ်။လက်တဆုတ်စာလူတန်းစားတစုရဲ့ငါကောင်း
စားရေးဝါဒအောက်မှာ အဖိနှိပ်ခံဘ၀နဲ့ခေါင်းငုံ့ခံနေမဲ့အစား ဆုံးရှုံးနေတဲ့လူ့အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေကိုပြန်လည်ရရှိအောင်အ
ကောင်အထည်ဖေါ်နိုင်ဖို့ကြိုးစားမယ်ဆိုတဲ့ဆင်ခြင်ထုံတရားနဲ့အာဏာယစ်မူးစစ်ဘီလူးတွေနဲ့ကင်းလွတ်ရာလွတ်မြောက်နယ်ကို ထွက်ခွာ
လာခဲ့တယ်လေ။
လင်းလက်တဲ့အသိတရားနဲ့ထပ်တူ အနာဂတ်ပုံရိပ်ကိုထင်ဟပ်စေမဲ့အိမ်မက်က ကျနော်အတွက်ခွန်အားတွေတိုးပွားစေခဲ့တယ်။ဗေဒါပျံအံ
ကိုခဲ ပန်းပန်လျှက်ပဲဆိုတာမျိုးလို ဘ၀တဆစ်ချိုးမှာ ဆရာဇော်ဂျီရဲ့ဗေဒါဖြစ်ခဲ့ရပြန်တယ်။ဗေဒါလိုစံပြု ဗေဒါလိုခေါင်းမော့ဝင့်ကြွားစွာနဲ့ပြတ်
တောက်သွားတဲ့အိမ်မကခရီးရှည်ကို စတင်ခဲ့ချိန်မှာချစ်သူရဲ့ကျောခိုင်းမှုတွေကိုခံခဲ့ရပြန်တယ်။ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူတို့ရဲ့ချိုမြိန်
သောအပြုံးတွေဆိတ်သုန်းခဲ့ရပြန်တယ်။ဗေဒါဘ၀နဲ့ဝေဒနာတပွေ့တပိုက်ကို မိတ်ဆွေပြုရင်းအိမ်မက်ကမ္ဘာသစ်ဆီကိုခြေဦးလှည့်ခဲ့ရပြန်
တယ်။
အခုတော့လွန်လာခဲ့တဲ့ ညစ်ထေးထေးအမဲရောင်ချစ်သူအတွက်ခံစားမှုတွေကိုကျနော်မေ့ပျောက်နိုင်ခဲ့ရပါပြီ၊အမိနိုင်ငံဒီမိုကရေစီရရှိရေး
အတွက်သဲတပွင့်အုတ်တချပ်ပမာ ကျရာနေရာကတိုက်ပွဲဝင်နေချိန်မှာ ဖြူစင်တဲ့ချစ်ခြင်းကိုအခြေခံတဲ့နှလုံးသားပိုင်ရှင် ချစ်သူလေးကို
ကျနော်ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီလေ။အိမ်မက်ပန်းခင်းထဲမှာကျနော်ကြည်နူးချမ်းမြေ့မှုတွေတပွေ့တပိုက်နဲ့အခြားတဖက်မှာ ဖြူစင်သန့်ရှင်းတဲ့
ချစ်သူလေးကိုဘ၀ခရီးဖေါ်အဖြစ် အဖေါ်ပြုရင်း လွတ်လပ်မှန်ကန်တဲ့နိုင်ငံရေးအတွေးအခေါ်တွေကိုအခြေတည်ပြီး အသက်၊သွေး၊ချွေး
များစွာစတေးရင်း အမိမြန်မာနိုင်ငံရဲ့သမိုင်းစာမျက်နှာသစ်ကိုဖွင့်ခဲ့တဲ့၊ဖွင့်နေဆဲဖြစ်တဲ့ တိုင်းရင်းသားညီအကိုမောင်နှစ်မများ၏ ၀ိညာဉ်
များနှင့်ထပ်တူကျနော်ဘ၀ ကျနော်အိမ်မက်သည်လည်း သေဆုံးပြီးသည့်အခြားတဖက်ထိ ဆက်လက်တည်ရှိနေဦးမည်ဟု ခိုင်ခိုင်မာမာ
ယုံကြည်မိပါတော့သည်။
မင်းထက်မိုး(ခွတ်ဒေါင်းနီ)

အသက်သွေးတွေလည်း မနည်းတော့ပြီ အာဆီယံ

Monday, March 2, 2009

26-2-2009-ရက်နေ့တုန်းက အမေရိကန်အစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အင်ဒိုနီးရှားနိုင်ငံကို ခေတ္တခဏအလည်
အပတ်ရောက်ရှိနေခိုက် လက်ရှိအေမေရိကန်အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ကိစ္စတွေကိုဝင်ရောက်စွတ်ဖက်မှာမဟုတ်
ကြောင်းနှင့် ယခင်အမေရိကန်သမ္မတေ၈ျာ့ဘုရှ်လက်ထက် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့တဲ့နိုင်ငံခြားရေးမူဝါဒများကို ပြန်လည်သုံးသပ်သွား
မည်ဟုထိုင်းနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကတရားဝင်ထုတ်ဖေါ်ပြောကြားသွားပါတယ်။
တဆက်တည်းမှာပဲ ထိုင်းနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်က မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတတနိုင်ငံဖြစ်တာကြောင့် အတိုက်
အခံအင်အားစုများနှင့် စစ်အစိုးရကြား ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးကိစ္စရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေ နှင့်ကြားဝင် ၀င်ရောက်ဖြေရှင်းဆွေးနွေးပေးမှသာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်သို့ရောက်ရှိနိုင်မှာဖြစ်ပြီး တိုးတက်မှုတစုံ
တရာရရှိနိုင်မှာဖြစ်တယ်လို့ ၄င်းကထပ်မံပြောကြားသွားပါတယ်။
မြန်မာနိုင်ငံအတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဒီမိုကရေစီစနစ်ထွန်းကားရေးနဲ့ လူ့အခွင့်အရေးအပြည့်အ၀ရရှိရေး မြန်မာပြည်
တွင်းစစ်တပ်ကအာဏာကို လက်ဝါးကြီးအုပ် အုပ်ချုပ်နေတဲ့ စစ်အုပ်ချုပ်ရေးစနစ်တွေ ရပ်စဲဖို့ငြိမ်းချမ်းသောနည်းနဲ့စေ့စပ်ဆွေးနွေးခြင်းဟာ
အကောင်းဆုံးနည်းလမ်းလို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မှတ်ယူထားသလို နိုင်ငံရေးခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်တွေက လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အရှုပ်အထွေးကို စစ်အစိုးရနဲ့ပြေလည်တဲ့အဖြေတခုရရှိဖို့ စစ်အစိုးရကိုအကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေ
မယ့် စစ်အစိုးရဖက်မှတုန့်ပြန်မှုတစုံတရာ လုံးဝမရှိတာကိုတွေ့မြင်နေကြရပါတယ်၊ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့နိုင် ငံခြားရေးမူဝါဒ ပြောင်းလဲသွားမှုကို အကောင်းဖက်ကရှုမြင်လို့ရနိုင်ဖို့ အချိန်ကစေလွန်းနေပါသေးတယ်၊ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်
နိုင်ငံဖြစ်တာကြောင့် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတစုံတရာဟာ အာဆီယံနိုင်ငံများနဲ့ သက်ဆိုင်နေတယ်ဆိုပေမဲ့ တကယ်တမ်းကြ တော့အာဆီယံနိုင်ငံတော်တော်များများမှာ နိုင်ငံရေးတည်ငြိမ်မှုမရှိသေးတဲ့အဖွဲ့ဝင်နိုင်ငံတွေရှိနေသေးတဲ့အတွက် အာဆီယံရဲ့ တိုက်တွန်းမှုတွေကို မြန်မာစစ်အစိုးရက လုံးဝအလေးမထားမှာသေချာပါတယ်။
ဒီမိုကရေစီစနစ်အပြည့်အ၀ ရှိနေပါတယ်ဆိုတဲ့မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကိုကျနော်တို့အရင်ဦးဆုံး လေ့လာကြည့်စေချင်ပါတယ်၊ လူ့အ ခွင့်အရေးကိုပြည့်ပြည့်၀၀လိုက်နာဆောင်ရွက်နေပါတယ်ဆိုတဲ့ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ လူ့အခွင့်အရေးဆုံးရှုံးမှု၊စားနတ်ရိက္ခာ
ငတ်မွတ်ခေါင်းပါးမှု ၊လူနေအိမ်ရာများအတင်းအဓမ္မပြောင်းရွှေ့ခံရမှု၊လက်နက်အားကိုးပြီးနိုင်ထက်စီးနင်းခံရမှု စတဲ့ပြသနာတွေကြောင့်
မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေကို တရားမ၀င်ဝင်ရောက်ပြီး မိမိတို့ဘ၀လုံခြုံမှုနှင့်အတူ သမုဒ္ဒရာဝမ်းတထွာအတွက် လာရောက်ရုန်းကန်နေကြ
ရပါတယ်၊ကျနော်ပြောချင်တာကတော့ လူ့အခွင့်အရေးကိုရာနှုံးပြည့်လိုက်နာလေးစားပါတယ်ဆိုတဲ့ထိုင်းနိုင်ငံမှာ တရားမ၀င်လာရောက်
အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတိုင်းရင်းသားတွေအတွက် ကျန်းမာရေး၊ပညာရေး၊လူမှုရေး၊စတဲ့ လူ့ဘ၀မှာလုံးဝအခြေခံကျတဲ့အခွင့်အရေး
တွေပြည့်ပြည့်၀၀မရရှိတာကိုတွေ့ရှိနေရသလို၊ အလုပ်သမားအခွင့်အရေးတွေကို ထိုင်းလုပ်ငန်းရှင်တော်တော်များများက ချိုးဖေါက်နေမှု
အပေါ်ထိုင်းအာဏာပိုင်တွေနဲ့သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေက ဥပေက္ခာပြုပြီး လျစ်လျူရှုနေမှုကိုကြည့်ခြင်းအားဖြင့် ကျနော်တို့တိုင်း
ရင်းသားလူမျိုးတွေအတွက်ကတော့ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကကျားထက်ဆိုးဆိုတဲ့ ကိန်းဆိုက်နေပါတယ်၊ဘာ့ကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံရဲ့အရပ်သားအစိုးရနိုင်ငံရေးဟာလည်း စစ်ဗိုလ်ချုပ်တွေကနေ အရပ်ဖက်ကိုအ
သွင်ပြောင်းထားတဲ့ အစိုးရဖြစ်နေလို့ပါပဲ၊မြန်မာစစ်အစိုးရကိုထိုင်းအနေနဲ့ဖိအားပေးတိုက်တွန်းမှုလုပ်နိုင်ပါတယ်၊ဒါပေမဲ့မြန်မာစစ်ဗိုလ်ချုပ်
တွေငြိုငြင်မှာကိုတော့စိုးရိမ်နေပုံရပါတယ်၊ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံတကာကမက်မောလောက်စရာကောင်းတဲ့ သဘာဝသယံဇာတအ
ရင်းအမြစ်တွေကို မြန်မာစစ်အစိုးရနဲ့ပလဲနံသင့်ပေါင်းသင်းဆက်ဆံနိုင်မှသာ သူတို့တွေအတွက်အကျိုးစီးပွားရှိလာနိုင်မှာဖြစ်ပါတယ်၊အမေ
ရိကန်အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒပြောင်းလဲလာမှုနှင့် မြန်မာ့နိုင်ငံရေးဟာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ
နဲ့သက်ဆိုင်တယ်ဆိုတဲ့အမေရိကန်အစိုးရရဲ့အမြင်ကိုအဆိုးအကောင်းလို့ကျနော်မှာမြင်နိုင်တဲ့နိုင်ငံရေးအမြင်ကျယ်မှုတော့သိပ်မရှိသေးပါ
ဖူး၊ကျနော်သိတာတခုတော့ရှိပါတယ်၊မြန်မာနိုင်ငံသားတွေအပေါ်မှာထားရှိတဲ့အချို့သောအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့မှန်ကန်တဲ့နိုင်ငံရေး အမြင်၊မြန်မာတိုင်းရင်းသားတွေအပေါ်မှာလူသားချင်းစာနာထောက်ထားတဲ့စိတ်ရှိဖို့လိုအပ်နေပါတယ်၊ဒီမိုကရေစီနှင့်လူ့အခွင့်အရေး
ဟာ မြန်မာနိုင်ငံသားတွေအတွက် အလွန်အရေးကြီးနေပါတယ်အာဆီယံ.......အသက်တွေသွေးတွေလည်းမနည်းတော့ပြီ

အရေးကြီးပြီ ခွတ်ဒေါင်းနီ ရဲဘော်အပေါင်းတို့

Saturday, February 21, 2009

ယနေ့အထိ နအဖ စစ်အစိုးရသည် တွေ့ဆုံဆွေးနွေးရေးကို ကျောခိုင်းလျှက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆွဲကိုင်ပြီး ပြည်သူတရပ်လုံး
အပေါ်ကျွန်ပြုနိုင်ရန်အတွက် ၄င်းတို့၏-Road Map-အတိုင်းအတုအယောင်ညောင်နှစ်ပင်ညီလာခံ(အမျိုးသားညီလာခံ)ကို ဒရွတ်တိုက်
အပြီးသတ်ရေးဆွဲပြီးသွားပြီဖြစ်သလို-၂၀၁၀-တွင်ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပြည်
ပရောက်ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအားလုံးသည် အဓိပါယ်ရှိသောနိုင်ငံရေးစားပွဲဝိုင်းတွင် သုံးပွင့်ဆိုင်နိုင်ငံ
ရေးဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်သွားရန်တောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း နအဖစစ်အစိုးရဖက်မှ ထိုတောင်းဆိုမှုကို
ကျောခိုင်းကာ အာဏာရှင်စနစ်ကိုသက်ဆိုးရှည်အောင် ကြံစည်အသက်သွင်းလျှက်ရှိသည်။
၁၉၄၇-ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေအားနည်းချက်ကြောင့် လွတ်လပ်ရေးသက်တမ်းနှင့်အတူ ပြည်တွင်းစစ်မီးတဆင့်ပြီးတဆင့် တောက်
လောင်လာပြီးအုပ်ချုပ်သူအာဏာရှင်အဆက်ဆက်တို့၏မဟုတ်မမှန်ဝါဒဖြန့်ချီခြင်းများကြောင့် ပြည်သူအများစုသည်ဒီမိုကရေအရေးနှင့်
မိမိတန်းတူရေးအတွက် တရားသောခုခံတော်လှန်သောစစ် ကိုဆင်နွှဲနေကြသောတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို ခွဲထွက်
ရေးသမားများ၊တိုင်းပြည်ကိုဖြိုခွဲဖျက်ဆီးသူများဟု ယနေ့အချိန်ထိပြည်သူများနှင့်လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကြား ၀ါဒ
ဖြန့်ချီမှုများကိုတွင်ကျယ်စွာပြုလုပ်လျှက်ရှိသည်ကို တွေ့ရှိရသည်။
၁၉၈၈-ခုနှစ်ပြည်လုံးကျွတ်ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ဖက်ဆစ်အအစအစိုးရသည် ကျောင်းသားလူငယ်၊ရဟန်းရှင်ပြည်သူများအား
ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ကျောင်းသားလူငယ်၊ရဟန်းရှင်လူ၊ပြည်သူအများအပြား လွတ်မြောက်နယ်မြေသို့ ရောက်ရှိ
လာခဲ့ကြသည်၊နှစ်ပေါင်း(၄၀)ကျော် ဖက်ဆစ်စစ်အစိုးရနှင့်တိုက်ပွဲဝင်လာခဲ့ကြသည့်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဖြစ်သော
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)သည်ရောက်ရှိလာကြသော ကျောင်းသားလူငယ်၊ရဟန်းရှင်လူပြည်သူအများစုတို့ကိုစုစည်းကာ
ဒီမိုကရက်တစ်မဟာမိတ်များအဖွဲ့ချုပ်(ဒီအေဘီ)ကိုဖွဲ့စည်းကာ တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်။
၁၉၈၈-ခုနှစ်မှစတင်အခြေတည်မွေးဖွားလာသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးလည်း အပါအ၀င်ဖြစ်
ဖြစ်သည်၊တပ်ဦးသည်မြန်မာနိုင်ငံ၏လက်ရှိကြုံတွေ့နေရသောနိုင်ငံရေးပြသနာ၊မြန်မာနိုင်ငံတွင်ဒီမိုကရေစီစနစ်ဆိတ်သုန်းနေမှုများအပေါ်
စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် ရဲရဲတောက်တိုက်ပွဲဝင်နေသည့်တပ်ဦးလည်းဖြစ်သည်၊၂၀၁၀ -ခုနှစ် နအဖစစ်အစိုးရ၏ ပြည်သူအ
များစုလုံးဝလက်မခံနိုင်သော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပရန်စိုင်းပြင်းနေမှုသည် ခေတ်အဆက်ဆက်အာဏာရှင်စနစ်ကို ယ
ခင်ကထက်ခိုင်မာသထက်ခိုင်မာအောင် အုတ်မြစ်ချဆောက်တည်နေခြင်းအပေါ် တပ်ဦးအနေနှင့်လုံးဝလက်ခံနိုင်မည်မဟုတ်ဟု တထစ်ချ
ထင်မြင်ယူဆသည်၊နိုင်ငံရေးအသွင်ကူးပြောင်းရေးကာလဟု လုံးဝမထင်ပါ၊၂၀၁၀-ခုနှစ်ရွေးကောက်ပွဲကာလကို အခြေခံပြီးတိုက်ပွဲဝင်ရန်
အဆင်သင့်အနေအထားတွင်ရှိနေသင့်ပြီဖြစ်သည်၊ပြည်တွင်းပြည်ပနှင့်တတိယနိုင်ငံရောက် ခွတ်ဒေါင်းရဲဘော်များအနေဖြင့် တိုက်ပွဲဝင်ရန်
ပြင်ဆင်မှုများပြုလုပ်သင့်ပြီ၊အရေးကြီးပြီ ခွတ်ဒေါင်းနီရဲဘော်အပေါင်းတို့။

နေ့စဉ်သုံးဖို့နည်းလမ်းတချို့

Thursday, February 5, 2009

ချစ်သူမိတ်ဆွေတဦးက ပို့ပေးလိုက်တာကို သဘောကျပြီးဘလောက်ပေါ်တင်ပေးလိုက်ပါတယ်၊ဖတ်ကြည့်သူတိုင်းအားလုံးအကျိုးရှိလိမ့်
မယ်လို့ထင်ပါတယ်၊
ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင်
လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခုရှိပါတယ်။
လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။ ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကိုပြင်လို့မရပါဘူး။ ဒါပေမယ့်အောင်မြင်တဲ့အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။

ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။

အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။

မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။

သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။

အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။

ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။

အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ
နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါ။

နေ့စဉ်သုံးဖို့နည်းလမ်းတစ်ချို့

(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ
မကြောက်တော့ ဘူး။

(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။
လူ၏ ဦးတည်ရာကို ကိုယ့်ကိုယ်တိုင်က အဆုံးအဖြတ်ပေး၏။

(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။

(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။

(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့်ပစ်ချချင်ကြသည်။

(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏
နောက်တွင် ဆုတ်ယုတ်ခြင်း ရှိသည်။ ခေါင်းငုံ့တတ်မှသာ ခေါင်းကို
မတိုက်မိနိုင်။

(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။
ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။

(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။

(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့ နားဆီ
မရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။

(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါ
ပြုံးပဲနေပါ။

(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။
မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။

(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။

(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက
သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း မမေးသင့်ပေ။
ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။

(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။

(၁၅) "မ"သိဘူး၊ "မ"လုပ်ဘူး၊ "မ"ရဘူး၊ "မ"တတ်ဘူး ဆိုတဲ့ "မ"နေရာမှာ
"ကြိုးစားကြည့်မယ်" "သိပ်မသေချာဘူး" "အချိန်အနည်းငယ်ပေးပါ"
"ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်" လို့ ပြောင်းသုံးကြည့်ပါ။

သဲနှင့်ကျောက်

Thursday, January 22, 2009

သဲ နှင့် ကျောက်တုံး

တနေ့သောအခါ လူငယ်လေး သူငယ်ချင်း နှစ်ယောက် ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး
လှမ်း လျှောက် ခရီး ထွက်လာကြ တယ်။ ခရီး တနေရာ အရောက် မှာ သူတို့နှစ်ယောက်
ဟာ စကားများ ပြီး ရန်ထဖြစ် ကြတော့ တယ်။ အဲဒီလို ဖြစ် ကြ တဲ့အခါမှာ
သူငယ်ချင်း တယောက်က နောက်တယောက်ရဲ့ ပါး ကို ထ ထိုး လိုက် တယ်။ အထိုးခံ
ရတဲ့ လူငယ်လေးဟာ တော်တော်လေး နာသွား ပြီး စကားဘာမှ ပြန်မပြောဘဲ သူဟာ
သဲပြင်ပေါ်မှာ ဒီ လို ရေး ချ လိုက် တယ်။ " ယနေ့ ငါ့အခင်ဆုံး သူငယ်ချင်း
င့ါကိုထိုး၏။ "
အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရ မှာ ရှိ တဲ့ စိမ်း လန်း စိုပြေပြီး
မြေသြဇာ ကောင်း တဲ့ နေ ရာ ကို ရောက်တဲ့အထိလှမ်း ဆက် လျှောက် လာ ကျ ပြီး၊
အဲဒီမှာ ခြေ လက် သန့် စင် တ ထောက် နားဘို့ ဆုံးဖြတ် လိုက် ကြတယ်။ အဲဒီ
မှာ အထိုး ခံရ တဲ့ လူငယ် လေး ဟာ အခန့် မ သင့် ဘဲ နွံ နှစ်ပြီး နွံထဲ က
ရုန်း မထွက်နိုင်ဘဲ သေလုမြောပါး ဖြစ် နေခဲ့ တယ်။ ထိုး လိုက်တဲ့
သူငယ်ချင်းက သေမယ့် ဘေး က ကယ်လိုက်ပြန်တယ်။ သေဘေး ကလွှတ်လာပြီး ပုံမှန်
အနေ အထား ကိုရောက်လာတဲ့ အခါ မှာ၊ သူဟာ ကျောက်တုံး ကြီး တစ်ခု ပေါ်မှာ
နောက်တ ဖန် ရေး လိုက် ပြန်တယ်။ " ယနေ့ ငါ့ အခင်ဆုံး သူ ငယ် ချင်း ငါ့
အသက် ကို ကယ်ခဲ့၏။ "
အဲဒီလက် သီး နဲ့ ထိုး လဲ ထိုး၊ ကယ်လဲကယ် ခဲ့ တဲ့ သူငယ်ချင်း က မေး
လိုက်တယ်။" ငါ မင်း ကို နာကျင်အောင် လုတ်တဲ့ အခါတုန်း က မင်း ဟာ
သဲပြင်ပေါ်မှာ ရေး ခဲ့တယ်။ အခု လဲ မင်း ရေး ကျောက် တုန်း ပေါ်မှာ ရေး
ပြန်ပြီး။ ဒါ တွေဟာ ဘာ ကြောင့်လဲ။"
သူ့ သူငယ်ချင်း က သူ့ကို ဒီလို ပြန် ဖြေ ခဲ့တယ်။ " သူငယ်ချင်း ရေ...
တစုံတယောက် က မင်း ကို နာကျင် အောင် ပြုလုပ်တဲ့ အခါမှာ၊ မင်း ရဲ့
တုန့်ပြန် မှုတွေက ခွင့်လွှတ်ခြင်း တွေ ပါတဲ့ လေ ရဲ့ပယ်ဖျက်ခြင်း
ကိုခံရမယ့် သဲပြင် ပေါ်မှာ ရေး ထား တဲ့ စာ သား တွေ လို မင်း လဲ ဘဲ သူတို့
မကောင်း တာ တွေ ကို လေ တွေ လို အ လွယ် တ ကူ ပြယ် ဖျက် သင့်တယ်။ ဒါပေ မယ့်
တစုံတယောက် က မင်း ကို ကောင်း တာ တွေ လုပ် ပေး တဲ့ အခါမှာ တော့ လေ တွေ အ
လွယ် တကူ မ ဖျက်နိုင်တဲ့ ကျောက်တုံး ပေါ်မှာ မင်း မှတ်တမ်း တင် ရေး သား
ထား သင့်တယ်။"

(အဲဒီလို ဘဲ ကျွန်တော်တို့ ရဲ့ နာကျင်မှု့တွေ နဲ့ နာ ကျည်း မှု့တွေ ကို သဲ
ပေါ်မှာ ရေး ထား တဲ့ စာ တွေ လို ဘဲ ရေး တတ်အောင် ကြိုး စား သင့်သလို
ကျွန်တော်တို့ အတွက်ကောင်း ကျိုး ဖြစ် စေမယ့် အ ရာတွေကို တော့ ကျောက်တုံး
တွေပေါ်မှာ မှတ်တမ်း တင် ကြရအောင် လား ဗျာ။ )

ဒီအကြောင်း လေး ကို တော့ တော်တော်များ များ သိကြ ဖတ်ဖူးကြ မယ်လို့ထင် ပါ
တယ်။ အနှစ်သာရ အရမ်း ရှိတဲ့အကြောင်း ပါ။ ဒါကြောင့်ဘာသာပြန်ပြီး ဝေမျှ
ခြင်း သက်သက် တာဖြစ် ပါတယ်။

နီပေါဘီယာ

Sunday, January 18, 2009

ကျနော်ရဲ့အရင်းနှီးဆုံးသော ချစ်သူမိတ်ဆွေလေးက မြန်မာပြည်ထဲကနေပို့ပေးလိုက်တာပါ၊ နှစ်သက်လွန်းလို့ ဘလော့ဒ်ပေါ်တင်လိုက်
ပါတယ်၊ ခံစားကြည့်ကြပါ။
တီဗွီအသံလွှင့် ဌာနတစ်ခုမှာ ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ တစ်ခါက
တီဗွီအစီအစဉ် တစ်ခုအတွက် နီပေါလ် နိုင်ငံကို ကျွန်တော်ရောက်ခဲ့တယ်။
တီဗွီရိုက်မယ့် နေရာက အမြင့်ပေ ၁၅၀၀ကျော်ရှိတဲ့ တောင်ထိပ်က
ရွာလေးတရွာမှာပါ။ အဲဒီရွာမှာ ရေမီး မရှိတဲ့အပြင် ကားတက်ဖို့
လမ်းတောင်မရှိပါဘူး။ ရွာခံလူ (၁၅) ယောက်လောက် ခေါ်ပြီး လိုအပ်တဲ့
ပစ္စည်းတွေကို သယ်ခိုင်းခဲ့ကြရတယ်။

ကွေ့ကောက် မတ်စောက်တဲ့ တောင်တက်လှမ်းတစ်လျောက် တီဗွီရိုက်ခဲ့ကြရတယ်။
လူတိုင်းက မောပမ်း နွမ်းနယ်နေပါပြီ။ လမ်းခုလပ်မှာ စမ်းချောင်းတစ်ခု
တွေ့တော့ ကြည်လင်အေးမြပြီး တစ်သွင်သွင်စီးနေတဲ့ ရေကိုကြည့်ပြီး လူတိုင်းက
"ဒီရေထဲ ဘီယာဇိမ်သောက်ရရင် သိပ်ကောင်းမှာပဲ"လို့ အငမ်းမရ ပြောကြတယ်။
ဒီလောက်ခေါင်တဲ့တောထဲ ဘီယာဘယ်မှာ ရနိုင်မလဲ..? တောင်ခြေက +++ မှာ
တောင်ပေါ်ကို စမတက်ခင် အားလုံးက ဈေးကြီးတဲ့ ၀ီစကီပဲသယ်ပြီး ဘီယာတွေကို
ထားခဲ့ကြမယ် တိုင်ပင်လို့ လူတွေက ၀ီစကီပဲသယ်ခဲ့ကြတယ်။

စကားပြန်ရဲ့ အကူအညီကြောင့် ရွာထဲက ချီတော်လိလို့ အမည်ရတဲ့ လူငယ်တဦးက +++
မှာ သူ ဘီယာသွားဝယ်ပေးနိုင်ကြောင်း ပြောပါတယ်။ သူ့စကားကြားတော့
လူတွေကပျော်ကြတယ်။ ဒါပေမယ့် လမ်းခရီးကဝေးတော့ ၀ယ်ခိုင်းဖို့အတွက်
ဆုံးဖြတ်ရခက်နေကြတယ်။ လူငယ်က "ကိစ္စမရှိဘူး။ ကျွန်တော်လမ်းလျောက်တာ
မြန်တယ်။ မိုးမချုပ်ခင် ကျွန်တော် အရောက်ပြန်လာနိုင်တယ်"လို့
ပြောပြန်တယ်။

ချီတော်လိဟာ ပိုက်ဆံအချို့နဲ့ အိတ်တစ်အိတ်ယူပြီး တောင်အောက်ကို
ဆင်းသွားတယ်။ တကယ်ပဲ မိုးမချုပ်ခင်မှာ ဘီယာငါးပုလင်းနဲ့ တောင်ပေါ်အရောက်
ပြန်တက်နိုင်ခဲ့တယ်။ လူတွေက သူ့ကို လက်ခုပ်တီးပြီး ကြိုခဲ့ကြတယ်။
နောက်တစ်နေ့မှာ ချီတော်လိက "ခင်ဗျားတို့ ဘီယာသောက်ချင်ကြသေးလား"
လို့မေးပြန်တယ်။ မနေ့ညက မောမောနဲ့သောက်ထားတဲ့ ဘီယာအရသာကို လူတွေက
မမေ့ကြသေးဘူး။ ဒါပေမယ့် သူ့ကို နောက်တစ်ခေါက်သွားဝယ်ဖို့
မခိုင်းရက်ပြန်ဘူး။

ချီတော်လိက " ဒီနေ့ဟာ စနေနေ့.. မနက်ဖြန် တနင်္ဂနွေနေ့ ကျွန်တော်
ကျောင်းတက်စရာမလိုဘူး။ တဒါဇင်လောက် ကျွန်တော် သွားဝယ်ပေးလို့ရတယ်"
တဒါဇင်ဆိုတဲ့ မက်လုံးနဲ့ သူ့ကို ကျွန်တော်တို့ ၀ယ်ခိုင်းလိုက်ပြန်တယ်။
ပိုက်ဆံနဲ့အိတ်ကိုယူပြီး ချီတော်လိဟာ တောင်အောက်ကို ဆင်းသွားပြန်တယ်။
ဒါပေမယ့် အဲဒီညမှာ သူပြန်မလာခဲ့ပါဘူး။ ဘာကြောင့်လဲ.....
ဘာများဖြစ်လို့ပါလိမ့်... လူတွေက တညလုံး သူ့ကို စိတ်ပူခဲ့ကြတယ်။

နောက်နေ့မနက် ရွာကလူတွေဆီမှာ သူ့အကြောင်းကို စုံစမ်းကြည့်တော့
ရွာခံလူတွေက "ခင်ဗျားတို့ သိပ်အတာပဲ။ ဒီလောက်များတဲ့ ငွေကို ရမှတော့
အဲဒီကလေး ဘယ်ပြန်လာတော့မလဲ" လို့ ပြောကြတယ်။ ချီတော်လိရဲ့
မိဘတွေကတောင်ရဲ့ ဟိုဖက်ခြမ်းက ရွာတစ်ရွာမှာနေပြီး သူကဒီရွာမှာ
မိဘနဲ့ခွဲပြီး ကျောင်းလာတက်တယ်လို့ သိရတယ်။ ညရောက်တော့လဲ
သူပြန်မလာပါဘူး။ တနင်္လာနေ့ မနက်ရောက်တော့ လူတွေက သူနေတဲ့ ကျောင်းကို
သွားပြီး ဆရာ့ကို အကျိုးအကြောင်း သွားပြောပြတယ်။ ဆရာက " စိတ်မပူပါနဲ့။
ငွေတွေယူပြီး သူ့မိဘအိမ် ပြန်ပြေးသွားတာဖြစ်မယ်။ အန္တရာယ်တစ်ခုခုနဲ့
ရင်ဆိုင်ရတာတော့ မဖြစ်နိုင်ဘူး" လို့ ပြောတယ်။

ဝယ်ခိုင်းတဲ့ လူတွေက ကလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့စိတ်ကို ပိုက်ဆံနဲ့
မြူဆွယ်မိလို့ နောင်တရကြတယ်။ အဲဒီည လူတွေ အိပ်မောကျနေတဲ့ သန်းခေါင်ယံ
အချိန်မှာ တံခါးခေါက်သံ တိုးတိုးကို လူတွေ ကြားလိုက်ရတယ်။
တံခါးဖွင့်ကြည့်တော့ ချီတော်လိဟာ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်၊
ကိုယ်ပေါ်မှာလဲ ပွန်းပဲ့ဒဏ်ရာအချို့နဲ့ ရွံတွေလူးလို့ တံခါးဝမှာ
ရပ်နေတာကို တွေ့လိုက်ရတယ်။

သူက " +++ မှာ ဘီယာတစ်ပုလင်းပဲ ကျန်လို့ ကျွန်တော်
တောင်(၄)တောင်လောက်ဖြတ်ပြီး တစ်ခြားရွာမှာ သွားဝယ်ခဲ့တယ်။ လမ်းခုလပ်မှာ
မတော်တဆ ချော်လဲလို့ (၃)လုံး ကွဲသွားပါတယ်" ပြောပြီး ကွဲသွားတဲ့
ပုလင်းစတွေနဲ့ လက်ကျန်ငွေကို ကမ်းပေးပါတယ်။ သူ့ကိုယ်သူ အမှား
လုပ်ထားမိတဲ့ ကလေးတစ်ယောက်လို့ ခေါင်းငုံ့ပြီး တနေရာမှာ ရပ်နေခဲ့တယ်။
သူ့ကို ကြည့်ပြီး လူတွေက မျက်ရည်ကျမိကြတယ်။ ကျလာတဲ့ မျက်ရည်တွေထဲမှာ
ချီတော်လိကို ကျေးဇူးတင်တယ်ဆိုတာထက် သူ့ကို အထင်လွဲမိတဲ့ အားနာစိတ်နဲ့
ရှက်ရွံစိတ်တွေက ပို ပိုပါလိမ့်မယ်။

တောတောင်တွေကို ပင်ပင်ပန်းပန်း ဖြတ်ပြီး လူတွေရဲ့ လိုအပ်ချက်နဲ့ ဆန္ဒကို
ဖြည့်ပေးခဲ့တဲ့ သူ့စိတ်ဓာတ်ကို ဘာလို့ သံသယဖြစ်ခဲ့ကြသလဲ......? ဖြူစင်
ရိုးသားတဲ့ သူ့စိတ်ဓာတ်ကို လူတွေက ဘာကြောင့် အထင်လွဲခဲ့ကြသလဲ....?

အပြန်အလှန် ယုံကြည်မှုဆိုတာ လူသားတွေရဲ့ အလှပဆုံး စိတ်ဓာတ်လို့ ကျွန်တော်
ယုံကြည်မိပါတယ်။

ခေါင်းဆောင်

မကြာခဏကြားရလေ့ရှိတဲ့စကားတခွန်းရှိပါတယ် ခေါင်းဆောင်များ မွေးထုတ်လေ့ကျင့်ပေးရမည် စသဖြင့်အ တော်ကိုလူသုံးများသော ၀ါကျဖြစ်ပါသည်၊အကယ်စင်စစ် ခေါင်းဆောင်ဆိုတာ မွေးထုတ်ပေးလို့ရပါသလား၊ လေ့ကျင့်ပေးလို့ရသော အရာကောဟုတ်ပါသလား၊ ကျနော်တို့တတွေသေသေချာချာမစဉ်းစားပဲ သူများပြော သလိုလိုက်ပြောနေကြပါသလား။
ဤမေးခွန်းကိုဖြေဆိုရန် ကျနော်တို့ပထမဦးစွာ ခေါင်းဆောင်များကို တဦးချင်းဆီလေ့လာရပါမည်၊ ကျနော်တို့ ကိုယ်တိုင်လည်း ရံဖန်ရံခါခေါင်းဆောင် လုပ်ခဲ့ရသည့်အချိန်များကို ပြန်လည်စဉ်းစားကြည့်ရပါမည်၊နေရာအမျိုး မျိုးအချိန်ကာလအမျိုးမျိုးမှ ခေါင်းဆောင်အမျိုးမျိုးတို့ကို ပြန်လည်သုံးသပ်ကြည့်ရပါမည်၊ ၄င်းတို့ကိုမည်သူတွေ ကမွေးထုတ်ပေးခဲ့ကြပါသလဲ။
ကျနော်နှင့်လုပ်ဖေါ်ကိုင်ဖက်များထဲတွင်လည်း ခေါင်းဆောင်ဖြစ်နေသူများလည်းရှိသည်၊ အချို့မှာစီးပွားရေးတွင် အောင်မြင်နေသော ခေါင်းဆောင်များ၊ တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ စသည်ဖြင့် ခေါင်းဆောင်အမျိုးမျိုးရှိနေကြသည့်အထဲမှ ကျနော်နှင့်အနီးကပ်ဆုံး ခေါင်းဆောင် တစ်ဦးကို လေ့လာကြည့်မိသည်၊သူ့ကိုနိုင်ငံခြားသားတော်တော်များများနှင့် စေတနာ့ဝန်ထမ်းနိုင်ငံခြားသား တော်တော်များများက -charismatic –leader သို့မဟုတ် natural –leader ၊မြန်မာပြည်က သဘာဝရုပ်ရှင်မင်း သားကိုကျော်ဟိန်း(ကိုကျော်) လို့သတ်မှတ်ကြပါတယ်၊မရမကဖြစ်ညှစ်ပြီး ဖြစ်လာရတဲ့ခေါင်းဆောင်၊လုပ်ယူလို့ ရတဲ့ခေါင်းဆောင်မဟုတ်ဖူးပေါ့။
သူ့ကိုခေါင်းဆောင်ဖြစ်စေသော အရာကိုကျနော်သတိထားလေ့လာနေခဲ့သည်၊ ခေါင်းဆောင်တဦးအဖြစ်အောင် မြင်စေသည့် အရည်အချင်းများ၊စိတ်နေသဘောထားများ၊ အနေအထိုင်အပြောအဆိုများကို အထူးဂရုပြုရှာဖွေ ဖေါ်ထုတ်ဖို့ကြိုးစားမိသည်၊ သူဘ၀မှတ်တိုင်များ၊ သမိုင်းကြောင်းများ၊သူနှင့်သူ့မိသားစုဆက်ဆံရေးပါမကျန် ဆက်၍လေ့လာကြည့်မိသည်၊ကျနော်စောင့်ကြည့်လေ့လာ ရှာဖွေနေသောအရာများ အလုံးစုံတခုမကျန်သိရပြီ ဆိုသောအခါ ကျနော်ကောခေါင်းဆောင်ဖြစ်သွားပြီလား၊ ကျနော်ကတော့မည်သည့်အခါမျှ ခေါင်းဆောင်ဖြစ်လာ မည့်သူမဟုတ်ပါ၊အတိအကျပြော၍ရသော အကြောင်းအရင်းခိုင်ခိုင်မာမာ တခုတော့ရှိနေသည်၊ ထိုအကြောင်း မှာ ကျနော်ကိုယ်တိုင်က ခေါင်းဆောင်ဖြစ်ချင်တဲ့စိတ် လုံးဝမရှိခြင်းကြောင့်ဖြစ်သည်။ခေါင်းဆောင်ဖြစ်မည့်သူ များကိုပံ့ပိုးမည့်သူတော့ဖြစ်လိုပါသည်၊ ခေါင်းဆောင်များအောင်မြင်ဖို့အတွက် နောက်လိုက်ကောင်းတစ်ဦးအမြဲ ဖြစ်လိုသည်၊ မည်သည့်အကြောင်းပြချက်ဖြင့် ခေါင်းဆောင်မဖြစ်လိုသည်ကို ကျနော်တခါမျှမစဉ်းစားမိခဲ့ဖူးပါ။
အဝေဖန်မခံနိုင်၍လည်းဖြစ်နိုင်သည်၊မယှဉ်ပြိုင်လို၍လည်းဖြစ်နိုင်သည်၊သူတပါးကိုဦးစားပေးလိုသောစိတ်၊ရှေ့ တန်းတင်လိုသောစိတ်ကြောင့်လည်းဖြစ်နိုင်သည်၊ စင်စစ်မှာသူတပါးအားဦးစားပေးတတ်ခြင်း၊အနစ်နာခံတတ် ခြင်းကပင်လျှင် ခေါင်းဆောင်ကောင်းများ၏အရည်အချင်းများအနက် ပဓါနကျသောအရည်အချင်းများမဟုတ်ပါ လား၊ဒါဆိုရင်ကောကျနော်ကတခါတလေ (တနည်းတဖုံအားဖြင့်)ခေါင်းဆောင်ဖြစ်လာနိုင်ပါသလား၊ လုံးဝမဖြစ် နိုင်သေးပါ၊ဘာ့ကြောင့်လဲဆိုတော့ ခေါင်းဆောင်ဖြစ်ချင်စိတ်မှမရှိတာ၊ဒါဖြင့်ရင်ခေါင်းဆောင်တယောက်ဖြစ်လာဖို့ အရေးကြီးဆုံးလိုအပ်ချက်က ခေါင်းဆောင်ဖြစ်ချင်တဲ့စိတ်လို့ဆိုနိုင်ပြီလား၊စာဖတ်သူမှာသာအဖြေရှိပါလိမ့်မည်၊ ဒါတခုထဲနဲ့တော့လုံလောက်ချင်မှလုံလောက်မည်။
ပညာရှင်များလေ့လာချက်အရ ခေါင်းဆောင်များကိုအောင်မြင်စေသော အချက်များအနက် ထက်ဝက်ခန့်မှာ ထို ပုဂ္ဂိုလ်၏ဥပဓိရုပ်နှင့်စိတ်နေသဘောထားပေါ် မူတည်ပြီးကျန်ထက်ဝက်ခန့်မှာ သဘာဝပတ်ဝန်းကျင်၏လိုအပ် ချက် အခြေအနေအချိန်အခါတို့အပေါ်မူတည်သည်၊ကျနော်တို့အများသိသော ခေါင်းဆောင်တဦးချင်းစီကိုအနီး ကပ်လေ့လာကြည့်ရအောင်၊ခေါင်းဆောင်တိုင်းလူထုကောင်းကျိုးပြုကြပါသလား၊မည်၍မည်မျှသော လူထုပရိတ် သတ်ကိုအကျိုးပြု၍ မည်၍မည်မျှသောလူပုဂ္ဂိုလ်များအတွက် ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေခဲ့ပါသလဲ။
ကျနော်တို့မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ခေါင်းဆောင်များဖြစ်ကြသော ဒေါတ် တာနိုင်အောင်၊ကိုမိုးသီး၊ကိုသံခဲ၊ကိုအောင်နိုင်ဦး၊ပြည်တွင်းမှမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊မင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊မဖြူဖြူသင်း၊ကိုဂျင်မီ၊အီတလီမှ မူဆိုလိုနီ၊ဂျာမဏီမှ ဟစ်တလာ၊အာဖ ရိကမှ နယ်ဆင်မန်ဒရဲလား၊အိုစမာဘီလာဒင်၊ဦးနေ၀င်း၊ဦးသန့်၊ဒေါတ်တာစင်သီယာမောင်၊စောဘဦးကြီး၊ ဆဒန် ဟူစိန်၊အာဂျင်တီးနားမှ ချီဂွေဘားရား၊မဟတ္တမဂန္ဓီ၊ဂျော့ဘုရှ်၊အိုဘားမား၊ဗိုလ်ချုပ်အောင်ဆန်း၊ဂျော်နီထူး-လူးသာ ထူး(God- Army)စသည့်ခေါင်းဆောင်တို့ကိုလေ့လာကြည့်ရအောင်၊ထိုခေါင်းဆောင်များအားလုံးကို ကမ္ဘာ့ပြည် သူများက တပြေးညီလေးစားကြည်ညိုကြပါသလား၊တဦးတယောက်သောခေါင်းဆောင်ကို ကမ္ဘာပြည်သူများက တညီတညွတ်တည်း အသိအမှတ်ပြုရမည်ဟု ဥပဒေပြင်ဆင်သတ်မှတ်ထားပါလျှင် တရားမျှတပါမည်လား။
ကျနော်ကိုယ်ပိုင်ခံစားချက်နှင့် နှုင်းယှဉ်ဆင်ခြင်မိသည်၊Hip-Hop သီချင်းကိုကျနော်မမုန်းပါ၊ သို့သော်နေ့ရောည ပါနေရာတကာ-Hip-Hop-ဘုရားကျောင်းထဲမှာပါ Hip-Hop ဖြစ်လာသောအခါ ကျနော်အမြင်ကပ်လာပါတော့ သည်၊လူ့သဘာဝလူ့ပတ်ဝန်းကျင် တခုအနေဖြင့် အထူးသတိထားဆင်ခြင်ရပေမည်၊ခေါင်းဆောင်တဦး၏ ကိုယ်ပိုင်အရည်အချင်းမှာ နောင်လိုက်များကို တစုံတခုပြုလုပ်စေနိုင်ခြင်း(သို့မဟုတ်)မလုပ်ပဲနေစေရန် စည်းရုံး နိုင်ခြင်း၊အင်္ဂလိပ်လို-Motivating the followen-ပင်ဖြစ်သည်၊ခေါင်းဆောင်တဦးချင်းစီအလိုက် နောက်လိုက် များကို Motivate-လုပ်ပုံလုပ်နည်း ကွဲပြားခြားနားကြသည်၊ဤနေရာတွင် အခြေအနေအချိန်အခါအလိုက်ပါဝါငါး မျိုးအနက် တခုခုကိုအသုံးချ၍ -Motivate-လုပ်သွားကြသည်၊ယင်းပါဝါ(၅)မျိုးမှာ (၁)ကျွမ်းကျင်မှု(၂)တရားဝင် ပေးအပ်ထားခံရခြင်း(၃)ဆုပေးဒဏ်ပေးနိုင်ခြင်း(၄)ခင်မင်လေးစားမှု(၅)ယုံကြည်အားကိုးမှုတို့ပင်ဖြစ်သည်။
အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနေပါသည်ဆိုသော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများက ဤထူးဆန်း သောဦးဆောင်မှုအရည်အချင်းများကို မည်သို့လေ့ကျင့်ပျိုးထောင်ပေးနေကြပါသနည်း၊မြန်မာ့လူ့အသိုင်းအ၀ိုင်း တွင်ကျနော်တွေ့ဖူးသမျှတော့ လူငယ်များအပါအ၀င် ကလေးများကို ဆုံးမသြ၀ါဒများ တလှေကြီးချွေနေသည် ကိုတွေ့ဖူးသည်၊လူငယ်များ ကလေးများကို အမိန့်နာခံတတ်အောင် သင်ကြားပေးနေကြသည်၊အမိန့်ပေးတတ် အောင် သင်ကြားပေးနေကြသည်၊ရိုသေဂါရ၀ဖြင့်-Motivate-လုပ်တတ်အောင် သင်ကြားမှုအလွန်နည်းပါးသည်၊ ခေါင်းဆောင်များမွေးထုတ်ပေးကြမည့်လူပုဂ္ဂိုလ်များ စဉ်းစားရမည်မှာ မည်သူတွေကိုခေါင်းဆောင်မည့်ပုဂ္ဂိုလ် များကိုမည်ကဲ့သို့မွေးထုတ်ကြမည်ဆိုသည်ကို အသေအချာစီမံကိန်းချဆောင်ရွက်စေလိုသည်၊ကျနော်တို့မြန် မာ့လူ့ဘောင်အသိုင်းအ၀ိုင်း တခုလုံးအတွက် မည်သို့သောခေါင်းဆောင်များလိုအပ်နေသည်ကို ဦးစွာလေ့လာ စေလိုပါသည်၊မိမိမွေးထုတ်လိုက်သည့်ခေါင်းဆောင်များကို ပြည်သူအများက မည်မျှလက်ခံကြမည်ကို ကျနော် တို့မသိနိုင်ပါ၊ပြည်သူအများမျှော်လင့်နေသော ခေါင်းဆောင်အရည်အချင်းများနှင့် ပြည့်စုံနိုင်မှသာ ပြည်သူအများ ၏ကောင်းသောတုန့်ပြန်မှုကို လက္ခံရရှိမည်၊ဤနေရာတွင်လည်း မြန်မာ့လူ့ဘောင်အသိုင်းအ၀ိုင်းနှင့် အလွန်စိမ်း နေသေးသည့် သုတေသနစစ်တမ်းကောက်ယူခြင်း၏အကူအညီကို ရယူနိုင်လျှင် ပိုကောင်းမည်ဟု ထင်မြင်ယူ ဆမိသည်၊အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မြန်မာလူ့အသိုင်းအ၀ိုင်းနှင့် အပ်စပ်သောခေါင်းဆောင်ကောင်းများ မွေးထုတ်နိုင်ကြပါစေ၊

ခေါင်းဆောင်များသို့

Monday, January 5, 2009

ကျနော်သည် အစည်းအဝေးကိုမကြာခဏ လုပ်လေ့ကျင်းပလေ့ရှိသော အဖွဲ့အစည်းတခုတွင် (၁၀)လခန့် အလုပ်လုပ်ဖူးသည်၊ ကျနော်အစည်းအဝေးကျင်းပခြင်းနှင့် သက်ဆိုင်သော စာအုပ်တအုပ်ဖတ်ဖူးသည်၊ ၄င်းစာအုပ်တွင်သင်သည် လူတစ်ဦးတယောက်နှင့်ဖြစ်စေ ဆယ်ယောက်နှင့်ဖြစ်စေ အစည်းအဝေးပြုလုပ်လျှက် ရှိနေစဉ် မကြာခဏကြားဖြတ်နှောက်ယှက်မှုများရှိနေပါကစိတ်အနှောက်အယှက်ဖြစ်ပြီး အစည်းအဝေးဦးတည် ချက်ကိုမရောက်တော့ပါ၊နိုင်ငံရေးနှင့်သက်ဆိုင်သောအစည်းအဝေးသော်လည်းကောင်း၊စီးပွားရေးနှင့်ပတ်သက် အစည်းအဝေးသော်လည်းကောင်း၊ လူမှုရေးနှင့်သက်ဆိုင်သည့်အစည်းအဝေးသော်လည်းကောင်း မည်သည့်ကြား
ဖြတ်အနှောင့်အယှက်များမရှိစေရန်ကြိုတင်စီမံထားရပါမည်၊မည်သည့်အရေးကိစ္စမဆို အနည်းဆုံးမိနစ်(၉၀) စောင့်ရပါမည်၊အစည်းအဝေးကျင်းပချိန်မှာလည်း မည်သည့်အစည်းအဝေးပွဲမဆို မိနစ်(၉၀)ထက်ပိုပြီး မကြာသင့်၊ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးရဲ့အာရုံစူးစိုက်မှုဟာမိနစ်(၉၀)ထက်ပိုပြီးအာရုံမစိုက်နိုင်ခြင်း ကြောင့်ဖြစ်သည်၊အစည်းအဝေးဘာကြောင့်ကျင်းပရန်လိုအပ်သည်ကို ရှင်းလင်းစွာသိရန်လိုပါသည်၊ငွေကုန် အချိန်ကုန်သံပြာသော အစည်းအဝေးမျိုးလုံးဝမဖြစ်စေရ၊အစည်းအဝေးများ မကြာခဏပြုလုပ်ကျင်းပခြင်း သည်အဖွဲ့အစည်းရဲ့ညံ့ဖျင်းမှုကိုဖေါ်ပြရာရောက်သည်၊အဘယ့်ကြောင့်ဆိုသော် အစည်းအဝေးများသည် သာမန် အလုပ်လုပ်သောအချိန်များကို ထိခိုက်စေသောကြောင့်ဖြစ်သည်၊အကြီးအကဲများ၊ခေါင်းဆောင်များသည်မိမိ အလုပ်လုပ်ချိန်လေးပုံတပုံထက် အစည်းအဝေးတွင်အချိန်ကုန်နေသည်ဆိုလျှင် ထိုအဖွဲ့အစည်းသည် ညံ့ဖျင်း သောအဖွဲ့အစည်းဖြစ်ကြောင်းဖေါ်ပြရာရောက်သည်၊ အစည်းအဝေးဆိုသည်မှာ လိုအပ်မှသာ ကျင်းပသင့်သည်၊ အစည်းအဝေးကို ပုံမှန်လုပ်ကဲ့သို့ သဘောထားရန်မဟုတ်၊အချို့သောအဖွဲ့အစည်းများသည်၊ နံနက်ရုံးတက်ချိန် မှသည်ညနေမိုးချုပ်သည်အထိ အစည်းအဝေးကျင်းပတတ်သည်ကို ကျနော်တွေ့မြင်နေရပါသည်၊ အဖွဲ့အစည်း တခုတွင် လူအများသည် တချိန်လုံးလိုလို စုရုံးစုရုံးနှင့် တွေ့ဆုံစည်းဝေးနေကြသည်ဆိုလျှင် မည်သူမျှအလုပ်ကို ဟုတ်တိပတ်တိ မလုပ်သောအဖွဲ့အစည်းဖြစ်ကြောင်းသိသာလာပါသည်၊ခေါင်းဆောင်ဆိုသူအနေနှင့်လည်း အစည်းအဝေးများတက်နေရသည်နှင့် အချိန်ကိုကုန်လွန်စေသည့်အဖြစ်မျိုးမဖြစ်သင့်ပေ၊ခေါင်းဆောင်များ အစည်းအဝေးနှင့် အချိန်ကိုမကုန်စေသင့်ပါ၊အစည်းအဝေးများများတက်လျှင် အချိန်ကုန်သည်၊ငွေကုန်သည်၊ ရုံးတွင်ကျန်ရှိနေသောမိမိရဲ့လက်အောင်ငယ်သားများ ရုံးတွင်ကော်ဖီသောက် အကြောင်းမရှိအကြောင်းရှာကာ အပြင်သို့ခဏခဏထွက်ခြင်းသည်၊ရုံးချိန်အတွင်း အလုပ်လုပ်ချိန်ကိုထိခိုက်နစ်နာစေကြောင်း ခေါင်းဆောင်ဆိုသူ များအားအသိပေးအပ်ပါသည်။

~ မြောက်ပြန်လေ တို့နှင့်အတူ ဥတ္တရ ရပ်ဝန်းဆီသို့ ~

Saturday, December 27, 2008


လွန်ခဲ့တဲ့ အနှစ်၂၀က မြန်မာ့သမိုင်းရဲ့ အထင်ကရ ရှစ်လေးလုံးမုန်တိုင်းဟာ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ ဗဟိုပြုလို့ အာဏာရှင် သဘောက်ဘ၀ လွတ်မြောက်ရေး အတွက် ကျောင်းသားများ မာန်ဟုန်ဝင့်ပြတာကို စစ်အာဏာရှင်တစုက တပြည်လုံးကို သွေးနဲ့ဖြန်းပြီး နိုင်ငံတော်အာဏာကို ကျဉ်ဆံတွေနဲ့ တံတိုင်းခတ် ကာရံထိမ်းချုပ်လိုက်တော့ နိုင်ငံရဲ့ အနာဂါတ်တွေဟာ စာသင်ခန်းကို စွန့်ပြီး ကာဘိုက်ယမ်း ရနံ့စွဲနေတဲ့ လက်များနဲ့ အာဏာရှင်တွေကို တိုင်းပြည်ရဲ့ နယ်ခြားဒေသ တွေကနေ ပြုပြင်ပြောင်းလဲရေး ရာဇသံပေးတဲ့ အထဲမှာ ကျုပ်လဲ ထဲထဲလူလူ ပါလာပါတော့တယ်။

အချိန်ကာလက နွေရာသီကုန်လို့ မိုးဦးကို ရောက်တော့မယ် စပ်ပူစပ်လောင် ရာသီက မိုးကို စောင့်မျှော်နေတဲ့ ပုဇဉ်းရင်ကွဲ အသံတွေနဲ့ ဆူညံနေကြတယ်လေ၊ မိုးကိုခေါ်နေတဲ့ ဖားလေးတွေရဲ့ တကွပ် ကွပ် အော်မြည်သံများကလည်း ကချင်ထောင်ကာလို နရီစည်းချက် ကျလွန်းလှတယ်။

ဒီနေ့တော့ ဗဟိုနဲ့ စက်စကားပြောရန် ချိန်းထားလို့ ရဲဘော်နှစ်ယောက်နဲ့ ဆိုင်းဂျာဘွန့် တောင်ထိပ်ကို ကျနော်တို့ တက်လာခဲ့ကြတယ်။ တောင်ထိပ်ရောက်ပြီး နာရီဝက်ခန့် အကြာမှာတော့ ဗဟိုက စက်ဝင်လာလို့ လက်ထဲက လမ်းလျှောက်စကားပြောစက်မှ “ဟီးနိုး ကြားလား” “ဟီးနိုး ကြားလား” အိုကေ “ကြားတယ်” အစပြု ပြန်ဖြေလိုက်တော့ အတွင်းရေးမှုး ရဲဘော်မျိုးဝင်းနဲ့ တဆင့်ခံ စကားပြောဖြစ်ကြသည်။ သူက ဗဟိုကို ပြန်ခေါက်လာရန် ညွန်ကြားချက်ပေးတော့၊ ကျနော့စိတ်မှာတော့ ဒီတော့လည်း ပြန်ရသေးတာပေါ့ ဟု မရိုးမရွ ဖြစ်နေမိသည်၊ ကျောင်းသားတပ်မတော် မြောက်ပိုင်းသည်အမိန့် နာခံမှုရှိအောင် တပ်စတည် ကတည်းက လေ့ကျင့်ထားသောတပ်ဖြစ်လို့ အထက်အမိန့်ကို နာခံယုံမှလွဲလို့ မှတပါးအခြားမရှိ။


ဥတ္တရ ရပ်ဝန်းဆီသို့

ပြက္ခဒိန်စာမျက်နှာ ပြေးမြင်ကြည့်တော့ ခရစ်သက္ကရာဇ် ၁၉၉၂ခုနှစ်၊ ကျနော်တာဝန်ကျရာ ဖားကန့်ဒေသ ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရာဒေသကို စွန့်ခွာ၍ ဌာနချုပ်ရှိရာ တရုတ် - မြန်မာနယ်စပ် ပါဂျောင်ဒေသသို့ ပြန်ရတော့မည်။ ဖားကန့်ဒေသတွင် ကျနော်တနှစ်ကျော် လူထုစည်းရုံးရေးနဲ့ ဘဏ္ဍာငွေရှာဖွေရေး အတွက် တာဝန်ကျခဲ့ခြင်းဖြစ်သည်။ ကျနော်နဲ့ ရဲဘော်တချို့ တိုင်ပင်ကာ ပြန်ရန်လမ်းကြောင်းများကို စီစဉ်ရတော့သည်။ ကျနော်တို့အဖွဲ့ ပြန်ရန်၊ ယခုကျနော်တို့ တာဝန်ကျနေသော ဖားကန့်ဒေသမှာ ကျောင်းသားတပ်မတော် မြောက်ပိုင်းဗဟို၏ အနောက်တောင်ဖက် ယွန်းယွန်းတွင် ရှိနေသည် ခရီးစဉ်၏အလယ်တွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းနှင့် ဧရာဝတီမြစ်ကြီးက ကန့်လန့်ဖြတ်ခံနေပြီး ခရီးက အရှေ့နှင့်အနောက် ရှည်လျားလွန်းလှသည်၊ တောလမ်းကဆိုလျှင် အဆင်မပြေနိုင် လိုက်ပါပို့ဆောင်ပေးမည့် လုံခြုံရေးတပ်မရှိ၊ မဟာမိတ်၏ အကူညီလည်းမရနိုင်၊ ကျနော့်မှာ ရွေးစရာ လမ်းတလမ်းပဲရှိတော့သည်၊ ခရီးသည်တွေနှင့် ရောလိုက်သွားတဲ့လမ်းပေါ့ ဒီလမ်းသည် အန္တရာယ်ကများ၏။ ရဲဘော်တူးတူး(မြစ်ကြီးနား) ရဲဘော်နိုင်ဦး(ကောလင်း)၊ ရဲဘော်ခွက်ကြီး(ကသာ) တို့ဦးဆောင်ပြီး ရဲဘော်သစ်များနှင့် ဟောင်ပါးလမ်း၊ ကျနော်နှင့် ရဲဘော်ဝင်းရွှေအပါအ၀င် ကျနော်တို့ကို အကူညီပေးနေသည့် အမျိုးသမီး(၂)ဦးနှင့် ဝေခါလမ်းကို ရွေးချယ်ပြီး၊ ရဲဘော်အချို့ကို ဖားကန့်ဒေသတွင် တာဝန်ပြန်ချထားပေးခဲ့သည်။ ထိုမိန်းကလေး(၂)ယောက်ကို အကူညီတောင်းခံခဲ့ရခြင်း အကြောင်းမှာ ကျနော်တွင်ပါလာသော တရုတ်လုပ် အမ်(၂၀)သေနတ် အတိုတလက်၊ စကားပြောစက်တလုံးနှင့် တီအမ်တီ(ယမ်းဘီလူး) တချောင်းကို ၀ှက်ပြီး သယ်ဆောင်ခဲ့ခြင်း တို့ကြောင့်ဖြစ်သည်။


ခရီးနှင်ကြပြီ

ဆိုင်းတောင်ရွာ(ဆိတ်မူရွာ)က နံနက်စောစော ခပ်သုတ်သုတ် ခြေလျှင်ခရီး စထွက်ခဲ့ကြသည်၊ ဆိုင်းတောင်ကျော်ပြီး ရေချောင်းလမ်းကလေး အတိုင်း လိုက်လာလိုက်လျှင် ကုန်းကလေးများ တောင်ကမူလေးများကို ကျော်လိုက် ရေချောင်းကို ပြန်တွေ့လိုက်နဲ့ လာခဲ့ကြသည်။ ဒီလိုနဲ့ ရေကြည်ရွာတော့ ရောက်ပြီးခဏ ခရီးဆက်ထွက်ခဲ့ကြသည် နေ့လည် (၁၂)နာရီ မွန်းတည်းချိန်လောက်တော့ မှော်ဂလုံအရပ်ကို ရောက်ပြီး နေ့လည်စာစားကြသည်။ ဆိုင်ရှင်က ကျနော်တို့ကို အမောပြေဆိုပြီး တွံတေးသိန်းတန်သီချင်း ဖွင့်ပြတော့ကျနော်တို့ လေးယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး ရီပြုံးမိကြသည်။ ထိုနေ့တွင် နေက သိသိသာသာအတော်ပူ၍ နေ့လည်စာစားပြီး ကျနော်တို့ လေးယောက် ရီရီမောမောဖြင့် ခရီးပြန် ဆက်ခဲ့ကြသည်။

ရဲဘော်၊ရဲမေတွေလည်း အမှန်တရားအတွက် ဒီလိုစိမ်ခေါ်ခဲ့ဖူးတယ်

အဓမ္မ တောင်းရမ်းသူများနှင့် တွေ့ဆုံခြင်း

ကျနော်တို့လေးယောက် မှော်ဂလုံ အရပ်မှ ထွက်လာ၍ တနာရီခန့် လျှောက်ပြီးနောက် လမ်းအကွေ့လေးအတိုင်း ဖြတ်လျှောက်လိုက်သည်နှင့် စစ်ယူနီဖောင်းဝတ် စစ်သားများ တပ်စိတ် တစိတ်ခန့် တွေ့လိုက်ရပြီး နောက်ကြောင်းပြန်ခေါက်ဖို့ ဆိုတာလဲမဖြစ်နိုင် သူတို့က ကျနော်တို့ကို မြင်သွားပြီး ဒုန်းဆို …. ကျနော် ရင်ခုန်သံတွေ မြန်နေသည် စိတ်တွေလှုပ်ရှားနေပြီး “ဘာလုပ်သင့်သလဲ အပြန်ပြန်အလှန်လှန် မေးခွန်းတွေထုတ်နေမိသည်” ဆုံးဖြတ်ချက်ချလိုက်သည် လာမဲ့ဘေးပြေးတွေယုံပေါ့ ကျနော်တို့ ဆက်လျှောက်သွားတော့ လက်မောင်းမှာ နှစ်ရစ်ကပ်ထားတဲ့ ဆံပင်ကောက်ကောက်နဲ့ သူက ကျနော့်ကိုခေါ်ပြီး လမ်းဘေးတွင် ငုတ်တုတ် ထိုင်ခိုင်းထားသည်။ ကျနော်က စပြီးမေးလိုက်သည် “ဆရာတို့ ဘာအလိုရှိပါသလဲလို့ မေးလိုက်သည်” မင်းတို့ ရှေ့ခရီးသွားလို့ မရဘူးတဲ့ ဆရာတို့ ချောဝန်ထမ်း(အဓမ္မလုပ်အားပေး/ ပေါ်တာ) လိုလို့ လားဟု ကျနော်မေးလိုက်တဲ့ အခါ “မင်းကိုပေါ်တာဆွဲထားတာကွ”တဲ့ ကျနော်နဲ့ပါလာတဲ့ အမျိုးသမီးတယောက်က ၀င်ရှင်းသည် “ဆရာတို့အတွက် ဒီမှာ ငါးခြောက်ကြော်တွေ ပါတယ်လို့” ၀င်ပြောတော့ “မင်းတို့ အဆိပ်ခတ်ထားသလား အရင်စားပြ” လို့ပြောတော့ ကျနော်တို့ စားပြရသေးတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးမဲ့ တပ်မတော်ဆိုတာ ဒါမျိုးလားဟု ကျနော့်စိတ်ထဲတွင် အော့နှလုံး နာလာသည်။ ကျနော်တို့ ငါးခြောက်ဗူးကိုပေးပြီး သူတို့နှင့် ဆက်ညှိကြသည်။ နောက်ဆုံးမတော့ ကျပ် နှစ်ထောင်ပေး၍ ဖြေရှင်းခဲ့သည်။ ကျန်တဲ့ ခရီးသည်တွေလည်း ကျနော့်နည်းတူ မရှိ ရှိတာလေးတွေ ပေးပြီးသွားကြရသည် ရှိတာတွေအကုန် တရားဝင် အမိန့်တော်ရသဖွယ် ဓါးပြတိုက်ကြသည်။


တနေရာထဲ ဓါးပြနှစ်ခါ တိုက်ခံရခြင်း
ကျန်တဲ့သုံးယောက်က အရှေ့က သွားနှင့်သည် ကျနော်နောက်ချန် ၍ အသာလေးမျှော လိုက်ကာ ခြေလှမ်းသုံးဆယ်ပင်မလျှောက်ရသေး ရှေ့က နောက်တချုံထဲမှ စစ်သား နှစ်ယောက်ထွက်လာပြန်ပြီး ကျနော်ကို လမ်းနဘေးဆင်းခိုင်းကာ ချုံထဲသို့ခေါ်ပြီး ထိုင်ခိုင်းပြန်သည်၊ ရှေ့လူတွေတော့ လွှတ်ပေးလိုက်ပုံရသည် ရစ်ချင်ပြန်တော့ ကျနော်တယောက်ထဲ။ ကျနော်က အကျိုးသင့်အကြောင်းသင့် ပြောပြသော်လည်းမရ မကြာဝံ့မနာသာ စကားများဖြင့် ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံသည်၊ ကျနော့်အိတ်ကိုဖွင့်ရှာမည်ပြောတော့ ကျနော်က အဆင်ပြေအောင်ညှိပါဟူပြောတော့ ပျက်ရယ်ပြု၍ စကားပင် ကောင်းကောင်းပင် ပြောဆို၍လည်းမရ ထိုစဉ် ကျနော်စဉ်းစားမိသည်မှာ ဒီကောင်တွေ “လူမှဟုတ်ရဲ့လား” သူတို့ စစ်သင်တန်းတွေမှာ လူထုကိုဗိုလ်ကျဖို့တို့ ဘာတို့ သင်ပေးထားလားမသိတော့ အတွေးထဲစဉ်းစားနေမိသည် လူနဲ့မတူ၊ အရိုင်းစိုင်းတွေ ဖြစ်လို့နေသည်။ ထိုစဉ် အကြံတခုရလာ၍ “ကျနော့်မိန်းမ မီးဖွားတော့မှာမို့ ကျနော့်ကို လွှတ်ပေးပါရန်” တောင်းပန်ပြောတော့ သူတို့သေနတ် ဂျီသရီးကို ကျနော့်နားထင်မှာ လာထောက်ထားသဖြင့် ကျနော်က အိတ်ထဲမှ ငါးသုံးလုံးစီကရက်ကို ထုတ်ပေးတော့ မသောက် ၊သူတို့ဆီက ရွှေရောင်ဘင်ဆင် အန် ဟက်ဂျက်(စ်) စီကရက်ဗူးကိုထုတ်ပြီး ကျနော့်ရှေ့ပစ်ချပြီး “ဟေ့ကောင်မင်းက ငါတို့ကို ဘာကောင်တွေမှတ်လဲ မင်းကို ငွေနဲ့ အခုပေါက်သတ်လို့ရတယ်” ဆိုပြီး ဟောက်ငမ်းကာ သူတို့အိတ်ထဲမှ ပိုက်ဆံအထပ်လိုက် ပစ်ချပြသည် လူထုဆီက ငွေကိုဓါးပြတိုက်ကာ မသထာရေစာ ရထားသည်ကို ပီတိဖြစ်ကာပြောနေ ခြင်းဖြစ်သည်။ ကျနော်တော်တော်စိတ်တို၍ ထောင်းကနဲဖြစ်ကာ ဘေးနားတွင် ထောင်ထားသောသူတို့ သေနတ်ကိုဆွဲလုပြီး အသေခံ ပစ်လိုက်ရမလားလို့ စဉ်းစားမိလိုက်သည်။

မဖြစ်သေးဘူး ဒီလိုတန်းဖိုးမရှိတဲ့ ကောင်တွေနဲ့တော့ မိမိကိုမလဲနိုင်ပါ၊ ဒေါသကို ထိမ်းမှ ဖြစ်မည်၊ ကျနော့်ရည်မှန်းချက် မရောက်သေး၊ ထိုကြောင့်အချိုသတ်၍ ဆက်လက်ညှိုနိုင်းတော့ ကျပ် ခုနှစ်ထောင် တောင်းသည် နောက်တော့ ကျပ်လေးထောင်နဲ့ အဆင်ပြေအောင် ညှိုနိုင်းရသည်။ ထိုအရိုင်းအစိုင်း နှစ်ကောင်မှာ ပိုက်ဆံရသွားသောအခါ မတော်လောဘပြုံးပြုံးပြပြီး မဲမှောင်တဲ့ သူတို့ အသားအပေါ်မှ ၀င်းဝါနေတဲ့ တကျပ်သားခန့် ရွှေဆွဲကြိုး နှစ်ကုံးစီနဲ့ လက်ကနဲတွေ့လိုက်ရပြီး မင်းကို နောက်ထပ်တပ်နဲ့ တွေ့ယင် မှော်ဂလုံတပ်က ဗိုလ်ကြီးမင်းမင်းမြတ်နဲ့ တွေ့ပြီးပြီလို့ ပြောကြားလား သွားတော့တဲ့ “ကျနော် အချိန်၂ခါကုန် ငွေ၂ခါ ပေးလိုက်ရသည်။ ကျနော်တယောက်ထဲ ဆက်ထွက်တော့ အရှေ့နားမှာ စိတ်ပူစွာစောင့်နေတဲ့ ကျနော်တို့အဖွဲ့ကို တွေ့လိုက်ရတော့ သူတို့ဝမ်းသာသွားကြသည်။ ကျနော်ကတော့ ဒေါသကိုချုပ်တည်းခဲ့သမျှ ယခုထိစိတ်တိုမပြေဆဲ …..။ ကျနော်တို့ ရှေ့ဆက်သွားမည့် လမ်းကြောင်းကို ပြန်ပြင်သည်။ ဒီတိုင်းဆက်သွားရင် မဖြစ်နိုင်တော့၍ “မပြင်ရွာ”ဘက်ကို ဖောက်ထွက်မည် ရွာရောက်မှ သတင်းစုံစမ်းပြီးမှ ဆက်သွားမည်ဟု ဆုံးဖြတ်ခါ ခရီးထွက်ခဲ့သည်။ လူထုကိုနှိပ်စက် ကလူပြုနေသော စစ်တပ်ကို ကျနော်တခုခု တုန့်ပြန်ချင်နေသည် ကျနော်တို့ လေးယောက်အတွေး ကိုယ်စီဖြင့် ခရီးဆက်ခဲ့ကြသည်၊ တယောက်နဲ့တယောက် စကားမပြောဖြစ်ကြ သူတို့ရင်ထဲလည်း တခုခုတော့ ရှိမှာနေမှာပါ၊ ရောက်ချင်ဇောနဲ့သာ သဲသဲမဲမဲလျှောက်ခဲ့ကြသည့်လမ်း ဘယ်သူမှလည်း အတိအကျမသိ။ ညနေလဲစောင်းခဲ့ပြီ…..။ ခရီးကတော့ တော်တော်ပေါက်သည်ဟု ယူဆနိုင်သည်။ သို့သော် ကျနော်တို့ သွားချင်သော “မပြင်ရွာ” ကိုအခုထိတော့ အရိပ်အယောင်တောင် မတွေ့ရသေးချေ။

မြောက်ပိုင်းကျောင်းသားတပ်မတော် ( ဗဟို)

မပြင်ရွာသို့ ခရီးနှင်ခြင်း

အမှောင်ထုက ကျနော်တို့လေးယောက်ကို စတင်စိန်ခေါ်နေပြီ၊ မိုးကလည်း ချုပ်လာပြီး ဓါတ်မီးတလက်နဲ့ လူလေးယောက် လမ်းဆုံးရင်တော့ ရွာရောက်မှာဘဲဟု အတွေးနဲ့ဆက်သာ လျှောက်နေကြသည်။ လမ်းကမြေကြီးလမ်းဟောင်း အမှောင်ထုက ဖုံးကွယ်ထားသော်လည်း မှိတ်တုတ်မှိတ်တုတ်နှင့် ကျနော်တို့ကို ကူညီနေကြတဲ့ ကြယ်ရောင်တွေက ကျနော်တိုလေးယောက်ကိုလဲ ခွန်အားပေးနေ သယောင်ယောင်၊ အမှောင်ထဲမှာ ဇွတ်တိုးပြီး မိနစ်(၂၀)လောက် ဆက်လျှောက်ပြီးသောအခါ အဝေးမှ မီးရောင်ကို လှမ်းမြင်ရပြီ ကျနော်တို့ထဲက မိန်းကလေးတယောက်က ဦး … ရွာရောက်တော့မယ်လို့ အသိချပ်ယင်း လှမ်းပြောသည်။ ကျနော့်ကို တလေးတစား ဦး … တတ်၍သာ ခေါ်ကြသည်။ အသက်အရွယ်သိပ်ပြီးတော့ ကွာသည်မဟုတ်ပါ။ ရွာထဲကိုကျနော်တို့ ၀င်လာပြီး ဈေးဆိုင်ရှိရာသို့ ဦးတည်ပြီး လာခဲ့ကြသည်။ ဈေးဆိုင်တွင် စားစရာများကို ၀ယ်ပြီး သေချာအောင် “ ဒါ … မပြင်ရွာလားလို့ ” မေးတော့ မဟုတ်ဘူးတဲ့ “မပြင်ရွာ” နောက်မှာကျန်ခဲ့ပြီးတဲ့ “ဒီရွာက နားလတ္တံရွာတဲ့” ကျနော်တို့ မကြားဖူးတဲ့ရွာ ဖြစ်နေသည် ဘာဖြစ်ဖြစ် ဒီညတော့ ဒီရွာမှာ အိပ်မှရတော့မည်။ တည်းခိုရန်ဘုန်းကြီးကျောင်းကိုမေးတော့ ဈေးဝယ်လာသူတဦးက သူ့အိမ်မှာဘယ်သူမှမရှိဘူး သူ့အိမ်တွင် လိုက်တည်းခိုရန်ပြောသဖြင့် ကျနော့်တို့ ပျော်သွားသည်။ အိမ်ရှင်က လေးယောက်စာ ထမင်းချက်ပေးသည် ကျနော်တို့ ၀ယ်လာသော စားစရာများနှင့် ထမင်းစားကြပြီး အိမ်ရှင်ကို သွယ်ဝိုက်ကာမေးပြီး ချောင်းဝကိုသွားလို့ရမည့် လမ်းကြောင်းမသိမသာ မေးရသည်။ ကျနော်တို့ထဲတွင် ပါလာသော မိန်းကလေးနှစ်ယောက်ထဲက တယောက်က ချောင်းဝတွင် အမျိုးတွေရှိသောကြောင့် ထိုမှတဆင့် ခရီးဆက်ရန် စီစဉ်ရပြန်သည်။ စားသောက်ပြီးသောအခါ ခရီးပမ်းလာသောကြောင့် မိန်းကလေးနှစ်ယောက်မှာ အိပ်ပျော်၍ ဟောက်ပင်ဟောက်နေကြပြီး။ ကျနော်တို့လည်း အိမ်ရှင်ကို လမ်းကြောင်းမေးပြီး တရေးတမော အိပ်လိုက်တော့သည်။

အင်းတော်ကြီးအိုင် ချောင်းဝရွာသို့

မနက်(၆)နာရီခန့်တွင် ကျနော်အိပ်ယာနိုးလာသည် နံနက်စောစော လတ်ဆတ်နေသော လေနုအေးလေးကို ရှုသွင်းလိုက်ပြီး ပါတ်ဝန်းကျင်ကို တင်ကြို လေ့လာလိုက်သည် အေးအေးချမ်းချမ်းနေလိုပြီး ရောင့်ရဲ တင်းတိမ်ကြတဲ့ ရှမ်းနီရွာကလေး ဖြစ်သည်။ ရွာသူရွာသားများမှာ ရိုသားဖြူစင်ကြသည် ကူညီရိုင်းပင်းလို စိတ်ရှိသူများဖြစ်ကြသည်။ ပစ္စည်းတွေပြင်ပြီး နံနက်စာ ရှမ်းခေါက်ဆွဲကို ဘရာကြော်နှင့် စားပြီး ချောင်းဝဖက် ဆက်ထွက်မလို့ ပြင်နေတုန်း ရွာက အမျိုးသမီးကြီးတယောက် လာပြောသည် “ချောင်းဝကိုမသွားနဲ့ စစ်တပ်တွေမဲနေတာပဲ ခရီးသွားတွေကို ပါသမျှချွတ်ယူနေတယ် နာရီပါရင် နာရီ ဘာမှမရရင် အကျီင်္ပါ မချန်ဘူး မသွားနဲ့တဲ့” ချောင်းဝဆိုတာ မိုးကောင်းချောင်း အစပြုရာ အင်းတော်ကြီးအိုင် ကနေမြစ်ဖျားခံ ပြီးစီးဆင်းတဲ့နေရာတွင် တည်ထားသောရွာဖြစ်သည်။ အမျိုးးသမီးကြီးရဲ့ သတင်းစကားကြောင့် ကျနော်တို့ အိမ်ရှင်နှင့် ပြန်တိုင်ပင်ကြပြန်သည် အိမ်ရှင်က ရွှေတောင် လမ်းက သွားလို့ရကြောင်း ရွှေတောင်ကမှ စက်လှေစောင့်စီးပြီး လုံတုံးစက်လှေဆိပ်ကို သွားလို့ရကြောင်း ရှင်းပြသည်။ ဒါကြောင့် ရွှေတောင်ကို လိုက်ပို့ပေးဖို့ လမ်းပြရှာကြသည် ရှာ၍မရ။ နောက်ဆုံးတော့ အိမ်ရှင်က သူကိုယ်တိုင်လိုက်ပို့ပေးတာမို့ အရှေ့မှဦးဆောင်ကာသွားသည် နာရီဝက် လျှောက်ပြီးသောအခါ မြူတွေအုံဆိုင်း နေတဲ့ကြားက ထိုးဖေါက်ထွက်နေတဲ့ ရွာလေးကို တွေ့လိုက်ရသည်။ ဒါ… ရွှေတောင်ရွာပဲတဲ့ အင်းတော်ကြီးအိုင် ဘေးနားတွင် တည်ရှိနေသော ရွာကလေးဖြစ်သည်။ နံနက်စောစော ဖြစ်တာကြောင့် စက်လှေတစီးမျှ မလာသေးပါ။ ကျနော်တို့ (၁၅)မိနစ်ခန့် ထိုင်စောင့်အပြီးတွင် စက်လှေ တစီးရောက်လာသည် လက်တားသောကြောင့် အရှိန်ကိုလျော့ပြီး ကပ်လာသည်။ ချောင်းဝက ထွက်လာသော လှေဖြစ်သည် ချောင်းဝအခြေနေ မေးကြည့်တော့ လှေထဲတွင်ပါလာသော ခရီးသည်တွေက ရှိတာတွေ အကုန်ပေးခဲ့ရပြီတဲ့ မပေးရင်နိုင်လို့ အရိုက်ခံရတဲ့ သူတောင်ရှိကြောင်း ပြောပြတော့ ရင်မောတာ သာအဖတ်တင်ပြီး အကူအညီမပေးနိုင်ခဲ့။ သြော်… ပြည်သူလူထု အသက်အိုးအိမ်စည်စိမ်ကို ကာကွယ်မယ် ဆိုတဲ့စစ်သားတွေ…. သံမှုန်စား .. ယောကျာ်းကြီး လုံးလုံးတွေဟာ အခုတော့ ပြည်သူကို ညှင်းပမ်းလုယက် နေပါလျော့လား။

ရွှေမြဉ္ဇူ ဘုရားဖူး
အင်းတော်ကြီး အိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းပိတ် ရေအိုင်ကြီးဖြစ်သည် အလျား(၁၄)မိုင် အနံ(ရ)မိုင်ရှိ၍ ကျယ်ဝန်လှသော ရေအိုင်ကြီးဖြစ်သည်။ ရေပြင်ကြီးကလည်း ကျယ်ဝန်းလှသည့် အလျောက် ကြည်လင်ပြီး စိမ်းညှိ့နေတဲ့ရေပြင် အောက်ရေညှိတွေ ရေမှော်ပင်တွေကိုပင် တွေ့ နေရသည်။ ကျနော်တို့ စက်လှေ တနာရီကျော်ကျော် ခုတ်မောင်းပြီး ရေလယ်တွင်ရှိနေသည့် တန်ခိုးကြီး သမိုင်း ရွှေမြဉ္ဖူ ဘုရားသို့ ရောက်ရှိလာကြသည်။ ရေလယ်ဘုရားကို ရောက်တာနဲ့ ခရီးသွားများသည် လမ်းကြုံ၍ ဘုရားဖူးကြသူက များသည် ထိုဘုရား၏ထူးခြားချက်က တပေါင်းလဆန်း(၈)ရက် ရောက်တိုင်း တနှစ်တခါ ဘုရားပွဲလုပ်လေ့ရှိသည်။ ဘုရားပွဲကာလ ရောက်လာသည်နှင့် ဘုရားဖူးများလာရောက်ရန် အင်းစောင့်နတ်များမှ ဘုရားနှင့် ကမ်းကို သဲသောင်းထွန်း၍ သဲလမ်းဖောက်ပေးခြင်းပင် ဖြစ်သည်။ ဘုရားပွဲပြီးလျှင် လေကြီးမိုးကြီးရွာ၊ လေမုန်တိုင်းများ တိုက်ကာ ရေထဲမှအမှိုက်သရိုက်များကို ကမ်းသို့ လှိုင်းပုတ်၍ တင်ပေးထားလိုက်သည်၊ အခြားချိန်များတွင် ဘုရားဖူးများ သွားသော သဲသောင်ထွန်းသည့် လမ်းသည် ရေအောက်သို့ ပြန်ရောက် သွားလေ့ရှိသည်။ (န.၀.တ လက်ထက်မှစ၍ ထိုသဲလမ်းကို အုတ်ဖြင့်အသေ သဘာဝကိုဖျက်ဆီးလိုက်ကြ ခြင်းပင်ဖြစ်သည်) ကျနော်လည်း ပထမဦးဆုံး ဖူးမျှော်ခွင့်ရခြင်းဖြစ်သည် ဘုရားတွင် အလှူငွေထည့်ဝင်ပြီး စက်လှေပေါ်တွင် ထိုင်စောင့်နေသည်။ ခရီးသည်များသည် ဘုရားဖူး၍ ပြီးသောအခါ ကျနော်တို့ စက်လှေပြန်ထွက်ခဲ့သည်။ ထိုစဉ် န.၀.တ စစ်တပ်မှ ချောဆွဲပြီး ထွက်လာသော စက်လှေ တစီးကိုကျနော်တို့ လှမ်းမြင်လိုက်ရသေးသည်။

ပန်ချာပီ သာမက လူမျိုးစုံပါဝင်တဲ့ ကျောင်းသားတပ်မတော်

ကျနော်တို့ စက်လှေခရီးဆက်လာခဲ့ရာ နံနက်(၁၀)နာရီလောက်တွင် လုံးတုံ စက်လှေဆိပ်သို့ ဆိုက်ကပ်လာသည်။ ကျနော်တို့အဖွဲ့ ကားဖြင့် ခရီးဆက်ဦးမည် ကားဂိတ်တွင် သွားရောက်စုံစမ်းရာ ကားထွက်ဖို့ နာရီဝက်ခန့် အချိန်ရှိသေးသည် ပစ္စည်းများကို ကားပေါ်တွင်တင်ပြီး၊ ကျနော်တို့ ရွာထဲသို့ ၀င်လည်ရန် လေးယောက်သား ထွက်လာခဲ့ကြသည်။ ရွာထဲတွင်လူတယောက် မောင်းတီး၍ အော်နေသည် “ဟော့ဒီဖက်က… ဟော့ဒီဖက်က မကြားမရှိနဲ့ လုံးတုံတပ်စခန်းကို … လုံးတုံတပ်စခန်းကို တအိမ်တရာ ညှောင့်….? ? နှစ်မိနစ်ခန့်ကြာပြီးမှ မနက်ဖြန် အရောက်ပို့ပေးရမည်တဲ့” ကျနော်တို့ တယောက်ကို တယောက်ကြည့်ပြီး အားရပါးရရီ ဖြစ်ကြသည်။ ထိုဒေသတွင် စစ်တပ်မှ ရွာကို လုပ်အားပေး ခိုင်းစေမှုများ အမြဲရှိသော ဒေသများဖြစ်သည် လုံးတုံစစ်တပ်မှ သူတို့ တပ်ဝန်းခြံကာရန် ၀ါးဖြင့်လုပ်ထားသော ၀ါးငြှောင့် များကို ရွာမှလုပ်ပေးရန် ဆင့်ခေါ်ခြင်း ဖြစ်သည်။ ကျနော်လမ်းလျှောက်ရင်း နာရီကိုကြည့်လိုက်သည် ကားထွက်(၇)မိနစ်ခန့် လိုတော့သည်။ ထိုကြောင့်ကျနော်တို့ ကားဂိတ်သို့ ပြန်လာခဲ့ ကြတော့သည်။

ကားဖြင့် ခရီးဆက်ကြပြီ

ကားဆိုတာ အမိုးဖွင့် ဒုတိယကမ္ဘာစစ်လက်ကျန် ဂျစ်ကားတွေ လိုင်းပြေးနေကြခြင်း ဖြစ်သည်၊ မြေကြီးလမ်းအတိုင်း ကားသွားလျှင် ဖုံလုံးကြီးတွေက လှိုင်းလုံသဖွယ် ကားကိုဖုံးလွှမ်းကာ လိုက်ပါလာသော ခရီးသည်များ အချင်းချင်းကြည့် လိုက်တော့ တကိုယ်လုံး ဖြူဖွေးပြီး မျောက်ဖြူများကဲ့သို့ ဖြစ်နေကြသည်။ ကျနော်တို့ စီးလာသောကားသည် နမ့်မွန်း သို့ဦးတည်သွားနေသည်။ ညနေ(၃)နာရီလောက်တွင် ကျနော်တို့ ကားလေးနတ်မွန်း သို့ရောက်သည်နှင့် ခရီးသည်တချို့ ဆင်းပြီး ကားလေးသည် ကွေ့ပတ်နေသော နမ့်မွန်းတောင်တက်လမ်းကို ဒုတိယကမ္ဘာစစ် လက်ကျန်အားဖြင့် ကျိုးစားပြီးရုန်းတက်ခဲ့သည်။ နမ့်မွန်းတောင်ထိပ် ရောက်သည်ဆိုရင်ပဲ ဟိုပင်မြို့လေးကို လှမ်းမြင်ရပြီ ကားဆရာသည် ကွေ့ပတ်နေသောလမ်းကို ဂရုစိုက်မောင်းနေသည် ဤလမ်းသည် အန္တရာယ်များသောလမ်းဖြစ်သည် ကားခဏခဏ မှောက်သောလမ်းဖြစ်သည် ကျနော်တို့ကားသည် ဟိုပင် အဝင် ခလရ(၄၀) ဂိတ်မရောက်ခင် ခရီးသည်နှစ်ဦးဆင်းသွားသည်၊ ဂိတ်ရောက်တော့ ကားဆရာကို တပ်ကြပ်ကြီးကဆီးဟောက်သည် “မင်းတို့ ခရီးသည်တွေကိုဂိတ်မှာပဲ ဆင်းခိုင်းလို့ ပြောထားတာ မသိဘူးလား ဟိုတခါလည်း ဆံပင်ရှည်ရှည်နဲ့ ကောင်တွေဆင်းသွားလို့ သူပုန်တွေဆိုပြီး ငါတို့ လိုက်ရှင်းရပြီးပြီတဲ့” ဩော် … သူပုန်ဆိုတာ ဆံရှည်ရှည်နဲ့ တဲ့လား ကျနော်ကြိတ်၍ ရီနေမိသည်။ ကျနော်တို့သည် ဟိုပင်ရောက်တော့ မိုးကချူပ် နေပြီဖြစ်သည်။ မိန်းကလေးနှစ်ယောက်သည် သူတို့တည်းခိုးမည့် အိမ်ကိုပြောသွားသည်။ ကျနော်တို့လည်းတည်းမည့် အိမ်ရောက်တာနှင့် မိန်းကလေးနှစ်ယောက် တည်းသည်နေရာသို့ လိုက်သွားပြီး ကျနော်တို့ ပစ္စည်းတွေသွားယူကြသည်(အမ် ၂၀)သေနတ်နဲ့ စကားပြောစက်တလုံး၊ တီအမ်တီယမ်း တချောင်းသူတို့ နှစ်ယောက်နောက်ရက်ဆို မိုးညှင်းကို ဆက်သွားမည် သူတို့က မိုးညှင်းသူများဖြစ်ကြသည်။ ကျနော်တို့ ပစ္စည်းများကိုယူပြီး တည်းမည့်အိမ်တွင် အပ်နှံ၍ ထိုညက စိတ်ချလက်ချ အိပ်လိုက်ပါတော့သည်။

အချိတ်အဆက်မိပြီ

မိုးလင်းတော့ ကျနော်တို့ မြို့ထဲရှိ အထိုင်ရဲဘော်တယောက် ရောက်လာသည် ရဲဘော်တူးတူးတို့အဖွဲ့ လည်းရောက် နေကြပြီဖြစ်သည် ကျနော်ရဲဘော်နိုင်ဦး၊ ရဲဘော်တူးတူးတို့နှင့် သွားတွေ့သည် သူတို့ကိုအရင် တက်နိုင်အောင်စီစဉ်သည် သူတို့အဖွဲ့ လူများသည်။ နောက်တရက်မှာ ရဲဘော်တူးတူးတို့ ဟိုပင်ပို့(စ်) သို့စထွက်ပြီး အတွင်းရေးမှူးရဲဘော်မျိုးဝင်းတိုအဖွဲ့ လာကြိုသွားသည်ဟု သတင်းကြားလိုက်သည်။ နောက်တရက် သတင်းတခုထပ်ကြားပြန်သည် အတွင်းရေးမှူးမျိုးဝင်းတို့အဖွဲ့ ရောက်တာကြားလို့ န.၀.တ စစ်ကြောင်းလိုက် ပိတ်နေပြီးတဲ့ ကျနော်တို့ ဟိုပင်ပို့(စ်)ကို တက်မရတော့။ နမ္မားဖက်မှ ရဲဘော်တယောက် ရောက်လာသည် နမ္မားပို့(စ်)ကိုတက်လာဖို့ညွှန်ကြားချက် ပါလာသည်။ မိုးညှင်းပို့(စ်)မှာ ရဲဘော်အောင်ရဲစိုး ဦးဆောင်တဲ့ တပ်ခွဲတခွဲရှိသည်။ မြေနုတွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စုတစုရှိသည်။ မြို့တွေရဲ့ပါတ်ပါတ်လည်မှာ ကျနော်တို့ ကျောင်းသားတပ်မတော်တွေ ရှိနေကြပြီ။ နမ္မားကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လာဖို့ စကားပြောစက်ကိုတော့ ယူသွားရသည်။ ရဲဘော်ဝင်းရွှေကို လူလွတ် ရထားနဲ့သွားစေပြီး။ ကျနော်ကတော့ သူငယ်ချင်းတယောက်အား အကူညီတောင်း၍ မော်တော်ဆိုင်ကယ်နှင့် နမ္မားကို သွားရန်စီစဉ်သည်။ ကျနော့်ရဲ့စွန်မှုတွေကမပြီးသေးပါ ဟိုပင်၊ နမ္မားကားလမ်း တလျှောက်ဖြတ်သွားရမည့် စစ်တပ်ဂိတ်တွေက နည်းနည်းနောနောတော့ မဟုတ် ပျားပန်းခပ်မျှလို့ နေမလားပင် “ကျနော်မကြောက်ပါ” ပါတ်ပါတ်လည်တွင်လည်း ကျနော်တို့ ကျောင်းသားတပ်မတော် တွေရှိနေသည် မဟုတ်ပါလား။

ဟိုပင်မှ နမ္မားဆီသို့

ကျနော့်သူငယ်ချင်းက ဟွန်ဒါဆိုင်ကယ်လေးကို ဆီဖြည့်ပြီး ကျနော်ဆီကို ရောက်လာသည်။ သေနတ်ကိုတော့ သူ့ကိုယ်မှာ မထည့်ရဲကြောင်း ပြောလာသည်။ စစ်တပ်ဂိတ်တိုင်းတွင် လက်မှတ်က ဆင်းထိုးရအုံးမယ်။ အိုကေ ဒါဆို ငါဆံပင်ညှပ်ချင်တယ် ငါ့ကိုလိုက်ပို့ဟု ပြောလိုက်ပြီး ဆံပင်ညှပ်ဆိုင်ကို ထွက်လာခဲ့သည်။ ဆံပင်ကို တိုတိုညှပ် ခေါင်းလိမ်းဆီလိမ်းလိုက်ပြီး ကေကိုကျော့နေအောင် ဖီးလိုက်သည်။ ပြီးမှကျနော်တို့ သေနတ်ထားသော နေရာသို့ သွားကြသည်။ ပစ္စည်းများကို သေချာစွာစစ်ဆေးသည်။ “ဂျလောက်” ဆိုတဲ့အသံ ထွက်ပေါ်လာသည်၊ သေနတ်မောင်းကို ကျနော်ဆွဲတင်လိုက်သည်။ သေနတ်ထဲကျဉ်ဆံ အပြည့်ရှိနေသည်၊ ကျဉ်ကဒ် အပိုနှစ်ကဒ်ပါသေးသည်။ ကျနော်၏သေနတ်မှာလည်း ရန်သူကိုဇီဝိန်ချွေဘို့ အသင့်ရှိနေပြီး။ သေနတ်ကို ခါးတွင်ထိုး၍ ဆိုင်ကယ်ကို ကျနော်မောင်းထွက်လာသည်။ ကားတစီးပေါ်တွင် ထိုင်နေသော စစ်တပ်က သုံးပွင့်ဗိုလ်က ကျနော့်ကိုသေချာချာ ကြည့်နေသည် ကျနော်ဂရုမစိုက်ပါ သူကြည့်နေခြင်းမှာ သူတို့ အထက်အရာရှိတယောက်ယောက် ထင်၍ကြည့်နေခြင်း ဖြစ်မည်ထင်သည်။ တီအမ်တီနဲ့ သေနတ်ခါးတွင် ထိုးကာ ဆက်ထွက်လာခဲ့သည် ဂိတ်ရောက်လျှင် ကျနော့်သူငယ်ချင်း ဆင်း၍လက်မှတ်ထိုးသည် ကျနော်က ဆိုင်ကယ်ပေါ်အသင့်အနေအထား ဖြင့်စောင့်ဆိုင်းလျှက် ရန်သူရဲ့နောက်တန်းဂိတ် တွေရဲ့အကြောင်းကို ကျနော်သိပြီးဖြစ်သည် နောက်တန်းတွင် ကိုင်သောသူတို့ သေနတ်များသည် မောင်းမပြန် တတောင့်လောက်သာ ထွက်သော သေနတ်များဖြစ်သည်။ ကျနော်၏သေနတ်ကမူတရုတ်လုပ်အသစ်စက်စက် ဒီလိုနဲ့ ကျနော်တို့သည် ဂိတ်များတွင် လက်ထိုးပြီးလာခဲ့တာ နမ္မားသို့ ဘာမှအခက်ခဲ မဖြစ်ပဲရောက်လာကြသည်။

လိင်မခွဲခြားပဲ တန်းတူရည်တူ နိုင်ငံအတွက် ကျိုးပမ်းကြတယ်

ရောက်သည်နှင့် ကျနော့်သူငယ်ချင်းမှာ ဟိုပင်သို့ ပြန်ခေါက်သွားသည်။ ကျနော်တို့ အထိုင်လူများက ကျနော်ကို နေရာချထားသည်။ ရထားနဲ့ လာသောရဲဘော်ဝင်းရွှေလည်း ရောက်နှင့်နေပြီ သုံးရက်မြောက်ညတွင် ကျနော်တို့ကို လာကြိုမည့်သူ ရောက်လာသည် ညတွင်းချင်းထွက်ကြသည်။ ကျနော်တို့နှင့် အတူ “မနှောင်း”(ယခု အမျိုးသမီးမျာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မနန်းယဉ်)တို့ သူငယ်ချင်းသုံးယောက်ပါ လိုက်လာသည် သူတို့က အတွင်းပိုင်း မြေအောက်လုပ်ငန်းများအတွက် တာဝန်ယူထားသူများ ဖြစ်သည်။ အတွင်းရေးမှူး ကိုမျိုးဝင်းနှင့် လုပ်ငန်းတချို့ ညှိနိုင်းရန်ဖြစ်သည်။ နမ္မား နမ့်စလော် ရွာကိုဖြတ်ပြီး တောစပ်ကို တဟုန်ထိုးတိုးဝင်ခဲ့ကြသလို ကုန်းလေးနဲနဲ ဦးမော့တက်ပြီးသည်နှင့် ရဲဘော်ထွန်းလွင်ဦးဆောင်သော ရှေ့ထွက်ကင်းကို ရောက်ခဲ့ကြသည်။ အခုကျနော်တို့ ရောက်နေတာ မြေနု ပို့(စ်)တဲ့။ အဲဒီအချိန်ကြမှ တယောက်နဲ့ တယောက် ဖက်လှဲတကင်း စကားတွေပြောပြီး လက်ဆွဲနှုတ်ဆက်ကြသည်။ ကျနော်စိတ်များ လန်းဆန်း ပေါ့ပါးသွားသည်။ ကျနော်တို့ ဂွင်ထဲရောက်နေပြီကိုး၊ ကျနော်၏ ရန်သူကြားတွင် စွန့်စားရသောခရီးစဉ်သည် အခုတော့ပြီးဆုံးသွားလေပြီ။

ဒါပေမဲ့ ခရီးတော့ဆက်ကြရဦးမည်… ဌာနချုပ်ရှိရာသို့၊ သို့ပေမဲ့ တိုင်းပြည်ကံကြမ္မာကတော့ “လ” ငပုတ်ဖမ်းနေတာ ဆယ်စုနှစ် နှစ်ခုတိုင် ရှိခဲ့လည်း မြောက်ပြန်လေနှင့် အတူသယ်ဆောင်လာမဲ့ လွတ်မြောက်မှုအစုစုကို တို့ပြည်သူတွေ ငံ့လင့်လို့ နေကြတော့မယ်လေ …. အို…အသင် သန်းခေါင်ယံမှ နိုးထလို့ အရုဏ်ဦးဆီ တို့အတူ လာသွားကြစို့။

ဥတ္တရ ယဉ်စွန်းတန်းက ခွပ်ဒေါင်းတို့ရဲ့ မာန်ဟုန်ဝင့်သံ 1


အချိန်ကား ၁၉၉၂ သြဂုတ်လ (၈)ရက်နေ့၊ ၈လေးလုံး ပြည်လုံးကျွတ် အုံကြွမှုကြီး အပြီး လေးနှစ်မြောက်ပေါ့၊ ကျောင်းသားတပ်မတော် မြောက်ပိုင်းဗဟိုဌာနချုပ် ရှိရာ ပါဂျောင်ဒေသ၊ လိုင်စင်ဘွန်း၊ ဒေါင်းမိခင် ခမ်းမမှာ (၈)လေးလုံး နှစ်ပါတ်လည် အခမ်းအနားကျင်းပ နေချိန်မှာ။

ကျနော်သည် ထိုအခမ်းအနား ကျင်းပရာ ဒေါင်းမိခင် ခမ်းမ၏ ထေါင့်တနေရာတွင် မလှုပ်မယှက် ငုတ်တုတ်ထိုင်နေလျှက်။ တော်လှန်ရေး အဖွဲ့အသီးသီးမှ ဧည့်သည်တော်များ နေရာယူပြီးကြသော အခါ အခမ်းနားမှူးမှ ခွပ်ဒေါင်း အလံတော် အလေးပြုရန် အားလုံး မတ်တတ်ရပ်ပေးကြပါ ခင်ဗျားဟု စကားသံ ထွက်ပေါ်လာသည်နှင့် ခမ်းမထဲတွင်ရှိနေသော သူများအားလုံး ကမန်းကတန်း မတ်တတ်ထရပ်ကြသည်။ ထိုအစဉ် အခန်းနားမှူးမှ “ အားလုံးးးးးးးးးးးးးးးးသတိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော် အား အလေးးးးးးးးးပြု။ နေမြဲ……။ ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား ဦးညွှတ်အလေးးးးးးးးးးးးးပြု” ။ ဟုကြားရသည်နှင့် ကျနော့်ရင်ထဲ၌ ခံစားမှု တစုံတရာ ဖြစ်ပေါ်လာပြီး အတွေးပုံရိပ် အပိုင်းအစများသည် ဟိုအဝေး တနေရာဆီသို့ ခေါ်ဆောင်သွားသည့် နှယ် စိတ်လေတံခွန် လွှင့်လျက်…..လွင့်လျက်။



၁၉၉၂ခုနှစ်က ကျောင်းသားတပ်မတော်(မြောက်ပိုင်း -ဗဟို) မှ ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား

သဘာဝတရားမှာ အရုဏ်အလင်း ရောက်ယင် တောရဲ့ သဘာဝအတိုင်း ကျေးငှက်တို့လည်း အိပ်တန်းမှ နိုးးထ ပြည့်ဝတဲ့ အင်အားတွေနဲ့ အနာဂါတ်တခုအတွက် မနက်ဖြန်များစွာကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့  မြည်တွန်မြူးတူး အားဖြည့်နေကြလေပြီ ။


လက်ရေတပြင်တည်း

ကျနော်သည် ခရီးပမ်းလာ၍လား မသိအိပ်ပျော်သွားသည်မှာ တုန်းကနဲ အသိချပ်တဲ့ အချိန်မတော့ ကျေးငှက်တွေရဲ့ အသံများသည် သံစဉ်မျိုးစုံဖြင့် ကျနော်အား ကလူဤသို့ မြူဤသို့ နိုးထရန် လာရောက် အချက်ပြနေလေပြီ။ ကျနော်မျက်လုံး အစုံကို ဖွင့်ကြည့်လိုက်တော့ စိမ်းလန်းတဲ့တောအုပ် ကြီးထဲ ကျေးငှက်တို့ လှုပ်ရှားနေကြသလို ကျနော်တို့ ရဲဘော်တွေလည်း လှုပ်ရှားနေကြရသည်။ ကျနော့်မျက်စိရှေ့ တည့်တည့်က ရဲဘော်တယောက်သည် သစ်ရွက်များပေါ်တွင် ခင်းထားသော ထမင်းစား မိုးကာ (၂ပေ ၃ပေခန့် ဖြန့်ခင်းထား သောမိုးကားငယ်) ပေါ်သို့ ဟန်းကောထဲမှ ထမင်းများကိုခူး၍ ပုံနေသည်။ ထမင်းကို ဘယ်အချိန်က ချက်လိုက်သည် ကျနော်မသိ ထို့ကြောင့် သိလိုဇောနဲ့ “ အငယ်လေး ထမင်း ဘယ်တုန်းက ချက်လိုက်တာလဲ ” " မနက်လေးနာရီက ထချက်တာ၊ မိုလင်းလာယင် မီးခိုး ရန်သူ မြင်မှာစိုးလို့ ” ဟု ကျနော့်အား ရှင်းပြပြီး ဟန်းကော(စစ်သုံး ထမင်းဘူး) အလွတ်များကို ဆေးကြောရန် ကျောက်ချောင်းလေးရှိရာသို့ ဆင်းသွားလိုက်တော့သည်။ ခဏအကြာတွင် ဟန်ကောအလွတ်များတွင် ရေခတ်လာပြီးသူတို့ တပ်စိတ်ထမင်းစားရန် လှမ်းခေါ်၍ ကျနော့်အား ထမင်းစားရန် လာခေါ်သည်။ ကျနော်လည်းမျက်နှာကို မြန်မြန်သစ်ပြီး ထမင်းစားဝိုင်းထဲသို့ ၀င်လိုက်သည်၊ ထမင်း၏ အလယ်တွင် ဟန်းကောအဖုံးများနှင့် ထည့်ထားသော ဟင်းနှစ်မျိုးကိုသာ တွေ့လိုက်ရသည် ဟင်းပျင်းလှော် နဲ့ ဟင်းပျင်း ဟင်းချိုရည်(ဟင်းပျင်း ဆိုသည်မှာ ကချင်ပြည်နယ်မှာသာ ရှိသော ဟင်းရွက်တမျိုးသာ) သူတို့ တပ်စိတ်တွင်(၆)ယောက်သာရှိသည် ရှေ့တန်းတပ်စိတ်များကို များသောအားဖြင့်(၅ယောက်၊၆ယောက်) သာ စုဖွဲ့ကြသည်။ တိုက်ပွဲက များသည်ဖြစ်လျှင် တနိုင်တပိုင် စီမံကွတ်ကဲနိုင်သည်။ ကင်းစောင့်နေသော ရဲဘော်တယောက်အတွက် ထမင်းနဲ့ ဟင်းကိုခွဲထားပေး၍ ကျနော်နှင့် ကျနှ်(၆)ယောက် ထမင်းဆက်စားကြသည် ။ လက်ရေ တပြင်တည်း ဆိုသော ရှေးထုံးစကားသည် ကျနော်တို့ တော်လှန်ရေးသမားတွေ အတွက် ရေးထားလေသလား မသိခဲ့ပါချေ။

ထမင်းစား မိုးကာနဲနဲမြင့်တဲ့ နေရာမှာ ရဲဘော်က ဟင်းရည်ကို လောင်းချလိုက်ရင် မိုးကာအနိမ့်ပိုင်းတွင် စားနေသောရဲဘော်များမှာ ဟင်းချိုရည်ကို ထပ်ထည့်စရာ မလိုတော့ပဲ စီးလာသော ဟင်းချိုရည်ကို ရွံရှာမှု အလျဉ်းမရှိဘဲ လက်ရည်တပြင်ထဲ စားသောက်ကြရသည်။ ကျောင်းသားရဲဘော်များသည် ဖြူစင်တဲ့ စိတ်ဓါတ်၊ ရိုးသားမှု အရင်းခံ ၊အာဏာရှင်ကို တော်လှန်လိုသော စိတ်တို့ကို အခြေတည်ကာ ညီရင်းအကိုပမာ အသက်ကိုပေး၍ ချစ်ကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ဟင်းပျင်းလှော်ထဲတွင် ကျောက်ချောင်းမှ ကျောက်ပုဇွန်လုံးလေးတွေ ပါနေသဖြင့် ဟင်းပျင်း၏ အချိုဓါတ် ပုဇွန်လုံးများရဲ့ အချိုဓါတ်တွေ ပေါင်းစပ်လိုက်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးဟင်းလျာသည် ကြယ်ငါးပွင့်ဟော်တယ်တွင် မှာစားရသည့် (၁၂)မျိုးဟင်းချိုအလား အရသာရှိရှိနှင့် မြိန်ရည်ရှက်ရည် စားလိုက်ကြသည်။ (၅)မိနစ်အတွင်း အလယ်တွင် ပုံထားသော ထမင်းပုံကြီးမှာ ကျနော့်မျက်စိရှေ့အောက်က ပျောက်ကွယ် သွားတော့သည်။ ထမင်းစားပြီးသော် အခါတွင် ရဲဘော်များသည် သူ့နေရာကိုယ့်နေရာတွင် ပစ္စည်းများကို သိမ်းထုပ်ပြီး ကျောပိုးအိတ်ကို မှီကာခွဲတမ်းကျ ဝေထားသော ဆေးမှုန့်ထုပ် (သတင်းစာနှင့် လိပ်သောက်ရသော ဗာဂျီးနီးယားဆေး)ကို ထုတ်၍ လိပ်သောက်ကာ ထမင်းလုံးစီကြသည်။ ဤသည်ကား စနစ်ဆိုးတခုကို တော်လှန်နေတဲ့ တော်လှန်ရေးသမားတို့၏ လောကစည်းစိမ် မဟုတ်ပါလား။ တောထဲတွင် ခြင်ကိုက် ဖြုတ်ကိုက် ဒဏ်ခံနိုင်အောင် သောက်ရင်း ဆေးလိပ် မသောက်တတ်သော ရဲဘော်လည်း ဆေးလိပ်စွဲသွားတတ်ကြသည်။ ထမင်းစားပြီး ဆေးလိပ်တလိပ်ကို သောက်ရင်း ကျနော် စဉ်းစားနေမိသည် ဖိနှိပ်မှုတိုင်းကို တွန်းလှန်ဘို့ ကျနော်တို့ ကျောင်းသားတွေ နိုင်ငံအတွက် ဓါးစာခံ ဖြစ်ပေါ်လာ ရသလားမသိxxx ပေးဆပ်မှုတွေက မကုန်နိုင်သေး စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကလည်း ဒုနဲ့ဒေး များလှသည်။ ပထမတော့ ……

မိသားစုကိုစွန့် xxxxxx
စာသင်ခန်းကိုစွန့် xxxxxx
မြို့ပြကိုစွန့် xxxxxx
မိဘကိုစွန့် xxxxxx
ချစ်သူကိုစွန့် xxxxxxx
လ္ဘက်ရည်ဆိုင်ကိုစွန့် xxxxxxxx
အားလုံးကိုစွန့်လွှတ်ပြီး

ကြမ်းတမ်းတဲ့
ခရီးကြမ်းမှာ
သေနတ်ကိုကိုင်
ဦးတည်ချက်ကို
မယိုင်လဲရအောင်
ငှက်ဖျားနဲ့စစ်ခင်း
သေမင်းကိုစိန်ခေါ်
အစားဆင်းရဲ
အနေဆင်းရဲ
စိတ်ဆင်းရဲ
ဆင်းရဲမှုတွေ အစုစုနဲ့
ပြည်သူလူထု အာဏာရှင်လက်အောက်မှ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေ သူတွေပါလားဟု စဉ်းစားနေမိသည်။

ဆေးလိပ်တလိပ်ခန့် အကုန်တွင် ရဲဘော်တယောက်ရောက် လာကာ ကျနော့်အား အတွင်းရေးမှူး ကိုမျိုးဝင်း ခေါ်ခိုင်းသည်ဟု သတိဆွဲ၍ သတင်းလာပို့သည်။ ကျနော်လည်းထလိုက်သွားကာ အမ် (၂၀) သေနတ်အတိုကို အပ်ပြီး သေနတ်အရှည်တလက် ပြန်ထုတ်ပေးသည် ပြီးတော့မှ ကိုမျိုးဝင်းက “ ငါတို့ ခရီးဆက်ထွက်ရမယ် အစည်းဝေးတခု လုပ်ဘို့ ရှိတယ် စစ်တပ်ကတော့ ညစ်ပတ်ပြန်ပြီဟေ့ ! ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲတဲ့ အပြင် လွှတ်တော် ကိုယ်စာလှယ်တချို့ကို လိုက်ဖမ်းလို့ တချိုလည်း တောခိုကုန်ပြီ။ အခုရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ ငါတို့ ဘာတွေ ဆက်လုပ်မယ်ဆိုတာ အစည်းဝေးဆက်ထိုင်မယ် ဟုရှင်းပြသည် ” ပြီးတော့မှ သူ့လက်ကို သူစိုက်ကြည့်ပြီး “ ငါ့လက်က သွေးစွန်းသွားပြီ အဖွဲ့စည်းကို မင်းတို့ပဲဆက် ဦးဆောင်ကြပါဟု ” လေးပင်းစွာ ငြီးတွားသလိုမျိုး ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တော့ ကျနော်သည် သူဘာကို ဆိုလိုနေသည်ကို နားမလည် သူဘာများဆက် ပြောမည်ဟု ငံ့လင့် နားစွင့်နေမိသည်။ စကားတခွန်းမှ ထပ်မထွက်လာတော့ သောကြောင့် သဘောမပေါက်သည့် အလျှောက် ကိုယ့်နေရာကိုယ် ပြန်လာခဲ့တော့သည်။

၎နှစ်မြောက် ၈လေးလုံး အခမ်းအနားသို့ တက်ရောက်လာသော KIA မှ ဗိုလ်မှူးပန်းအောင် နှင့် မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ဥက္ကဋ္ဌ ကိုအောင်နိုင်

သေကံမရောက်အသက်မပျောက်
ထိုစခန်းလေးတွင် ကျနော်တို့ တပါတ်ခန့် နေခဲ့ရသည်။ ကျနော်ရောက်ပြီး နောက်တရက်တွင် ကိုမျိုးဝင်းက ပြန့် (ခေါ်) နမ္မားသို့ ဆင်းသွားသည် သူ့ပြန်အလာကို စောင့်ရင်နဲ့ သေကံမရောက်တဲ့ အကြောင်းလေးတခုကို သွားသတိရမိသည်။ သုံးရက်မြောက်နေ့တွင် စားစရာ ဆန်နည်းလာ၍ ရွာမှဝယ်ထား သောဆန်များကို သွားထမ်းသောအခါ ကျနော်လိုက်သွားသည်၊ လမ်းတွင်ကျနော်တို့၏ ဆလန်ကဘာ (စည်းရုံးရေးမှူး) ဦးစက်အောင်နဲ့ လမ်းတွင်ဆုံကြသည်၊ သူသည် နမ္မားဖက်မှ တက်လာသည် သူ့တွင် နမ္မားတွင် နာမည်ကြီးသည့် မက်စီကျို့(သစ်သီးစိမ်အရက်) ရဲဘော်များ သောက်ရအောင် ပါလာသည်။ ကျနော်လည်း နာမည်ကြီးတဲ့ မက်စိကျို့ကို တခွက်ြမည်းကြည့်လိုက်သည် အရသာတွေ့သွား၍ နောက်တခွက် ထပ်ချလိုက်ပြန်သည်။ အပြန်ခရီးတွင် မက်စီကျို့ အရှိန်လေးနဲ့ ဆန်လေးပြည်အပါအ၀င် သေနတ်ကို ထမ်းခဲ့သည်မှာ ပါလို့ပါမှန်းတောင် မသိ ပေါ့ပါးသွက်လက်၍ လေပေါ်တွင်မြှောက်ကာ မိုက်ကယ်ဂျက်ဆင်ရဲ့ မွန်းဝေါ့ခ် အကထဲကလိုမျိုး ပေါ့ပါးလျှက်ရှိနေသည်။ စခန်းအ၀င်လမ်းကို ကျနော်မမှတ်မိတော့ သတိရလို့ ကြည့်လိုက်သောအခါ အရှေ့ကရဲဘော်တွေလဲ မတွေ့ရ နောက်က ရဲဘော်တွေလည်း မတွေ့တော့ပါ။ ကျနော် လမ်းမှားလာသည်ဟု ချက်ချင်းသိလိုက်သည် လမ်းပြန်ရှာသည် မတွေ့တော့ပါ စခန်းနဲ့ သိပ်မဝေးသေးမှန်းတော့ သိသည်။ တနာရီခန့် ကြိုးစားရှာကြည့်သည် မတွေ့ ဆက်ရှာလျှင် စခန်းနဲ့ ဝေးတော့မည်။ ရောက်တဲ့နေရာမှ သေနတ်တချက် ဖေါက်လိုက်သည်။ (၁၀)မိနစ်ခန့် အကြာတွင် ရဲဘော်နှစ်ယောက် စိုးရိမ်ကြီးစွာဖြင့် လာကြို၍ စခန်းကို ပြန်ရောက်ခဲ့သည်။ စခန်းပါတ်လည်တွင် မိုင်များထောင်ထားကြောင်း ပြောပြီး မိုင်းတာဝန်ယူထားသော ရဲဘော်မှမိုင်းများကို သွားရောက်စစ်ဆေးကြည့်ရာ ကျနော်မိုင်းကြိုးများကို တိုက်ဖြတ်ထားသည်ကို တွေ့ရပြီး မိုင်းခလုပ်နေရာ လျှပ်စီးလိုက်မဲ့ နေရာတွင် ခြတွေ တောင်ဘို့ တည်ထားသောကြောင့် မိုင်းမကွဲဘဲ ကျနော် အသက်ချမ်းသာရာ ရခဲ့ကြောင်း ပြန်ပြောင်းတွေးမိတော့ ကြက်သီးမွေးညင်းများ ထောင်းလမောင်း ထဆဲ။ ခြတွေကယ်လို့ ကျနော်သေကံမရောက် အသက်မပျောက်ခဲ့ရသည်။ သုံးရက်ခန့် စောင့်ပြီးသောအခါ ကိုမျိုးဝင်းနဲ့ ရဲဘော်သုံးယောက် ပြန်ရောက်လာကြသည်။

နောက်တနေ့ မနက်စောစော မြေနုပို့(စ်)တွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စိတ်တစိတ် ချန်၍ ကျနော်တို့ ခရီးဆက်ထွက် ခဲ့ကြသည်။ တနေကုန် ဒေါင်းတောက်အောင် လျှောက်ခဲ့သည် ညနေစောင်းတော့ ကျနော်တို့ ခရီးတထောက်နားမည့် ဟိုပင်ပို့(စ်)ကို ရောက်ခဲ့ကြသည်။

မပစ်သေနတ်နဲ့အမတ်ကြီးများ
ထိုပို့(စ်)တွင် ကျနော်တို့ကို အသင့်စောင့်နေသော ကျနော်တို့ရဲဘော်များနဲ့ မိုးညှင်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မောင်နဲ့ မိုးညှင်းမြို့နယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကြာမြတို့ ကိုပါတွေ့ရသည်။ ဟိုပင်ပို့(စ်)က မြေနုပို့(စ်)နဲ့မတူတဲ့ ဟာတွေကတော့ စခမ်းကို အခိုင်အခန့် ဆောက်ထားသည်ကို တွေ့ရသည်၊ မြေနုပို့(စ်)ကတော့ မြို့နဲ့ နီးလွန်းသောကြောင့် မိုးကာတဲများသာ ထိုး၍နေကြသည်။ နယ်မြေခံရဲဘော်များ နေရာချထားရာတွင် အထုပ်အပိုး များချကာ နားကြသည်။ နောက်တနေ့တွင် ခရီးဆက်မထွက်ပါ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အကြမ်းဖျင်း ဆွေးနွေးကြသည်။ ကေအိုင်အေမှ ပေးထားသော နိုင်းမမ ပစ္စတိုကို ခါးတွင်ချိတ်၍ လွှတ်တော်ကိုယ်စားလှယ်ဦးကြာမြ တက်ကြွနေသည်ကို တွေ့တော့ ရဲဘော်တယောက်က ကျနော့်ကိုလာပြောသည်။ “ ဆရာမပစ် သေနတ် မြင်ဘူးလားတဲ့ ” ကျနော်က “ တို့ ကချင်ပြည်နယ်မှာ မခုတ်ဒါးနဲ့ မထိုးလှံပဲ ကြားဖူးပါတယ် အဲဒါက ကချင်တွေ မိန်းမတောင်းရင် လိုတယ်လေလို့ ” ပြောတယ်၊ မပစ်သေနတ်ကို မြင်ဘူးချင်ရင် ဟောမှာ ကြည့်ဟုဆိုကာ ဦးကြာမြခါးက သေနတ်ကို လက်ညှိုးထိုးပြသည်။ သူ့သေနတ် ပစ်ရင်မထွက်ဘူး ခါးမှာချိတ်ထားတဲ့ သေနတ်ဆိုပြီး ဦးကြာမြ မကြားအောင် ပြောပြီး ကြိတ်ရယ်ကြသည်။ ရဲဘော်များသည် တောထဲတွင် ပျော်စရာဆိုတာ မရှိ၍ ကြံဖန်ပြီးပျော်ကြရသည်။ အပျော်အပျက်အဖြစ်သာ နောက် ကြသည် ပြည်သူက တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်တွေကို အသက်ပေး ကာကွယ်ရမည်ဆိုတာ ပြည်သူ့အတွက် တော်လှန်ရေးလုပ်နေသော ကျောင်းသားရဲဘော်တိုင်း၏ စိတ်ထဲတွင် နှလုံးသွင်းပြီးသား ဖြစ်သည်။
ကျနော်သည် တနေ့တာရဲ့ အချိန်တွေကို မတွေ့တာကြာ ပြီဖြစ်တဲ့ ရဲဘော်တချို့နဲ့ ရောက်တတ်ရာရာ စကားပြောခြင်းဖြင့် အချိန်ကာလက နိုင်င်ငံရေးအရ ကြီးမားသောကာလဟု ပြောလျှင်ရနိုင်သည်။ ပြည်သူ လူထု၏ နိုင်ငံရေးရေချိန် အမြင့်ဆုံးကိုရောက်နေသည်။ အာဏာရူးတဲ့ စစ်အုပ်စုက လူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားနေပြီ။ ကျနော်တို့ တော်လှန်ရေးသမား တွေကလည်း အာဏာရှင် သက်ဆိုးမရှည်ရအောင် နိုင်ငံရေး/စစ်ရေး ထိုးစစ်များ ကိုပြင်ဆင်ကြရန် ဖြစ်ပေတော့သည်။

ခရီးစပြီ
နောက်ရက်တွင်ကျနော်တို့အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များလူစုခွဲ၊ စစ်ကြောင်းများခွဲ၍ ကေအိုင်အေနည်းဗျူဟာအမှတ်(၄)သို့ စတင်ချီတက်ကြသည်။ နိုင်ငံရေး/စစ်ရေး ထိုးစစ်များပြင်ရန် ကျနော်တို့ကျောင်းသား (ABSDF) ၊ အန်အယ်ဒီ(NLD)၊ ကေအိုင်အေ(KIA) သုံးဖွဲ့ပေါင်းကာ သုံးပွင့်ပူးပေါင်း စစ်ဆင်ရေးကို စတင်နေပြီ(သ.ပ.စ.က) ထိုအစည်းဝေးလုပ်ရန် ရှေ့တန်းအသီးသီးတွင် ရောက်နေကြသော သုံးဖွဲ့စလုံး၏ စည်းရုံးရေးမှုများ၊ တပ်တွေကို ကေအိုင်အေ နည်းဗျူဟာ အမှတ်(၄)တွင် လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကြရန်ဖြစ်သည်။ ထိုအစည်းဝေးသို့( ABSDF) နိုင်ငံရေးမှုနဲ့ စည်းရုံးရေးမှုများသာ တက်ရောက်ရန်နှင့် တိုက်ခိုက်ရေး တပ်တွေကိုတော့မြို့နဲ့ အနီးဆုံးတွင် ကပ်ထားရန် ကိုမျိုးဝင်းမှ ညွှန်ကြား ချက်ပေးထားသည်။



မောင်မောင်ခင်(ရမ်ဘို) လဲ စစ်သားကြီးလုံးလုံး ပေမဲ့ ဘုရား၊ တရားတော့ မမေ့ပါ

ငှက်တွေကကျီစယ်လေသလား
ကျနော်တို့တွင် တိုက်ခိုက်ရေးတပ် အင်အားများများစားစား မပါလာပါ။ အတွင်းရေးမှူးကိုမျိုးဝင်းရဲ့ လုံခြုံရေးတပ်စိတ် တစိတ်နဲ့ ရဲဘော်နိုင်ဦးနဲ့ ရဲဘော်ခွက်ကြီးတို့ ဦးဆောင်တဲ့ရဲဘော်သစ် တပ်စိတ်တစိတ် စုစုပေါင်းဖွဲ့စည်းပုံ မပြည့်တဲ့တပ်စိတ် နှစ်စိတ်သာဖြစ်သည်။ ထိုလမ်းကြောင်းများမှာ ရန်သူ၏ထိုးစစ်ဆင်သည့် စစ်ကြောင်းများ မရှိသဖြင့် လုံခြုံရေးတပ်များကို မခေါ်လာခြင်းဖြစ်သည်။ ရန်သူရဲ့ ထိုးစစ်မရှိပေမဲ့ ကျနော်တို့ကို တိုက်ခိုက်နေတဲ့ အမြဲတမ်း ရန်သူကတော့ရှိနေသည်။ ဒေသတခုတခုတွင် တမင်းတမူ ကြီးစိုးနေကြတဲ့ ငှက်ဖျားဖြစ်သည်။ ငှက်ဖျားသည် ဒေသတခုနဲ့ တခုမတူကြပါ။ သံလမ်းရိုးငှက်ဖျားသည် ကျနော့်အတွက် အသစ်အဆန်း မဟုတ်ပေးမဲ့ ဖားကန့်ဒေသတွင် တနှစ်ကျော်ကျော် နေလာသောကြောင့် သံလမ်းရိုးငှက်က သူစိမ်းဆန်ဆန်ဖြစ်ခဲ့ ရပြီပေါ့။ အခုတော့ သံလမ်းရိုးငှက်က ကျနော့်ကိုလာ ကျီစယ်နေကြပြီ ။ နားနားနေနေ လျှောက်ခဲ့ကြသော်လည်း ညကင်းစောင့်ကတော့ စောင့်ရသည် မည်မျှပင် အေးဆေးတယ်ပြောပြော တော်လှန်ရေး သတိဆိုတာ ကျနော်တို့မှာ အမြဲရှိကြရသည်၊ ညကင်းစောင့်၍ အိပ်ရေးပျက်လျှင် ငှက်ဖျားက၀င် သည်။ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲနေကြတဲ့ တော်လှန်ရေးသမားတွေမှာ ငှက်ဖျားဆိုတာ အထူအဆန်းမဟုတ်ပါ။ ဆေးရှိလျှင် ဆေးကိုသောက် ဆေးမရှိလျှင် မက္ကလောင်ခြစ် (ဒေသကုထုံးတမျိုး)့ ဆေးမရှိလို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်း မှတ်တမ်းတင်လို့ပင် မနိုင်။ ဒီလို့နဲ့ပဲ ဖျားလိုက်၊ နားလိုက်၊ သွားလိုက်နဲ့ အာဏာရှင်ကို တော်လှန်နေကြရသည်။ ကျနော်တို့အဖွဲ့ နှစ်ရက်ကျော်ကျော် လျှောက်ပြီးသောအခါ တောင်ယာတခုသို့ ရောက်ခဲ့ကြသည်။

တောင်ယာပန်းနဲ့ထမင်းဝိုင်း
ထိုတောင်ယာသည် ရင်း(၅)ဂွင်နဲ့ ရင်း(၁၁) ဂွင်ကြားတွင်ရှိသည်။ မိုးညှင်းမြို့နယ်ကို ရင်း(၅)ဂွင် ဟု သတ်မှတ်ထားပြီး မိုးကောင်းမြို့နယ်ကို ရင်း(၁၁)ဂွင်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ကျနော်တို့ရည်မှန်းချက်ကို ရောက်ရန် သိပ်မဝေးတော့ပါ။ ထိုတောင်ယာတွင် မုဆိုးတယောက် ပြောင်သားခြောက်လာရောင်း သောကြောင့် (၁)နာရီခန့် နားပြီး ထမင်းချက်စားကြသည်။ ကချင်တောပုန်း ရွာများ၊ တောင်ယာများသည် ဟင်းသီးဟင်းရွက်များကို စုံလင်အောင် စိုက်ထားတတ်ကြသည်။ ထို့ကြောင့်ဟင်းကောင်းကောင်း စားရသောနေရာများ ဖြစ်သဖြင့် ရဲဘော်များမှာ တောင်ယာများတွင် နားချင်ကြသည်။ ထိုနေ့ နေ့လည်စာကိုတော့ ပြောင်းသားခြောက်မီးဖုတ်၊ ဟင်းချိုတမျိုးနဲ့ ခရမ်းသီးထောင်းထဲတွင် တောင်ယာပန်း ( ကချင်ပြည်နယ် တောင်ယာများတွင် စိုက်သည့် ဟင်းခတ်အမွေးအကြိုင် ) ထည့်ထောင်းထားသဖြင့် မြိန်ရည်ယှက်ရည် စားသောက်လိုက်ကြသည်။ စားသောက်ပြီးသောအခါ ရဲဘော်တယောက်သည် ဟန်ကောများကို ရေပန်းကျနေသော နေရာသို့ဆေး ကြောရန် ယူသွားရင်း သီးချင်းတပိုင်းတစ ဆိုသွားသည်ကို ကျနော်ကြားလိုက်ရသည်။ “ငါသည်တော်လှန်ရေး xxx လုပ်ရမယ်လေ xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရှိရမယ် xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရသင့်ပါတယ်” …. ကျနော်တို့ ရဲဘော်များသည် အသားထုတ်ပေးသောနေ့ ဟင်းကောင်းသောနေ့များတွင် တက်ကြွ၍ အထက်ပါ သီချင်းမျိုးကို ဆိုတတ်ကြပြီး ပင်ပမ်းပြီး ဟင်းမကောင်းရင်တော့ စိုင်းထီးဆိုင်ရဲ့….စိတ်ဓါတ်ကျတယ် ဆိုတဲ့ သီချင်းကို… ဆိုတတ်ကြတယ်လေ။

ထိုတောင်ယာမှ တညအိပ်နှစ်ရက် ဆက်လျှောက်ပြီးသောအခါ ကေအိုင်အေ နည်းဗျုဟာ (၄) တပ်စခန်းကို ရောက်ခဲ့ကြသည်။ ထိုစခန်းသည် ဆားမှော်ရဲ့ အရှေ့မြောက်၊ ထိုပူးအရပ်ရဲ့ အရှေ့တည့်တည့်၊ မိုးကောင်းအရှေ့မြောက်အရပ်တွင် တည်ရှိပြီး စခန်း၏သုံးဖက်တွင် ဆက်စပ်နေသော တောင်ကုန်းများဖြင့် ကာရန်ထားသည် ကျန်တဖက်သည် မြေပြန့်ဖြစ်ပြီး ရွာဟောင်းဖြစ်သည်။ ကျနော်တို့ရောက်ပြီး နောက်နှစ်ရက်အတွင်းမှာ မိုးညှင်းဖက်မှ ခရိုင်မှူး ကိုစိန်အေးအဖွဲ့၊ ဆားမှော်ဖက်မှ ဆလန်ကဘာ ဦးထွန်းဖေ အဖွဲ့နှင့် NLD(L.A)အဖွဲ့၊ KIAမှလည်း အမှတ်(၅)(၁၁)(၁၅) တပ်ရင်းများနှင့် တပ်းရင်းအမှတ်(၂၅၁) (၂၅၄)အစရှိတဲ့ ဒေသအသီးသီးမှ တပ်များ နိုင်ငံရေး/စည်းရုံးရေးမှူးများ ရောက်လာကြသည်။ ကျနော်နဲ့အတူ ရဲဘော်သစ်များ တပ်စိတ်တစိတ်သည် ချောင်းကလေး၏ တဖက်ကမ်း ရွာဟောင်းလမ်းတွင် ရှေ့ကင်းအဖြစ် တာဝန်ယူနေရပေသည်။

အစည်းဝေးစပြီ
နည်းဗျူဟာ(၄) ကွတ်ကဲမှုဒေသ အသီးသီးမှ တပ်များစုံပြီး ဖြစ်သဖြင့် ၁၉၉၂ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ရန်သူကို မည်သို့နိုင်ငံရေး/စစ်ရေးများ ထိုးစစ်ကို ဘယ်လို မြှင့်တင်ဆောင်ရွက်မလဲ ဆိုတာကို စတင်ဆွေးနွေးကြသည်။ ကရင်ပြည်နယ် ကေအန်ယူ ထိမ်းချုပ်ရာ မာနယ်ပလောတွင် နိုင်ငံရေးအရ အားကောင်းသော တပ်ပေါင်းစုကြီးကိုဖွဲ့ပြီး ဒီအေဘီ စစ်ကြောင်းများဖြင့် စတင်ထိုးစစ် ဆင်နေသော အချိန်လည်းဖြစ်သည်။ မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင် ကိုသံချောင်း၊ ကိုလဆိုင်းတို့ အဖွဲ့သည် မြစ်ကြီးနားမြို့ လေဆိပ်အနီး တဖက်ကမ်းရှိ စန်းကားဖက်သို့ ထိုးစစ်ဆင်ရာ အပြန်တွင် ရန်သူ့လက်နက် (၅)လက်ရခဲ့သည်ဟု စက်သတင်းဝင်လာသည်။ ထိုသတင်းကို ကြားတော့မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းရေးမှူးကိုမျိုးဝင်းသည် အားကျမခံ “ ငါတို့ဘက်ကလည်း အနည်းဆုံး (၆)လက်ရမှ ပြန်လာမည် ”ဟု ပြန်ပြောသည်။ ထိုစဉ်က တပြည်လုံးတော်လှန်မှ တပြည်လုံး အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း ဖြတ်ကနဲ တွေးမိနေသေးသည်။

ထမင်းရှာရန်သူတွေ့
၁၉၉၂ ဇူလိုင် (၁၂) အစည်းဝေး ဒုတိယနေ့အဖြစ် စတင်ကျင်းပနေသည်။ အစည်းဝေးကို နံနက်(၉)နာရီတွင် စနေကြပြီ ကျနော်တို့ ရှေ့ထွက်အဖွဲ့သည်လည်း နံနက်စာစားပြီး၍ မိမိအိမ်ပြန် ရောက်သည့်အလား စားပြီးဟန်းကောများကိုပင် မသိမ်းသေး အိပ်ယာခြင်ထောင်များလည်း ဖရိုဖရဲနဲ့ စိတ်အေးလက်အေး ဆေးလိပ်လိပ်သောက် စကားဖေါင်ဖွဲ့နေကြသည်။ ထိုအချိန်မှာပဲ ရုတ်တရက် “ ဝုန်း ”ဆိုတဲ့ အသံနက်ကြီးတခု ကြားလိုက်သည်။ ကျနော့ လက်ပါတ်နာရီကို တချက်ဖြတ်ကနဲ ကြည့်မိလိုက်သည်မှာ နာရီလက်တန်သည် မနက်(၁၀)နာရီကို (၁၀)မိနစ်စွန်းစပြု နေပြီဖြစ်သည်။

ရဲဘော်တယောက်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောနေသေးသည် “ ဒါတောကောင် တကောင် ကောင် မိုင်းနင်းမိတာပဲ ဖြစ်ရမယ် ညနေစာကိုတော့ အသားဟင်းစားရအုံးမယ် ထင်တယ် ” ကျနော်ကတော့ ရဲဘော်တွေကိုလှမ်း သတိပေးလိုက်သည်။ “ အိပ်ယာတွေတော့ သိမ်းထားကြဟေ့ ဘာမှန်းမသိဘူး ” ဟုပြောပြောဆိုဆို နောက်(၅)မိနစ်အကြာတွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျနော်လည်း အဲဒီအခါကြမှ စကားပြောစက် ကမှန်းကတမ်း ကောက်ဖွင့်သည်။ ရဲဘော်တွေကို ပစ္စည်းများ အမြန်သိမ်းရန် လှမ်းပြောလိုက်သည်။ သိပ်မကြာပါ လက်နက်ကြီးအသံများ ဆက်တိုက်ကြားနေရသည်။ ဘယ်ကို ကျနေမှန်း ကျနော်တို့မသိ ကျနော်၏ စကားပြောစက်မှ ညွန်ကြားချက်ပေးသံ ထွက်ပေါ်လာသည်။ ကျနော်၏ တပ်စိတ်ကို သူ့နေရာသို့ အမြန်လာရောက် ပူးပေါင်းရန်ပြောနေသည်။ ကျနော်ရဲဘော်များ မကျန်အောင်စောင့်ခေါ် နေရသည်။ ကျနော်၏ စကားပြောစက်ထဲတွင် ကိုမျိုးဝင်းဆဲသံများ ဆက်တိုက်ထွက်လာသည် “ ဟေ့ကောင် မင်းသေနေပြီလား မြန်မြန်လာပါဆို ” ကျနော်နဲနဲ စိတ်တိုသွားသည်။ ကျနော် ရေချောင်းလေး ဖြတ်အကူးတွင် လက်နက်ကြီးအသံနဲ့အတူ လဲကြသွားသည် ရွံနဲ့ချော်၍ လဲကျသွားခြင်း ဖြစ်သည်။ ကျနော်ပြန်ထပြီး ပါတ်ဝန်းကျင်ကို အကဲခတ်လိုက်သည် ကျနော်တို့ တဲဖက်က ဝါးရုံများ ရန်သူရဲ့ လက်နက်ကြီးဒါဏ်ကြောင့် မြေကြီးတွင် ပြားပြားဝပ်ကာ ခံစားနေကြလေပြီ။

ကျနော်၏ တပ်စိတ်သည် ခဏအတွင်းမှာပင် အတွင်းရေးမှူး ကိုမျိုးဝင်း ဆီသို့ရောက်သွားကြသည်။ ထိုအခါတွင် ကိုမျိုးဝင်းသည် စောစောက သူမဆဲထားတဲ့ မျက်နှာမျိုးနဲ့ ကျနော့်ကို အပြုံးနှင့်ကြိုဆို၍ “ မင်းတို့ဖက်က လက်နက်ကြီးကျည်တွေ တအားကျနေတော့ ငါက စိုးရိမ်နေတာ ” ဟု မှတ်ချက်ပြု ပြောသည်။ နောက် ဆားမှော်ဖက် တာဝန်ယူရသည့် စစ်မြေပြင်ထောက်လှမ်းရေး ရဲဘော်ဗညားမှ ကျနော့်အား လှမ်းနုတ်ဆက်၍ ပလပ်စတစ်ခွက်ထဲမှ အရက်တခွက်ကို လှမ်းပေးသည်။ ကျနော်လည်း လှုပ်ရှားနေတဲ့ စိတ်တွေငြိမ်သွားအောင် အဖြေမပေးပဲ တချိုးထဲ မော့ချလိုက်သည်။ ပြီးမှ အခြေအနေ မေးကြည့်သည်။

“ စခန်းလုံခြုံရေးအတွက် ကေအိုင်အေ တပ်စိတ် တစိတ်တင်ထားတဲ့ ကုန်းဖက်ကို ရန်သူဝင်လာလို့ မိုင်းအရင် ထကွဲတယ် ကင်းစောင့်နေတဲ့ ရဲဘော်တယောက်က လွဲလို့ ကျန်တဲ့ရဲဘော်တွေမရှိ ကြဘူးတဲ့ ကင်းစောင့်တဲ့ ရဲဘော်လည်း အောက်ကိုပြေးဆင်းရော ရန်သူက အဲဒီကုန်ကိုယူပြီး အပေါ်စီးက ပစ်နေတာ လက်နက်ကြီးက ဒီကိုကျော်ပြီး မင်းတို့ဖက်သွား ကျနေလို့ အတွင်းရေးမှူးက စိတ်ပူနေတာ ”ဟု ရဲဘော်ဗညားမှရှင်းပြသည်။ အဲဒီအချိန်အထိ ကျနော်တို့ဖက်က သေနတ်သံ တချက်မျှ မထွက်သေးပါ။ ရန်သူစီးထားသော ကုန်းကိုပြန်တက်ထိုးဖို့ ပြင်ဆင်နေကြသည်။ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့လည်း တိုက်ခိုက်ရေး အင်အားကို ထုတ်နုတ် ပြန်လည်စုဖွဲ့သည်။




ရဲဘော်မြအောင်နဲ့ ရဲဘော်တာတီး ဦးဆောင်တဲ့ တပ်စိတ်တစိတ်။ ကျနော်နဲ့ ရဲဘော်ဗညား ဦးဆောင်တဲ့ တပ်စိတ်တစိတ် စုစုပေါင်းတိုက်ခိုက်ရေး တပ်စိတ်(၂)စိတ်သာ ထုတ်နုတ်နိုင်သည်၊ ရဲဘော်နိုင်ဦးကိုတော့ ရဲဘော်သစ်များကို အုပ်ချုပ်ရန် NLD(L.A) အဖွဲ့နဲ့ ထားခဲ့ရသည်။ ကေအိုင်အေ တပ်တွေတော့ ကုန်းကိုဝိုင်း၍ စတင်တက်ထိုးနေပြီ ဖြစ်သည်။ ကေအိုင်အေမှ တဖွဲ့ လန်၍ဆင်းလာသည်ဟု သတင်းကြားသောအခါ ကိုမျိုးဝင်းသည် ဗျူဟာမှူးထံ ကျနော်တို့အဖွဲ့ တက်ထိုးမည်ဟု ခွင့်သွားတောင်းသည်။ အဲဒီအချိန်တုန်းက ဗျူဟာမှူးက ဗိုလ်မှူးလဇိန်ဘောက်နော် (လိုင်ဇာတွင် ဗုံးခွဲလုပ်ကြံခံရ၍ သေဆုံးသွားသူ)၊ ဒုတိယ ဗျူဟာမှူးက ဗိုလ်မှူးလဆမ်အောင်ဝါ(ယခု ကေအိုင်အေ ခွဲထွက်)။ ဗိုလ်မှူးလဇိန်ဘောက်၏ ခွင့်ပြုချက် ရသည်ဆိုရင် အတွင်း ရေမှူးမျိုးဝင်းသည် သူစိတ်ကြိုက်ရဲဘော်များနှင့် စိတ်ကြိုက်လက်နက် တပ်ဆင်ကာ တက်ထိုးရန် ထွက်သွားသည်။ ကျနော်နဲ့ ဗညားဦးဆောင်တဲ့ တပ်စိတ်က ပွိုင့်(5) လုံခြုံရေးအတွက် လက်နက်ကြီး ကုန်းတွင် နေရာယူရသည်။ ညနေပိုင်းရောက်မှ အပြင်းအထန်ပြန်လည်း တိုက်ခိုက်တော့ ရန်သူက ခံစစ်အနေအထားကို ပြန်ရောက်သွားသည်။ တတောလုံး တတောင်လုံး ကာဗိုက်ယမ်းငွေ့များနဲ့ ဖုံးလွှမ်းနေသည် ရန်သူဖက်မှ အော်သံ/ဆဲဆိုသံများ ထွက်ပေါ်နေဆဲ။ ညပိုင်းကို ၀င်ရောက်လာ သောကြောင့် အမှောင်ထုက တဖြေးဖြေး ဖုံးလွှမ်းစပြုလာသည်။


ကျနော်တို့ရဲ့ ပွိုင့်(5)စက်ကြီး ပစ်လျှင် မီးရောင်များ ပါတ်ဝန်းကျင် တ၀ိုက်လင်းလျက် သွားစေသည်။ စက်ကြီးသေနတ်ကို တာဝန်ယူ ပစ်ခတ်ရသော ကချင်ရဲဘော်မှာ လက်နက်ကြီးဆူညံသံကြောင့် နားအုံကွဲကာ နားမကြားရတော့ပါ့….ပြင်းထန်သည့် စက်ကြီးသေနတ်သံများကို ကာကွယ်ရန် နားကျပ်တို့ ဦးထုတ်တို့ စသည့် အကာအကွယ်များ မရှိမှုကြောင့် ထိုရဲဘော်၏ နားစည်သို့ပြင်းထန်တဲ့ စက်ကြီး သေနတ်သံများက ဖျက်စီးပြစ်လိုက်ပြီ ဖြစ်သည်၊ ရန်သူ၏(၆၀)မော်တာ ကျည်ဆံများလည်း တခါတရံ ကျနော်တို့ဖက်သို့ ရစ်ဝဲလာနေခြေပြီ။ ထို့ကြောင့် စက်ကြီးသေနတ်ကို နေရာရွေ့ရန် ညွန်ကြားချက်ဝင်လာသည်။ ပွိုင့်(5)သေနတ် ရွေ့ရန်သာ ညွန်ကြားချက်ပါပြီး ကျနော်တို့ တပ်စိတ်နေရာရွှေ့ရန် ညွန်ကြားချက်ပါမလာ။ ပွိုင့်(5)စက်ကြီးအဖွဲ့ ရွေ့သွားသောကြောင့် ကျနော်တို့ တပ်စိတ် ထိုနေရာတွင် ကျန်နေကြသည်။ တိုက်ပွဲကြားထဲတွင် နေရာယူ၍ စကားပြော ဖြစ်နေကြသည်။ ထိုတပ်စိတ်တွင်ကျနော်ရယ် ရဲဘော်ဗညား၊ ရဲဘော်ဝင်းရွှေ၊ ရဲဘော်ခွက်ကြီး၊ ရဲဘော်မြင့်ဝင်း၊ ရဲဘော်အငယ်လေး စုစုပေါင်း (၆)ယောက်ဖြစ်သည်။ မိုးချုပ်လာ၍ သေနတ်သံများက မစဲသေး ယမ်းငွေ့များကြားတွင် ယမ်းနံ့များကြောင့် ရဲဘော်တိုင်း ထမင်းစားချင်စိတ် သိပ်မရှိကြပါ။ သို့သော်လည်း ဗိုက်ထဲမှ အစာအိမ်ရဲ့ အချက်ပေးမှုကြောင့် ထမင်းစားရန် သိလာရပြန်သည်။

တွေ့ပြီထမင်း
တိုက်ပွဲဖြစ်လျှင် အနီးစပ်ဆုံးရွာများမှ ထမင်းဟင်းချက်၍ ထမင်းထုပ်များ ပို့ပေးကြသည်။ ရွာနဲ့က မနီး ထမင်းလည်း မချက်နိုင်သော တိုက်ပွဲများတွင် ရိက္ခာခြောက်ရှိလျှင်ရှိ မရှိလျှင် ဆန်ကိုဝါးစားပြီး တိုက်ကြရသည်။ ယခုတိုက်ပွဲတွင် ထမင်းထုပ်များ တိုက်ပွဲကြားထဲ လိုက်ဝေနေသည်။ ကျနော်တို့ဖက် မရောက်လာ၍ တောင်ကြောအတိုင်း သွားပြီး ထမင်းထုပ်နေသော နေရာလိုက်ရှာကြသည်။ လက်ပါတ်နာရီကို ကြည့်လိုက်တော့ ည(၈)နာရီ(၄၅)မိနစ် ရှိနေချေပြီ၊ သစ်ပင်ခြေရင်းတွင် ၀ပ်နေသော ကချင်ရဲဘော်များကို ကျနော်တို့ ကချင်လို မေးကြည့်သည် “ အေ့ခေါင် ရှပ်ဂရာကော့ ငါအီး ” (ယောက်ဖ ထမင်းက ဘယ်မှာလဲ )ဟု ရဲဘော်ဗညားမှ မေးလိုက်သည် “ရှောင်းတဲ့” (အရှေ့မှာ)ဟု ကချင်ရဲဘော်မှ ပြန်ဖြေသည်။ ကျနော်တို့ ရှေ့ကိုဆက်သွားပြီး မေးတော့ စောစောက အတိုင်းသာဖြေသည်။ တောင်ကြောအတိုင်း ကေအိုင်အေ ရဲဘော်များ ၀ပ်၍ နေရာယူနေကြသည် ကျနော်တို့(၆)ယောက်ကတော့ လမ်း လျှာက်ပြီး ထမင်းထုပ်သာ လိုက်မေးနေတော့သည်။ ဆက်မေး၍သာ လာခဲ့ရာ အရှေ့နားတွင် ထမင်းထုပ်ခြင်းတောင်ကြီးကို တွေ့သဖြင့် တယောက်ကို နှစ်ထုပ်စီ ယူပြီးသောအခါ အရှေ့ကို ဆက်သွားခိုင်းသောကြောင့် ကျနော်မေးလိုက်သည် “အရှေ့မှာ ဘာရှိလဲ ယောက်ဖ” ကချင်တပ်မှူးတယောက်က “အရှေ့မှာရန်သူပဲရှိတော့တယ်”ကျနော်ကြောင်
သွားသည်။ ငါတို့ကို ဘာလို့သွားခိုင်းတာလဲလို့ မေးတော့ “မင်းတို့ တက်ထိုးမလို့ လာတာ မဟုတ်ဘူးလား ”“ မဟုတ်ဘူး၊ ငါတို့ ထမင်းထုပ်လာယူတာ” မင်းတို့ တက်ထိုးပါဟု ပြောလာသည်။ အဲဒီအခါကြမှ ကျနော် သေသေချာချာ သိလိုက်သည်မှာ ကုန်းပေါ်ကို တက်ထိုးလိုက် ပြန်လန်ကျလာလိုက် ဖြစ်နေသောကြောင့် ကချင်ရဲဘော်များ တက်ထိုးရန် တုန့်ဆိုင်းနေကြသည် ဖြစ်သောကြောင့် ကျနော်တို့ကို တက်ထိုးခိုင်းခြင်း ဖြစ်သည်။

ထိုစဉ် လကလဲ မိုက်မိုက်၊ ဗိုက်ကလဲ ဆာဆာ၊ ဥတ္တရ ယဉ်စွန်းတန်း တနေရာဆီ မတော့ ညဦးယံကို ကာဗိုက်ယမ်း ရနံ့တွေနဲ့ သုတ်လူးထားလို့ နေတယ်။

မောင်မောင်ခင် (ရမ္ဘို)